
နေပြည်တော် အောက်တိုဘာ ၂၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ ဌာနေကိုယ်စား လှယ် Mr. Stephan Sakaliane နှင့် အဖွဲ့အား Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ICRC မှ မြန်မာနိုင်ငံ တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်လို သည့်လုပ်ငန်းများနှင့် ICRC အဖွဲ့ဝင် များ ကိုဗစ်-၁၉ ဖြစ်ပွားပါက သယ်ယူ ရွှေ့ပြောင်းရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ နှစ်ဖက်ဆွေးနွေးကြ သည်။
ပူးပေါင်းဆောင်ရွက်သွားလို
Mr. Stephan Sakaliane က ရခိုင်ပြည်နယ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအတွက် ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး (Physical Rehabilitation) လုပ်ငန်းများအား စစ်တွေပြည်သူ့ဆေးရုံကြီး၌ ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်း၊ ရှမ်း ပြည်နယ်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ဖြစ်ပွား မှုများကြောင့် ရပ်ဆိုင်းနေရပြီး အတတ်နိုင်ဆုံး ပြန်လည်စတင်လိုပါ ကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ICRC တို့သည် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ အားဖြည့်မြှင့်တင်ရေးအတွက် သဘော တူညီမှုစာချွန်လွှာသုံးခုကို လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်း များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၁ ခုနှစ် ဘဏ္ဍာငွေများကို တိုးမြှင့် သုံးစွဲမည်ဖြစ်ပြီး လူ့စွမ်းအားအရင်း အမြစ်လည်း ပိုမိုသုံးစွဲသွားမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်း ဆောင်ရွက်မှု အချက်အလက်များကို တင်ပြသည်။
အလေးထားဆောင်ရွက်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ်တွင် ဝန်ကြီး ဌာနလုပ်ငန်းများ ဆောင်ရွက်မှုများ၊ ICRC နှင့် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတကာမှ သိရှိနိုင်စေရန်အတွက် ကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ပိုမို ကောင်းမွန်စေရေးအတွက် ဝန်ကြီး ဌာနတွင် ICRC နှင့် ပူးပေါင်းဆောင်ရွက် မှုလုပ်ငန်းများအား စောင့်ကြည့် အကဲဖြတ်မှုနှင့် ပံ့ပိုးမှုဆိုင်ရာ (focal) အဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမည် ဖြစ်ပါ ကြောင်း၊ ICRC အနေဖြင့် ဝန်ကြီးဌာန ၏ အဆိုပါအဖွဲ့နှင့် ပုံမှန်ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ကာ လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဝန်ကြီး ဌာနမှ ပံ့ပိုးရမည့်ကိစ္စရပ်များကို လည်း အဆိုပါအဖွဲ့ထံသို့ ဆက်သွယ် ပြောကြားနိုင်ပါကြောင်း။
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမျိုး၊ ဘာသာ၊ ကျား၊ မ ခွဲခြား ဘက်လိုက်မှုမရှိဘဲ လိုအပ်သူများကို လိုအပ်သည့် အကူအညီပေးရန်မှာ အထူးအရေးကြီးကြောင်း၊ ICRC ၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ ဆောင်ရွက် မှုများနှင့် ပတ်သက်၍ မိမိအနေဖြင့် အသိအမှတ်ပြု ထောက်ခံပါကြောင်း၊ ICRC အဖွဲ့သည် မြန်မာနိုင်ငံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များတွင် များစွာပူးပေါင်းပံ့ပိုး ဆောင်ရွက်နေမှုများသည် ကောင်းမွန် ပါကြောင်း၊ ကျိုင်းတုံနှင့် မြစ်ကြီးနား မြို့များတွင် ကိုယ်ခန္ဓာပြန်လည် သန်စွမ်းရေးစင်တာများဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုများသည် ကောင်းမွန် ပြီး စစ်တွေပြည်သူ့ဆေးရုံကြီး၌ ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး (Physical Rehabilitation) လုပ်ငန်း များအား ပူးပေါင်းဆောင်ရွက်သွားမည် မှာ ကောင်းမွန်သဖြင့် သဘောတူပါ ကြောင်း ပြောကြားသည်။ သတင်းစဉ်