
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်-၁၉ လူနာများအတွက်
ကုသရေးလုပ်ငန်းများ လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသူများနှင့် တွေ့ဆုံဆွေးနွေး
===============================================================================================================
နေပြည်တော် အောက်တိုဘာ ၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနှင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးတို့မှ ကိုဗစ်-၁၉ လူနာများအတွက် ကုသရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် ကထိက(ဆေးပညာ) အထူးကုဆရာဝန် များ၊ အထူးကုလက်ထောက်ဆရာဝန်၊ လက်ထောက် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ အထက်တန်း သူနာပြုများ၊ သူနာပြုများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
အသင်းအဖွဲ့စိတ်ဓာတ်ကောင်း
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေး ရခြင်းမှာ လက်တွေ့မြေပြင်တွင် ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာဝန်များ၊ သူနာပြု ဆရာမကြီးများနှင့် သူနာပြုများထံမှ လိုအပ်ချက်များ၊ ဗဟိုမှပံ့ပိုးဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် အကြံပြု ချက်များကို တိုက်ရိုက်သိရှိလို၍ ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုသည် ဝန်ကြီးဌာန၏ သမိုင်း တစ်လျှောက်လုံးတွင် အကြီးမားဆုံး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ရုတ်တရက် များပြား လာသော လူနာများကို ကိုင်တွယ်ကုသမှုပေးရာတွင် လိုအပ် ချက်များရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့လိုအပ်ချက်များ၊ အားနည်းချက်များကို အသင်းအဖွဲ့ စိတ်ဓာတ်ကောင်းများ ဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘက်စုံလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးနိုင် ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို စက်တင်ဘာ ၁၁ ရက်တွင် ဖွဲ့စည်းကာ ဆေးရုံ များ၏ လိုအပ်ချက်များကိုလည်းကောင်း၊ အသွားအလာ ကန့်သတ်နေရာများ စီမံခန့်ခွဲမှု ပိုမိုပီပြင်အဆင်ပြေစေရန် လည်းကောင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကဲ့သို့ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာ တွင် အဘက်ဘက်မှ အမြင်များ၊ အထူးသဖြင့် လက်တွေ့ မြေပြင်တွင် ဆေးရုံများ၌ ကုသမှုဝန်ဆောင်မှုကို ပေးနေသူ များထံမှ အကြံပြုချက်များသည် အထူးအရေးကြီးပြီး ဝန်ကြီးဌာနအနေဖြင့် ၎င်းအချက်များကို စဉ်းစားသုံးသပ် ကာ ဆုံးဖြတ်ချက်ချမှသာလျှင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်နိုင်မည်ဖြစ်ပါကြောင်း။
