ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး (၈)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့ တက်ရောက်

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး (၈)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့ တက်ရောက်

==============================================================================

 

နေပြည်တော် နိုဝင်ဘာ ၅

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၈)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေး (The 8th Meeting of the Council of ASEAN Chief Justices) သို့ နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ကောင်စီအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ တရားသူ ကြီးချုပ် The Hon. Nguyen Hoa Binh နှင့် ကျန်အာဆီယံနိုင်ငံများမှ တရားသူ ကြီးချုပ်များနှင့်အတူ အဖွင့်အမှာစကားပြောကြားသည်။

 

ပါဝင်ဆွေးနွေး

 

ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် အစည်းအဝေးတွင် CACJ လုပ်ငန်းအဖွဲ့များဖြစ်သည့် အာဆီယံတရားရေးသတင်းအချက်အလက် ပေါ်တယ် (ASEAN Judiciaries Portal - AJP)၊ အာဆီယံဒေသတွင်း တရားမ မှုခင်းဆင့်စာ ဆင့်ဆိုမှုလွယ်ကူစေရေး(Facilitating Service of Civil Processes within ASEAN) ၊ မှုခင်းစီမံခန့်ခွဲမှုနည်းလမ်းများနှင့် တရားရုံးဆိုင်ရာနည်းပညာ အသုံးပြုမှု (Case Management and Court Technology)၊ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်ခြင်းနှင့် သင်ကြားပေးခြင်း(Judicial Education and Training)၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ ကလေးသူငယ်အငြင်းပွားမှု များ ဖြေရှင်းရေး (Cross-Border Disputes involving Children)၊ အာဆီယံနှင့် အခြားနိုင်ငံများတွေ့ဆုံဆွေးနွေးမှုပြုခြင်း (ASEAN + Meetings) စသည့် လုပ်ငန်း အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက တင်သွင်းလာသည့် အစီရင်ခံစာ များနှင့် CACJ နှင့် ဆက်စပ်လျက်ရှိသည့် ကိစ္စရပ်များဖြစ်သည့် နိုင်ငံတကာ ကောင်းမွန်သော တရားရုံးမူဘောင်(International Framework for Court Excellence)၊ တရားစီရင်ရေးကဏ္ဍများအပေါ် Covid-19 ကပ်ရောဂါ၏အကျိုး သက်ရောက်မှုများနှင့် ဖြေရှင်းပုံများ (Covid-19 effects on Judiciaries and Solutions) စသည့် ကိစ္စရပ်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့သည်။

ထို့နောက် အခြားသော အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် အတူ (၈)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေး ကြေညာချက် (Declaration) ထုတ်ပြန်နိုင်ရေး အတည်ပြုခဲ့သည်။

 

အဆိုပါ (၈)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးကို မူလက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟာလောင်းမြို့နှင့် ဟနွိုင်းမြို့တို့တွင် ကျင်းပရန် စီစဉ်ထားရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ အခြေအနေအရ Online ဖြင့် ကျင်းပခြင်းဖြစ်သည်။ (၈)ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့ အာဆီယံတရားသူကြီးချုပ်များကောင်စီ(CACJ) အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များ၊ တရားရေးအကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်ကြသည်။

 

ယင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များ၊ CACJ ၏ လုပ်ငန်းအဖွဲ့များအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များကလည်း လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

 

 

သတင်းစဉ်