ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Industry 4.0 in Myanmar အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

Industry 4.0 in Myanmar အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်

 

==========================================================

နေပြည်တော် ဩဂုတ် ၃၁

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမန်စက်မှုနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ (AHK Myanmar) က Industry 4.0 in Myanmar ခေါင်းစဉ် ဖြင့် ကျင်းပသည့် အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

 

အစားထိုးနေရာယူလာ

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက စက်မှု နည်းပညာသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာတွင် Internet of Things (IOT)၊ Big Data၊ Artificial Intelligence (AI) နှင့် Robotics ကဲ့သို့သော နည်းပညာများသည် စက်ရုံ အလုပ်ရုံများကို သက်ရောက်မှုရှိစေရုံမက လူသားများ၏ အလုပ်အကိုင်များကို အစားထိုးနေရာယူလာနေသည်ကို တွေ့ရှိရပါကြောင်း၊ Roland Berger နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်စက်မှုနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ (AHK Myanmar) တို့ ပူးပေါင်းပြုစုသည့် “ Industry 4.0 in Myanmar: Leapfrogging across sectors and how to overcome the barriers” သုတေသနစာတမ်းအတွက် လည်း ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိုဘိုင်းဆက်သွယ်ရေး၊ ငွေကြေးဆက်သွယ်ရေး၊ အီလက် ထရွန်နစ် စီးပွားရေးနှင့် စမတ်စီးတီးနယ်ပယ်များတွင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုလုပ်ကိုင်လျက် တိုးတက် မှုများကို မြင်တွေ့နေရပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလတွင် သင်ယူမှုအခွင့်အလမ်း မဆုံးရှုံး ရေးအတွက် အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့ သည် အရေးပါသည်မှန်သော်လည်း ၂၁ ရာစု အရည်အသွေး များအတွက် အရည်အသွေးပြည့်ဝသော ဆရာများနှင့် စာသင်ခန်းတွင်း သင်ယူရေး၊ ကျောင်းသားများ၏ Soft Skills များကို မြှင့်တင်ပေးရေးတို့မှာလည်း အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်နေဆဲဖြစ်ပါကြောင်း၊ Industry 4.0 ခေတ်ကာလတွင် အလုပ်အကိုင်ကောင်းများရရှိရေး အတွက် ယှဉ်ပြိုင်ရာတွင် လိုအပ်သော တတ်ကျွမ်းမှုများရရှိ စေရန် အကျိုးရှိသည့်ဘာသာရပ်များကို ဘဝတစ်သက်တာ သင်ယူမှု အခွင့်အလမ်းများရရှိစေရန်အတွက် High-tech Learning သာမက High-touch Learning သည်လည်း အရေးပါမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာဆရာများအတွက် Grade 4, 7, 10 သင်ရိုးသစ် ဆိုင်ရာ အွန်လိုင်းသင်တန်းကို မြန်မာဒစ်ဂျစ်တယ်ပညာရေး ပလက်ဖောင်း (MDEP) ကို အသုံးပြုပို့ချခဲ့ပါကြောင်း။

 

 

ဆက်လက်၍ အွန်လိုင်းသင်ယူမှုများကို အဆင့်လိုက် ဆောင်ရွက်သွားရန် စီစဉ်ပံ့ပိုးလျက်ရှိပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍကိုလည်း ဒေသ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် ပထမတန်းစားပညာရေး ဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲ သို့ တင်သွင်းလာသော သုတေသနစာတမ်းမှ တွေ့ရှိချက်၊ အကြံပြုချက်များကို အလေးထားပါကြောင်းနှင့် မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) နှင့် လိုက်လျော ညီထွေရှိသည့် National Industry 4.0 နည်းဗျူဟာများကို အကောင်အထည်ဖော်ရန် ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာ အေဂျင်စီများနှင့် သက်ဆိုင်သူများအားလုံးကို ပူးပေါင်းပါဝင် ရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဂျာမန်သံအမတ်ကြီး Thomas Neisinger က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ Panel Discussion ကျင်းပဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်