ယနေ့တွေ့ဆုံရာတွင် ဆရာဝန်များ၊ သူနာပြုများထံမှ အကြံပြုချက်များကို အသေအချာ မှတ်သားထားရှိကာ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ ဆရာဝန်ကြီးများနှင့် တိုင်ပင်ကာ အမြန်ဆုံး ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆေးရုံအုပ်ကြီးများအနေဖြင့်လည်း ဆရာဝန်များ၊ သူနာပြု များ၊ ကုသရေးဆိုင်ရာပညာရှင်များ၊ ဝန်ထမ်းများအားလုံး ၏ အသံများကို အမြဲနားထောင်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာ အထူးအရေးကြီးပါ ကြောင်း၊ မိမိတို့ အတိုင်းအတာဖြင့် မဆောင်ရွက်နိုင်လျှင် ဗဟိုသို့ ချက်ချင်းအကြောင်းကြားပါက ဗဟိုမှ အချိန်နှင့် တစ်ပြေးညီ ပြန်လည်တုံ့ပြန်ကူညီပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ဘဏ္ဍာငွေများကို ဝန်ကြီးဌာနမှ တောင်းခံသည့်အတိုင်း လုံလောက်စွာ ခွင့်ပြုပေးလျက်ရှိ ကြောင်းကိုလည်း ဆေးရုံအုပ်ကြီးများကို ပြောကြားထား ပြီးဖြစ်သည့်အတွက် ဆေးရုံအုပ်ကြီးများက လိုအပ်ချက် များကို ဗဟိုသို့ အချိန်မရွေး လျင်မြန်စွာ အသိပေးစေလို ပါကြောင်း၊ ယခုကဲ့သို့ လက်တွေ့မြေပြင်တွင် လုပ်ငန်း ဆောင်ရွက်နေသူများထံမှ လိုအပ်ချက်များ၊ အကြံပြုချက် များကို မိမိအပါအဝင် ဝန်ကြီးဌာန အကြီးအကဲ ငါးဦးထံ သို့ တစ်ပြိုင်နက်တည်း အချိန်မရွေး ပေးပို့နိုင်ရန်အတွက် အစီအစဉ်တစ်ရပ် အမြန်ဆုံးပြုလုပ်သွားမည်ဖြစ်ပြီး တင်ပြ ချက်နှင့် အကြံပြုချက်များကို အမြန်ဆုံး တုံ့ပြန်ခြင်းနှင့် ပံ့ပိုးခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် ဆေးရုံများ၌ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အတွက် ဗဟိုမှ တာဝန်ရှိသူများအနေဖြင့် အထူးကိစ္စရပ် အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် ဆေးနှင့်ဆေးပစ္စည်းစီမံခန့်ခွဲမှု သတင်းအချက်အလက် စာမျက်နှာ (dashboard) ကို ပြုလုပ်ထားရှိပြီး အဆိုပါ dashboard မှ ဆေးရုံအသီးသီးရှိ ဆေးစာရင်း လက်ကျန် များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုကာ ကြိုတင်တွက်ဆ ဝယ်ယူထားပြီး ဆေးရုံများသို့ ပေးပို့လျက်ရှိပါကြောင်း၊ ဆေးရုံအုပ်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေ ဖြင့် မိမိတို့၏ ဆေးစတိုအတွင်းမှ ဆေးနှင့်ဆေးပစ္စည်းများ ကို သက်ဆိုင်ရာ လူနာဆောင်များသို့ လုံလောက်စွာ ပေးပို့ရ မည်ဖြစ်ပြီး ဆေးစာရင်းလက်ကျန်များကို dashboard တွင် အချိန်နှင့်တစ်ပြေးညီ ဖြည့်သွင်းမှသာလျှင် ဗဟိုမှ သိရှိ၍ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆေးရုံအလိုက် ဆေးရုံတွင်းနှင့် လူနာဆောင်များအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာလူနာဆောင်မှ ကိုယ်စားလှယ်တစ်ဦးက လူနာ ဆောင်တွင် တွေ့ကြုံရသော အခက်အခဲနှင့် လိုအပ်ချက်ကို အဆိုပါအဖွဲ့ထံ တိုက်ရိုက်ပြောကြားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ အဖွဲ့အနေဖြင့် လိုအပ်ချက်များကို ချက်ချင်းဆုံးဖြတ် ဖြည့်ဆည်းပေးသွားရန်ဖြစ်ပြီး ဆေးရုံအနေဖြင့် လုပ်ဆောင် နိုင်စွမ်းမရှိသည်များကို အထက်အဆင့်သို့ အချိန်နှင့်တစ်ပြေး ညီ တင်ပြတောင်းခံရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အားကိုးအားထားပြုကုသခံယူ
