
နေပြည်တော် ဩဂုတ် ၂
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ဗဟိုအေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် လျှောပင်ကျေးရွာရှိ ဦးသိန်းဝင်း၏ ချည်စက်တွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာဖြင့် အထည်များရက်လုပ်နေမှု(ယာပုံ)၊ ဦးဇော်လွင်၏ ဖြိုးဖြိုးအထည်စက်၊ ဦးဆန်းမင်းမြတ်၏ ရက်ကန်း လုပ်ငန်း၊ ဦးအောင်မိုး၏ မြခြူးချည်ချောလုံချည်များ ရက်လုပ်နေသည့်လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေးကြည့်ရှုပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပျော်ဘွယ်မြို့နယ် ကျီနီကျေးရွာရှိ ဦးစိန်လွင်၏ MSME သံရည်ကျိုလုပ်ငန်း၊ ဦးဟန်ရှိန် ၏ သံရည်ကျိုလုပ်ငန်း၊ ဦးပြည်သိမ်း၏ သံရည်ကျို လုပ်ငန်းတို့သို့ ရောက်ရှိပြီး ရက်ကန်းစက်များအတွက် အပိုပစ္စည်းများ၊ စက်အရန်ပစ္စည်းများ ထုတ်လုပ်နေ မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သံရည်ကျိုလုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများရရှိရေးကို ကူညီပေးမည်ဖြစ် ကြောင်း၊ သံရည်ကျိုလုပ်ငန်းများမှထွက်ရှိသည့် ကုန်ချောပစ္စည်းများအတွက် ဈေးကွက်ရရှိရေး MSME Agency မှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော စက်အရန်ပစ္စည်းများ ထုတ်လုပ်ရာတွင် လိုအပ်သည့် နည်းပညာများကိုလည်း ပံ့ပိုးဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME Agency များမှ ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း မှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အောင်ဇမ္ဗူ ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေးကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်) သို့ ရောက်ရှိပြီး MSME များ၏ လိုအပ်ချက်များကို ကူညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် အမြဲမပြတ်ထိတွေ့ဆက်ဆံရန်၊ ခရိုင်အတွင်းရှိ စက်မှု လုပ်ငန်းများ၏ စာရင်းဇယားများကို စနစ်တကျ ကောက်ယူ၍ စောင့်ကြည့်လေ့လာသုံးသပ်ရန်၊ စက်မှု လုပ်ငန်းများမှ ခရိုင်၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ပါဝင်မှုနှုန်းများကိုလည်း လေ့လာတွက်ချက်ထားရန်၊ ခရိုင်အတွင်းရှိ စက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုထက်ပိုမို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
ညနေပိုင်းတွင် ပျော်ဘွယ်မြိုန့ယ် မင်းရွာမှ လက်မှုပညာများဖြင့် မြန်မာ့အမွေအနှစ် ငှက်ကြီး တောင်ဓားရှည်များ၊ လယ်ယာသုံးပစ္စည်းကိရိယာ များ၊ မီးဖိုချောင်သုံးဓားများထုတ်လုပ်၍ ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အဆွေတော်ဓားဆိုင်ကို အားပေးကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၈)အထည်စက်ရုံခွဲ (ရမည်းသင်း)သို့ ရောက်ရှိ ပြီး လုံချည်နှင့်ပိတ်များ ရက်လုပ်နေမှု၊ ဝန်ကြီးဌာန များမှ လုပ်ငန်းအပ်နှံထားသည့် အမျိုးသမီးဝတ် လုံချည်များ ရက်လုပ်နေမှု၊ စွမ်းအင်ဝန်ကြီးဌာနနှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)တို့မှ လုပ်ငန်း အပ်နှံထားသည့် ကာကွယ်ရေးဝတ်စုံများ ချုပ်လုပ် နေမှု၊ အဖြူချွတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံ က စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံ တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနများမှ အမှာစာဖြင့် လုပ်ငန်းအပ်နှံထား သည့် ကုန်ပစ္စည်းများအား အချိန်မီထုတ်လုပ်ပေးနိုင် ရေး စီမံဆောင်ရွက်ထားရန်၊ အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချုပ်ရိုးချုပ်သား ခိုင်ခံ့မှုရှိအောင် နှင့် လက်ရာသေသပ်ကောင်းမွန်အောင် ကြပ်မတ် ဆောင်ရွက်ရန်၊ ပြည်ပသွင်းကုန် အစားထိုးထုတ်လုပ် မှုလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်း တာဝန်များကို အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်