ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ့ခေါင်းဆောင်များမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့


 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံ့အကြီးအကဲများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိသည့် (၇၂) နှစ်ပတ်လည်အချိန်သမယတွင် ကျွန်ုပ်အနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူလူထုအားကိုယ်စားပြု၍ အဆွေတော်နှင့် အဆွေတော်မှတစ်ဆင့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအား လှိုက်လှဲစွာ ထောမနာဂုဏ်ပြုပါကြောင်းနှင့် ဆုတောင်းမေတ္တာပို့သပါကြောင်း ဖော်ပြ အပ်ပါသည်။

တရုတ်နှင့် မြန်မာနိုင်ငံသည် ပေါက်ဖော်ချစ်ကြည်ရေးနက်နဲ၍ တစ်မြစ် တည်းက ရေအတူတကွသောက်သုံးနေကြပြီး အေးအတူပူအမျှဖြစ်သော အသိုက်အဝန်းဖြစ်ပါသည်။ ယခုနှစ်တွင် တရုတ်-မြန်မာသံတမန်ဆက်ဆံရေး ထူထောင်ခြင်းနှစ် (၇၀) ပြည့်မြောက်ပါသည်။ ကျွန်ုပ်အနေဖြင့် တရုတ်နှင့် မြန်မာနှစ်နိုင်ငံဆက်ဆံရေးကိုမြင့်မားစွာ တန်ဖိုးထား၍ နှစ်နိုင်ငံအဆင့်မြင့် ဆက်ဆံရေးထိန်းသိမ်းရန်၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်ရေး တွန်းအားပေးရန်၊ လူမှုနှင့်ယဉ်ကျေးမှုဖလှယ်ရေးတိုးချဲ့စေရန်၊ Multilateral ကဏ္ဍချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန်၊ တရုတ်-မြန်မာဘက်စုံမဟာ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး အနှစ်သာရများကြွယ်ဝစေရန် အဆွေ တော်နှင့်အတူ ကြိုးပမ်းအားထုတ်သွားပါမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စည်ပင်သာယာ၍ မြန်မာပြည်သူ ပြည်သားအားလုံး ဘဝအေးချမ်းသာယာပါစေ၊ တရုတ်နှင့်မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ်ခိုင်မာပါစေ၊ ဖွံ့ဖြိုးတိုးတက်သွားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အမေရိကန်ပြည်ထောင်စု

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အခမ်းအနားအတွက် အမေရိကန်ပြည်သူများမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ပိုမိုငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ ဒီမိုကရေစီနည်းလမ်းကျသော၊ ကြွယ်ဝချမ်းသာသော၊ လူ့အခွင့်အရေးနှင့် ပြည်သူ ပြည်သားအားလုံး၏ စဉ်ဆက်မပြတ်ထိန်းသိမ်းထားသည့် ဂုဏ်သိက္ခာအားတန်ဖိုးထားပြီး စီးပွားရေး ခိုင်မာတောင့်တင်းသောနိုင်ငံဖြစ်ရန် လိုလားသည့် မြန်မာပြည်သူ ပြည်သား များအားလုံးကို အမေရိကန်ပြည်ထောင်စုမှ ဆက်လက်ထောက်ခံမည်ဖြစ် ပါသည်။

ယခုကဲ့သို့ ထူးမြတ်သည့်လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော် နှင့် မြန်မာနိုင်ငံသားများကို ဆုမွန်ကောင်းပို့သအပ်ပါသည်။

အိန္ဒိယသမ္မတနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ် နက်သ်ကိုဗင့်ဒ်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် မိမိအနေဖြင့် ချစ်ခင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သ၍ ဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။

၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် မိမိ၏ခရီးစဉ်မှာ နွေးထွေးအမှတ်ရဖွယ်ဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံသို့ အလည်အပတ်လာရောက်ရန်မျှော်လင့်ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရန် မိမိတို့နှင့်အတူတကွ ဆက်လက်လက်တွဲဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက် ရန်အတွက် ၂၀၁၉ ခုနှစ်၊ မေလက အိန္ဒိယနိုင်ငံသို့လာရောက်ခဲ့သည့် အဆွေတော် သမ္မတ၏ခရီးစဉ်အတွက်လည်း အထူးကျေးဇူးဥပကာရတင်ရှိပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို အထူးအလေးထား ပါသည်။ မိမိတို့နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန်လေးစားမှုနှင့် ယုံကြည် မှုတို့ဖြင့် ထူးခြားစွာပုံဖော်ထားသော မိတ်ဖက်ဆက်ဆံရေးဖြစ်ပါသည်။ မိမိတို့နှစ်နိုင်ငံ၏ ခိုင်မြဲသောဆက်ဆံရေးသည် နောင်လာမည့်နှစ်ကာလ များတွင် ပိုမိုအားကောင်းခိုင်မြဲလာလိမ့်မည်ဖြစ်ကြောင်း မိမိအနေဖြင့် ယုံကြည်ပါသည်။