ထို့နောက် ကိုဗစ်-၁၉ လူနာများအတွက် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အထူးကု ဆရာဝန်၊ ဆရာဝန်နှင့် သူနာပြုများက ပြောကြားရာတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ကထိက (ဆေးပညာ)/ အထူးကု ဆရာဝန် ဒေါက်တာစန္ဒာပြုံး၊ လက်ထောက်ဆရာဝန် ဒေါက်တာမြတ်မင်းမောင်၊ အထက်တန်းသူနာပြု ဒေါ်သီသီ လွင်နှင့် သူနာပြု ဒေါ်လဲ့လဲ့ကေခိုင်တို့က ဆေးရုံကြီးသည် နိုင်ငံတစ်ဝန်းလုံးမှ အားကိုးအားထားပြု လာရောက်ကုသမှု ခံယူနေသော ဆေးရုံဖြစ်သဖြင့် ပုံမှန်အချိန်တွင်ပင် လူနာ များပြားမှု၊ ပြင်ပလူနာဌာန၊ High Dependency Unit နှင့် Intensive Care Unit (အထူးကြပ်မတ်ကုသဆောင်) တို့တွင် လူနာဝင်ဆံ့မှုအခြေအနေ၊ လက်ရှိတွင် ကိုဗစ်-၁၉ သံသယလက္ခဏာရှိသည့်လူနာများ များပြားစွာ လာရောက် ပြသလျက်ရှိသဖြင့် ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်း များ လုပ်ငန်းဝန်များ ပိနေမှု၊ လူနာမှတ်တမ်းများ စာရွက် စာတမ်းများ ဖြည့်စွက်ရန်အတွက် အချိန်များပေးနေရမှု၊ ဆရာဝန်၊ သူနာပြုအင်အား လိုအပ်မှု၊ ဆရာဝန်၊ သူနာပြု များ တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (PPE) များ အချိန်ကြာမြင့်စွာ ဝတ်ဆင်ပြီး လုပ်ကိုင်နေရသည့် အတွက် ပင်ပန်းနွမ်းနယ်နေမှုနှင့် ရေချိုးခန်းများ ထပ်မံ လိုအပ်မှု၊ အောက်ဆီဂျင် ပိုက်လိုင်းများ လိုအပ်မှု၊ ကိုဗစ်-၁၉ လူနာများအား ရောဂါလက္ခဏာရှိသူနှင့် မရှိသူများအား သီးခြားလူနာဆောင်ခွဲထားရန် လူနာများအား လွှဲပြောင်း ကုသမှုပေးရန် သယ်ယူပို့ဆောင်ရေးအတွက် ချိတ်ဆက် ဆောင်ရွက်ရန်အတွက် သီးခြားအဖွဲ့များ ဖွဲ့စည်းတာဝန်ယူ ဆောင်ရွက်စေရန်တို့ကို လည်းကောင်း။
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ကထိက (ဆေးပညာ)/ အထူးကုဆရာဝန် ဒေါက်တာသန်းသီရိထွေး၊ လက်ထောက်ဆရာဝန် ဒေါက်တာနေခြည်ဝင်း၊ သူနာပြု ဆရာမကြီး ဒေါ်လွင်လွင်ငြိမ်းနှင့် သူနာပြု ဒေါ်စုလှိုင်တင် တို့က ကိုဗစ်-၁၉ သံသယလူနာများတွင် ရောဂါလက္ခဏာ ပြင်းထန်သူများ ယခင်ကထက် သိသာစွာ ပိုမိုများပြားလာမှု၊ လူနာပြသရန် စောင့်ဆိုင်းနေရာများ တိုးချဲ့ရန် ထပ်မံ လိုအပ်မှု၊ ဆရာဝန်၊ သူနာပြုအင်အားနှင့် အသက်ရှူစက် ထပ်မံလိုအပ်မှု၊ ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ် ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန် အတွက် အဆောင်၊ နေရာထပ်မံလိုအပ်မှု၊ ဆရာဝန်နှင့် သူနာပြုများကို ကူညီရန် အထွေထွေလုပ်သားများ လိုအပ်မှု၊ ပြင်းထန်လူနာများ အထူးသဖြင့် လူနာစောင့်မရှိသူများ အတွက် အစားအသောက်၊ သန့်ရှင်းရေးဆိုင်ရာများ ပြုစု ပေးနိုင်ရေးအတွက် လိုအပ်မှု၊ လူနာများအား အထူးကြပ်မတ် ကုသဆောင်များသို့ ပို့ဆောင်ရာတွင် အဆောင်များမှ လက်ခံ နိုင်သည့် အနေအထားကို ညှိနှိုင်းပေးရန် လူနာဆောင် နေရာချထားရေးတာဝန်ခံထားရှိရန်၊ ပြင်းထန်လူနာများ အား လူနာစောင့်များက အစားအသောက်နှင့် သန့်ရှင်းရေး ဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ရန်အတွက် ရောဂါကာကွယ် ရေးအသုံးအဆောင်များ ဝတ်ဆင်ဆောင်ရွက်စေရန်၊ လူနာတင်ယာဉ်များကို မောင်းနှင်ရာတွင် ဝန်ကြီးဌာနမှ ယာဉ်မောင်း ဝန်ထမ်းများကို အသုံးပြုရန်၊ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ လူနာများကို စနစ်တကျ လက်ခံကုသမှုပေးရန် အတွက် သီးခြားလူနာဆောင်များ၊ အထူးကြပ်မတ်ကုသ ဆောင်များ ထားရှိမည့်အနေအထား အကြံပြုမှုတို့ကို လည်းကောင်း။
