ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၄) တက်ရောက်ခဲ့ကြ သည့် ကျောင်းသား ကျောင်းသူ ၂၇၂ ဦးတို့ သင်တန်းဆင်းကြတော့ မည်ဖြစ်သည်။ သူတို့သည် နိုင်ငံ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ဒေသအသီးသီးမှ လာရောက်ခဲ့ကြပြီး အမိဖွံ့ဖြိုးရေး တက္ကသိုလ်ကြီးတွင် ပညာရည်နို့ အတူတကွ သောက်စို့ခဲ့ကြသော ပြည်ထောင်စုကြီး၏ သားငယ် သမီးငယ်များ ဖြစ်ကြသည်။ တိုင်းရင်းသားမျိုးနွယ်စု ၄၆ မျိုးမှ တိုင်းရင်းသား တိုင်းရင်းသူ လူငယ်များသည် ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် လာရောက်ဆုံစည်း ခဲ့ကြခြင်းဖြင့် ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် သံယောဇဉ် တရားနှင့် မိသားစုသဖွယ် ရင်းနှီးချစ်ခင်မှုများလည်း ရရှိခဲ့ကြပြီး ဖြစ်သကဲ့သို့ မိမိတို့၏ ဇာတိရပ်ရွာများသို့ ပြန်လည်သွားရောက် ပြီးနောက် တာဝန်များကို အသီးသီးထမ်းဆောင်ကြသည့်အခါ တွင်လည်း ပြည်ထောင်စုစိတ်ဓာတ်ကို ထပ်ဆင့် ဖြန့်ဝေပေးကြ လိမ့်မည်ဟု ယုံကြည်မိသည်။
“ပညာသင်ကြားရေးတွင် စာသင်ကျောင်းသည် စာပေ သင်ကြားပေးသည့်နေရာသက်သက်သာမဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများ ပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားသုံးသပ် နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြား ပေးသည့် နေရာမျိုးဖြစ်ရန်လိုကြောင်း၊ သို့မှသာ မိမိကိုယ်မိမိ အကျိုးပြုနိုင်သည့်၊ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သည့်၊ နိုင်ငံတော်ကို အကျိုးပြုနိုင်သည့်၊ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကောင်း မွန်ကြသည့် လူကောင်းလူတော် နိုင်ငံသားကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅) နှစ် သင်တန်းအမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
သို့ဖြစ်သည့်အတွက် သင်တန်းဆင်းပြီးသည့်နောက်တွင် ပညာရေးဝန်ထမ်း ဆရာ ဆရာမများအဖြစ် တာဝန်ထမ်းဆောင် ကြသည့်အခါ မိမိတို့၏ တပည့်များကို သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကိုသာ သင်ကြားရုံမက အသိအလိမ္မာနှင့် ဗဟု သုတများကိုပါ သင်ကြားပေးကြရမည်ဖြစ်ရာ ဆရာ ဆရာမများ ကိုယ်တိုင် ပြည့်စုံနေစေရန် ဖြည့်ကျင့်နေကြဖို့ လိုအပ်မည်ဖြစ် သည်။ တပည့်များကောင်းရန်၊ တော်ရန်၊ နိုင်ငံသားကောင်းများ ဖြစ်လာစေရန်မှာ ၎င်းတို့ကို လမ်းညွှန်လမ်းပြမည့်၊ ပုံသွင်းမည့် ဆရာ ဆရာမတို့၏ ကျွမ်းကျင်လိမ္မာမှုက အဓိကကျသည်။ ၁၉၆၄ ခုနှစ်တွင် ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ပစ္စုပ္ပန်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဖြစ်လာခဲ့သည်အထိ မဟာဘွဲ့ရ၊ ဘွဲ့ရ၊ ဒီပလိုမာနှင့် ဆရာအတတ် သင်အားလုံး စုစုပေါင်း ၁၃၇၈၆ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့သလို ထူးချွန်ထက်မြက်သည့် ပညာရှင်များ မွေးထုတ်ပေးခဲ့သည့် အလျောက် နိုင်ငံ့တာဝန်များကို အဆင့်မြင့်မြင့်မားမား ထမ်းဆောင် နေကြသူများလည်း ပေါ်ထွန်းခဲ့ပြီဖြစ်သည်။
မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး နိုင်ငံအတွက် အစဉ်ထာဝရ အရေးကြီးသည့်အချက်မှာ စည်းလုံးညီညွတ်မှုပင် ဖြစ်သည်။ မျက်မှောက်ကာလ ရင်ဆိုင်နေရသည့် ပြည်တွင်းပြည်ပ အန္တရာယ်များတွင် ပြည်ထောင်စုစည်းလုံးညီညွတ်မှု ပြိုကွဲပျက်စီး ရေးအတွက် နည်းမျိုးစုံဖြင့် ဖျက်ဆီးနေကြသည်များကို အထူး ဂရုပြု၍ တားဆီးကာကွယ်နိုင်ကြရန် လိုအပ်သည်။ အထူးသဖြင့် တိုင်းရင်းသားများ၏အကျိုးကို လိုလားသယောင်နှင့် တိုင်းရင်း သားလူမျိုးများအချင်းချင်း အမုန်းပွားရေး၊ သံသယများ ကြီးထွား ရေး တစိုက်မတ်မတ်ပြုလုပ်နေမှုများကို လူမှုကွန်ရက်များအပါ အဝင် နည်းပညာများသုံးစွဲ၍ ပြုလုပ်နေကြကြောင်း တွေ့ရှိရသည့် အတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်း ဆရာ ဆရာမများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရာဒေသများတွင် မူလတာဝန်များ အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကိုပါ အမျိုးသားရေးအဖြစ် ကြိုးပမ်းဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်မိပါကြောင်း။ ။