မိမိအနေဖြင့် အခွင့်ကြုံခိုက် အဆွေတော်ကျန်းမာပျော်ရွှင်ပါစေကြောင်း နှင့် စည်းလုံးညီညွတ်ပြီး ကြွယ်ဝချမ်းသာသော နိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံ ဆက်လက်တိုးတက်စေရေးအတွက် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဂျပန်နိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဂျပန်နိုင်ငံဧကရာဇ် နာရူဟီတိုထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် အဆွေတော်ထံသို့ နွေးထွေးလှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော်ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ကြွယ်ဝချမ်းသာပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် ဂျပန်အစိုးရနှင့် ဂျပန်နိုင်ငံ ပြည်သူပြည်သားများကိုယ်စား မိမိအနေဖြင့် နွေးထွေးလှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြား လိုပါသည်။

မကြာသေးမီနှစ်များက ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ထိတွေ့ကူးလူး ဆက်ဆံမှုများ တိုးမြင့်လာသည်ကို တွေ့မြင်ရသည့်အတွက် မိမိအနေဖြင့် အားရဝမ်းသာမိပါသည်။

ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်မှုများအပေါ် ဂျပန်နိုင်ငံအနေဖြင့် ဆက်လက်ကူညီထောက်ပံ့သွား မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်သွားမည် ဖြစ်ပါသည်။

အဆွေတော်ကျန်းမာပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုများရရှိပါစေကြောင်း ဆုမွန်ကောင်း ပို့သလျက် အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြ အပ်ပါသည်။

စင်ကာပူသမ္မတနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ စင်ကာပူသမ္မတနိုင်ငံ သမ္မတ မဒမ်ဟာလီမာ ယာကော့ဗ်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် စင်ကာပူနိုင်ငံ ပြည်သူများကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာ- စင်ကာပူ နှစ်နိုင်ငံခေါင်းဆောင်များအကြား အဆင့်မြင့်ချစ်ကြည် ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းနှင့် ပြည်သူအချင်းချင်းအကြား ခိုင်မာသည့် ထိတွေ့ဆက်ဆံမှုရှိနေခြင်းတို့ဖြင့် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများကို တည်ထောင်ထားပါသည်။ အလားတူ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာလည်း ထွန်းကားလျက်ရှိပါသည်။ မိမိအနေဖြင့် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွား ကို ရှေးရှု၍ နှစ်နိုင်ငံအကြားနှင့် အာဆီယံဒေသတွင်းကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာစေရေးအတွက် နီးကပ်စွာဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုပါသည်။

အဆွေတော်ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများရရှိပါစေရန်နှင့် မြန်မာ ပြည်သူများ ဆက်လက်၍ သာယာဝပြောမှုများရရှိစေရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဩစတြေးလျဓနသဟာယနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဩစတြေးလျဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် ဒေးဗစ်ဟာလေထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ၌ မိမိအနေဖြင့် မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူ ပြည်သားများထံ ဩစတြေးလျနိုင်ငံအစိုးရ၊ ပြည်သူများနှင့်အတူ ဆုမွန်ကောင်းများပို့သအပ် ပါသည်။

ဩစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် ခိုင်ခိုင်မာမာ ထောက်ခံအားပေးခဲ့ပြီး ဆက်လက်၍လည်း ထောက်ခံအားပေးသွားမည်ဖြစ်ပါ သည်။

လာမည့်နှစ်များတွင်လည်း မိမိတို့နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးသော ချစ်ကြည်ရင်းနှီးမှုများ ဆက်လက်တိုးတက်ခိုင်မာမည်ဟု ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတ ဖရန့်ဝေါတာစတိုင်းမားထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများထံသို့ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း မိမိအနေဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။
နိုင်ငံတစ်နိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်တို့သည် မရှိမဖြစ်လိုအပ်ပါသည်။ ယခုနှစ်အတွင်း ကျင်းပပြုလုပ် မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားများအားလုံးအတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို မကြာမီကာလမှာ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