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ ကထိက (ဆေး ပညာ)/ အထူးကုဆရာဝန် ဒေါက်တာသင်ဇာချိုဦး၊ လက်ထောက်ဆရာဝန် ဒေါက်တာဇင်ထက်နိုင်၊ သူနာပြု ဆရာမကြီး ဒေါ်ခင်စန်းဝင်းနှင့် သူနာပြု ဒေါ်လင်းလင်းဖြူ တို့က ကိုဗစ်-၁၉ သံသယလူနာများအား လူနာရှင်များက ဆေးရုံသို့ လာရောက်ပို့ဆောင်ပြီးနောက် ဆက်သွယ်၍ မရတော့သည့် ဖြစ်စဉ်များ၊ အထွေထွေလုပ်သားများ လိုအပ်နေမှု၊ N95 Mask များ ပိုမိုပေးအပ်ရန်လိုအပ်မှုကို လည်းကောင်း။
အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် (ဆေးပညာ) ဒေါက်တာမင်းသန့်ကျော်၊ လက်ထောက် ဆရာဝန် ဒေါက်တာသူရိန်မင်းဇော်၊ အထက်တန်းသူနာပြု နော်ဟေဆာဖောနှင့် သူနာပြု ဒေါ်ချမ်းချမ်းမွန်တို့က အခြား ဆေးရုံကြီးများနည်းတူ လူနာများ များပြားနေမှုနှင့် လိုအပ် ချက်များ၊ ကိုဗစ်-၁၉ လူနာများအား ကုသနေသည့် ကျန်းမာ ရေးဝန်ထမ်းများ နေထိုင်ရန် အဆောင်၊ နေရာ ထပ်မံ လိုအပ်မှု၊ အထွေထွေလုပ်သား အင်အားလိုအပ်မှု၊ အောက် ဆီဂျင်ပိုက်လိုင်းများ တိုးချဲ့တပ်ဆင်ရန်တို့ကို လည်းကောင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရောဂါ ကူးစက်ခံရနိုင်ချေများ ရှိနေသော်လည်း ယခုကဲ့သို့ ပြည်သူ များအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်နေသည့်အတွက် အထူးအသိ အမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ပွင့်လင်းစွာ ပြောကြားမှုများနှင့် အကြံပြုချက်များကို ဝန်ကြီးဌာန အထူးကိစ္စရပ်အနေဖြင့် စဉ်းစားပြီး အမြန်ဆုံးနှင့် အတတ် နိုင်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ e-Health Unit မှ COVID-19 ဆိုင်ရာ အသွားအလာ ကန့်သတ်မှု၊ ဓာတ်ခွဲစစ်ဆေးမှု၊ လူနာကုသမှု စသည်တို့ ပါဝင်ပြီး ကွန်ပျူတာ (သို့မဟုတ်) android စနစ်သုံး မိုဘိုင်း ဖုန်းများအသုံးပြု ဖြည့်စွက်နိုင်သည့် စာရင်းပုံစံကို ပြုစု ထားရှိပြီး အပြီးသတ်ရေးဆွဲရန် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တိုးချဲ့ တပ်ဆင်လျက်ရှိပြီး ကျန်ဆေးရုံကြီး သုံးခုတွင်လည်း တိုးချဲ့ တပ်ဆင်ရန်အတွက် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ဆရာဝန်များနှင့် သူနာပြုများအတွက် ရေချိုးခန်းများကို အသင့်တပ်ဆင်ပြီးရေချိုးခန်းများ ထားရှိပေးသွားမည်ဖြစ် ပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ နေအိမ်သို့ မပြန်လိုပါက နေထိုင် ရန် အဆောင်များနှင့် ဟိုတယ်များ ထားရှိရန်စီစဉ်ပေးမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ အသစ်ခန့်အပ်တာဝန်ပေး အပ်ထားသည့် သူနာပြုသစ်လွင်များအား တာဝန်ကျရာ နေရာဒေသများသို့ မသွားရောက်စေသေးဘဲ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာယီတွဲဖက်တာဝန်ချထားပေးမည် ဖြစ်ပါ ကြောင်း၊ လိုအပ်နေသော အထွေထွေလုပ်သားများအား ဆေးရုံအုပ်ကြီးများက ချက်ချင်းတာဝန်ယူ ခန့်အပ်နိုင်ပါ ကြောင်း၊ လူနာများအား လွှဲပြောင်းကုသမှုပေးရန်အတွက် သယ်ယူ ပို့ဆောင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ရန် အတွက် သီးခြားအဖွဲ့များ ဖွဲ့စည်းရန်၊ လူနာများအား အထူး ကြပ်မတ်ကုသဆောင်များသို့ ပို့ဆောင်ရာတွင် အဆောင် များမှ လက်ခံနိုင်သည့်အနေအထားကို ညှိနှိုင်းပေးရန် လူနာ ဆောင်နေရာချထားရေး တာဝန်ခံထားရှိရန်၊ ပြင်းထန်လူနာ များအား လူနာစောင့်များက အစားအသောက်နှင့် သန့်ရှင်းရေး ဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ရန်အတွက် ရောဂါကာကွယ် ရေးအသုံးအဆောင်များ ဝတ်ဆင်ဆောင်ရွက်စေရန်နှင့် ဆေးရုံကြီးတွင် ကိုဗစ်-၁၉ များကို စနစ်တကျ လက်ခံကုသမှု ပေးရန်အတွက် သီးခြားလူနာဆောင်များ၊ အထူးကြပ်မတ် ကုသဆောင်များအတွက် ထားရှိမည့်အနေအထား အကြံပြုမှု များကို ဆေးရုံအုပ်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် တိုင်ပင်ကာ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။
အဆိုပါ အချက်များအား လက်တွေ့အခြေအနေနှင့် ကိုက်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရေး ညှိနှိုင်းဆောင် ရွက်ရန်နှင့် ထပ်မံလိုအပ်မှုများရှိပါက တောင်းဆိုနိုင်ရန် အတွက် မိမိအနေဖြင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ရန်ကုန် တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)တို့ကို ဆေးရုံကြီး လေးရုံသို့ ယနေ့ သွားရောက်ကာ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများ၊ လူနာဆောင်တာဝန်ခံများ၊ ဆရာဝန် များ၊ သူနာပြုများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်စေ မည်ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့အနေဖြင့် ချက်ချင်းဖြည့်ဆည်း ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေး ရန် ညွှန်ကြားမည်ဖြစ်ပါကြောင်း၊ လူနာတင်ယာဉ်များကို မောင်းနှင်ရာတွင် ဝန်ကြီးဌာနမှ ယာဉ်မောင်းဝန်ထမ်းများ ကို အသုံးပြုနိုင်ရန်အတွက် နေပြည်တော်မှ ယာဉ်မောင်းများ စေလွှတ်ပေးမည်ဖြစ်ပါကြောင်း၊ N95 Mask များလည်း ဆေးရုံကြီးများသို့ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရမှု မရှိစေရေး အတွက် ယခုထပ်မံ၍ ရောက်ရှိလာသည့် N95 Mask ခုရေ ၂၀၀၀၀၀ လည်း ကိုဗစ်-၁၉ လူနာများပြားနေသော ဆေးရုံများသို့ ချက်ချင်းထပ်မံပေးပို့မည်ဖြစ်ပါကြောင်း၊ ဆေးရုံပိုင်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် အသေးစိတ်ထပ်မံဆွေးနွေးရန်အတွက် ယနေ့ ညနေတွင် အမြဲတမ်းအတွင်းဝန်က ဦးဆောင်သော အစည်းအဝေး တစ်ခုပြုလုပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်