အဆွေတော်ဦးဆောင်သည့် လုပ်ငန်းဆောင်တာများ အောင်မြင်ပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ချက်သမ္မတနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ချက်သမ္မတနိုင်ငံ သမ္မတ မီလော့စ် ဇီမန်းထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် အဆွေတော်နှင့် မြန်မာပြည်သူ ပြည်သားများထံသို့ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း မိမိအနေဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။
မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှုသည် ကဏ္ဍ ပေါင်းစုံ၌ ဆက်လက်ဖွံ့ဖြိုးတိုးတက်နက်ရှိုင်းလာမည်ဟု မိမိအနေဖြင့် ခိုင်မာစွာယုံကြည်ကြောင်း အခါအခွင့်ကြုံခိုက် ဖော်ပြလိုပါသည်။

အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများ အနာဂတ်တွင် အောင်မြင် မှုများ ဆက်လက်ရရှိပါစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ဗြိတိန်နိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဗြိတိန်နိုင်ငံ ဒုတိယမြောက် အယ်လဇ္ဇဘက်ဘုရင်မကြီးထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖော်ပြလျက် လာမည့်နှစ်တွင် အဆွေတော် နှင့် မြန်မာပြည်သူ ပြည်သားအပေါင်း ပျော်ရွှင်ပါစေကြောင်း မိမိအနေဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံရေးကို မျှဝေခံစားခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား အပြုသဘော ဆောင်သည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ အာရှ- ပစိဖိတ်ဒေသ၏ လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့သည် ပိုမိုခိုင်မာလာပြီး နှစ်နိုင်ငံပြည်သူများအတွက်လည်း အကျိုးစီးပွားဖြစ်ထွန်းလာမည်ဟု မိမိ အနေဖြင့် ယုံကြည်ပါသည်။
အဆွေတော်ကျန်းမာ၍ အောင်မြင်ပါစေကြောင်းနှင့် မြန်မာပြည်သူ ပြည်သားအပေါင်း ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။


ထိုင်းနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ထိုင်းနိုင်ငံဘုရင်မင်းမြတ် မဟာဗာ ဂျီယာလောင်ကွန်းထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အဆွေတော်ကျန်းမာရွှင်လန်း၍ မြန်မာနိုင်ငံ နှင့် ပြည်သူပြည်သားများ သာယာချမ်းမြေ့ပါစေကြောင်းနှင့် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မိမိတို့ပြည်သူများအကြား တည်ရှိသည့် ခိုင်မာမြဲမြံသည့် ချစ်ကြည် ရင်းနှီးမှုနှင့် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ လာမည့် နှစ်များအတွင်း ပိုမိုတိုးတက်ဖြစ်ထွန်းလာမည်ဟု အလေးအနက်ယုံကြည် ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခချန်းထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိသည့် (၇၂) နှစ်ပတ်လည်အချိန်သမယတွင် ကျွန်တော်သည် အဆွေတော်အား လှိုက်လှဲစွာ ထောမနာဂုဏ်ပြုပါကြောင်းနှင့် ဆုတောင်းမေတ္တာပို့သပါကြောင်း ဖော်ပြအပ် ပါသည်။

လွန်ခဲ့သောနှစ်များအတွင်း၌ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးဖြစ်စဉ် တွန်းအားပေးခြင်း၊ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ပြည်သူ့ ဘဝအဆင့်အတန်းမြှင့်တင်ပေးခြင်း စသည့် နယ်ပယ်အသီးသီးတွင် အောင်မြင်မှုအသစ်များ အဆက်မပြတ်ရရှိခဲ့ပါသည်။
တရုတ်နိုင်ငံသည် ယခုနှစ် တရုတ်-မြန်မာသံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် (၇၀) ပြည့်မြောက်သည့် အခွင့်အခါကောင်းယူပြီး နယ်ပယ် အသီးသီးရှိ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာ နက်ရှိုင်းအောင်ဆောင်ရွက်ရန်၊ တရုတ်နှင့် မြန်မာနှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးတက်လာစေရန် မြန်မာနိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်လိုပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စည်ပင်သာယာ၍ မြန်မာပြည်သူ ပြည်သားအားလုံးဘဝ အေးချမ်းသာယာပါစေ၊ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ်ခိုင်မာပါစေ၊ ဖွံ့ဖြိုးတိုးတက်သွားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

စင်ကာပူသမ္မတနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ စင်ကာပူ သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်သအပ် ပါသည်။

မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှာ နှစ်ကာလကြာမြင့်စွာ နွေးထွေးသော ဆက်ဆံရေးကို တည်ထောင်ထားပါသည်။ မိမိတို့နှစ်နိုင်ငံအကြား ဘဏ္ဍာရေး၊ ဥပဒေရေးရာ၊ အခြေခံအဆောက်အဦ၊ ပညာရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများအပါအဝင် ကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြ ပါသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည့် (၇)ကြိမ် မြောက် မြန်မာ-စင်ကာပူဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေး တွင် နှစ်နိုင်ငံအကြားလက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်သည် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး အတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါသည်။ နှစ်နိုင်ငံပြည်သူများနှင့် လုပ်ငန်းရှင်များ၏ ဘုံအကျိုးစီးပွားအတွက် မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာရန် မျှော်လင့်ထားပါသည်။

အဆွေတော် ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများ ဆက်လက်ရရှိပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ချက်သမ္မတနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် အန်းဒရက်ဘာဘိစ်ရှ်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများထံသို့ မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော် ပရာ့ဂ်မြို့သို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့စဉ်က ဆွေးနွေး ခဲ့ကြသည့် မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် ကဏ္ဍပေါင်းစုံတွင် ဆက်လက်ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်မှုများရရှိလိမ့်မည် ဟု မိမိအနေဖြင့် အခိုင်အမာယုံကြည်ပါသည်။

အဆွေတော်ကျန်းမာ၍ လုပ်ငန်းဆောင်တာများ အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ပိုလန်သမ္မတနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပိုလန် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မာတဲအုရှ်မိုရာဗစ်ချ်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ပိုလန်အစိုးရကိုယ်စား အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မိမိ အနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအသွင်ကူးပြောင်းမှုများ အောင်မြင် သကဲ့သို့ မြန်မာပြည်သူပြည်သားများ တည်ငြိမ်အေးချမ်းပါစေကြောင်း မိမိတို့ အနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မိမိတို့နှစ်နိုင်ငံအကြား ကဏ္ဍ ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေး သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါသည်။ မြန်မာနှင့် ပိုလန်နိုင်ငံ တို့အကြား အပြန်အလှန်အကျိုးဖြစ်ထွန်းနိုင်မည်ဟုလည်း မိမိအနေဖြင့် အခိုင်အမာယုံကြည်ပါတယ်။ စီးပွားရေးကဏ္ဍ၏ နယ်ပယ်များဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဲ့သို့သော ကဏ္ဍများမှာ ပိုလန်နိုင်ငံ၏အတွေ့အကြုံ နှင့် နည်းပညာပိုင်းဆိုင်ရာတို့သည် မြန်မာပြည်သူပြည်သားများအတွက် ရေရှည် အကျိုးဖြစ်ထွန်းစေနိုင်ရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။
အဆွေတော်အား မိမိအနေဖြင့် ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း နှင့် အဆွေတော်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဆာဘီးယားသမ္မတနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဆာဘီးယား သမ္မတနိုင်ငံ ဝန်ကြီးချုပ် အာနာဘာနာဘိ(ချ်)ထံမှ (၇၂)နှစ်မြောက် လွတ်လပ် ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်ထံသို့ ဆာဘီးယားအစိုးရကိုယ်စား မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများ ဆက်လက်ဖွံ့ဖြိုးတိုးတက် အောင်မြင်ပါစေကြောင်း နှင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မြန်မာနိုင်ငံနှင့် ဆာဘီးယားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့သည် လာမည့်နှစ်များတွင် ပိုမိုတိုးမြင့် လာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ မိမိတို့နှစ်နိုင်ငံအကြား နိုင်ငံရေး ဆွေးနွေးပွဲနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးတို့သည် နှစ်နိုင်ငံဆက်ဆံရေး၏ အရည်အသွေးမြင့်လာစေမည်ဟု မိမိအနေဖြင့် အခိုင်အမာယုံကြည်ပါသည်။

ဆာဘီးယားသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးတို့အတွက် မြန်မာနိုင်ငံ၏ ခိုင်ခိုင်မာမာထောက်ခံအားပေးမှု များကို ဆာဘီးယားနိုင်ငံအနေဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို အနာဂတ်တွင်လည်း ဆက်လက်ထိန်းသိမ်းပေးသွားမည်ဟုမျှော်လင့်ပါသည်။

မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး နှင့် မြန်မာပြည်သူပြည်သားများ ကြွယ်ဝချမ်းသာစေရေးတို့အတွက် မကြာမီ ဖော်ဆောင်နိုင်မည့်အခြေအနေဖြစ်လာမည်ဟုလည်း မိမိအနေဖြင့် ယုံကြည် ပါသည်။

အဆွေတော်အား မိမိအနေဖြင့် ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း နှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များအား အဆွေတော်နှင့် အမြင်ချင်းဖလှယ်နိုင်မည့် အခွင့်အလမ်းရရှိနိုင်မည်ဟု မိမိအနေဖြင့် မျှော်လင့် ပါသည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယတွင် ဗီယက်နမ်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား အဆွေတော် နှင့်တကွ မြန်မာပြည်သူပြည်သားများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ခင်မင်ရင်းနှီးစွာ ပြောကြားလိုပါသည်။
လွန်ခဲ့သည့် နှစ်ပေါင်း(၇၀)ကျော်ကာလအတွင်း မြန်မာပြည်သူပြည်သား များရရှိခဲ့သည့် အောင်မြင်ဖြစ်ထွန်းမှုများအတွက် မိမိတို့အနေဖြင့်လည်း ဝမ်းမြောက်ပါသည်။ အဆိုပါရရှိပြီးဖြစ်သည့် အောင်မြင်မှုအသီးအပွင့်များမှ တစ်ဆင့် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများတွင် ပိုမိုအောင်မြင်မှုများ ရရှိစေမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် အရေးပါသည့်ကဏ္ဍမှ ပိုမိုတိုးမြှင့်ပါဝင်နိုင်လိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ပါသည်။
မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံအကြား အစဉ်အလာအရရှိခဲ့သည့် ချစ်ကြည် ရင်းနှီးမှုနှင့်ထူထောင်ထားရှိသည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးမှာလည်း ၂၀၁၉ ခုနှစ်အတွင်း ထူးခြားကောင်းမွန်သည့် ဖွံ့ဖြိုး တိုးတက်မှုများရရှိလာခဲ့သည်ကို တွေ့မြင်နေရပါသည်။ မကြာသေးမီကာလ အတွင်း မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန်သွားရောက်ခဲ့ကြသည့် အဆင့်မြင့် ခရီးစဉ်များမှ ထွက်ပေါ်လာသော အကျိုးရလဒ်များမှတစ်ဆင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွား၊ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အနှစ်သာရပြည့်ဝစွာ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

အဆွေတော် ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများ ဆက်လက်ရရှိပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် အဆွေတော်နှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ များထံ နွေးထွေးလှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မိမိအနေဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် (၄၅) နှစ်ပြည့်မြောက် မည်ဖြစ်ရာ ယခုအချိန်အထိ မိမိတို့နှစ်နိုင်ငံအကြား ပြုစုပျိုးထောင်ရရှိထား သည့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသီးအပွင့်များ ပိုမိုခံစားရရှိ မည်ဟု မျှော်လင့်ပါသည်။ ၂၀၁၉ ခုနှစ် အာဆီယံ-ကိုရီးယားထိပ်သီးအစည်း အဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့တွင် ဆွေးနွေးရရှိခဲ့သည့် သဘောတူညီချက်များအား အပြည့်အဝအကောင်အထည် ဖော် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါသည်။ အဆွေတော်နှင့် အနာဂတ်တွင် လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုပါသည်။

အဆွေတော် ကျန်းမာပါစေကြောင်း၊ အောင်မြင်မှုများ ဆက်လက်ရရှိပါစေ ကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာယာဝပြောမှုများ အဓွန့်ရှည်ပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီမက်ဒ်ဗီဒက်ဗ်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏အစိုးရကိုယ်စား မိမိအနေဖြင့် အဆွေတော်ထံသို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးမူအပေါ်အခြေခံသည့် မြန်မာ-ရုရှားဆက်ဆံရေးသည် စဉ်ဆက်မပြတ် ဆက်လက်တိုးတက်လျက် ရှိပါသည်။ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုများအပြင် ပူးပေါင်း အကောင်အထည်ဖော်ရန် အခွင့်အလမ်းရှိသော အကျိုးတူစီမံကိန်းများ၊ စွမ်းအင်၊ စက်မှု၊ သိပ္ပံ၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားခြင်းဖြင့် မိမိတို့နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ပိုမို အားဖြည့်ဖော်ဆောင်ပေးသွားမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

အဆွေတော် ကျန်းမာပါစေကြောင်း၊ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူ ပြည်သားအပေါင်း ကျန်းမာ၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။