ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ ဆေးသုတေသနဦးစီးဌာနက မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာသော သုတေသနဆောင်ရွက်ခဲ့မှုနှင့် ကာကွယ်ဆေးသုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ

 

 

 

နေပြည်တော် ဩဂုတ် ၂၃

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးထံ ဆေးသုတေသနဦးစီးဌာနက ‘‘မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာသောသုတေသန’’ ဆောင်ရွက်ခဲ့မှုနှင့် ကာကွယ်ဆေးသုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှု အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် ဆေးသုတေ သနဦးစီးဌာန(ရန်ကုန်)၌ ကျင်းပသည်။

ရှေးဦးစွာ ဆေးသုတေသနဦးစီး ဌာန၊ ကာကွယ်ဆေးသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမော် ထွန်းက ဆေးသုတေသနဦးစီးဌာန တွင် ၁၉၉၀ ပြည့်နှစ်၌ သွေးရည်ကြည် မှ ထုတ်လုပ်သော အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက် ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့မှု၊ ၂၀၀၁-၂၀၀၂ ခုနှစ် တွင် ကိုရီးယားသမ္မတနိုင်ငံမှ CJ ကုမ္ပဏီ၊ ကာကွယ်ဆေးစက်ရုံနှင့် ပူးပေါင်း၍ Recombinant Hepatitis B Vaccine ထုတ်လုပ်ရန် ဆောင်ရွက် ခဲ့မှု၊ လက်ရှိတွင် ကာကွယ်ဆေးနှင့် နှီးနွှယ်သော သုတေသနများ ဆောင်ရွက်နေမှု အခြေအနေများ၊ ကာကွယ်ဆေး ထုတ်လုပ်မည်ဆိုပါက လိုအပ်မည့်နည်းပညာ၊ အဆောက်အအုံ နှင့် စက်ပစ္စည်းကိရိယာလိုအပ်ချက် များ၊ ကာကွယ်ဆေး ထုတ်လုပ်ငန်းစဉ် တစ်ခုလုံးကို အစအဆုံးပြုလုပ်ရန် လိုအပ်ချက်များ၊ အခြားနိုင်ငံတွင် ထုတ်လုပ်ပြီး ကာကွယ်ဆေးကို ပုလင်းသွပ်ခြင်းနှင့် ထုပ်ပိုးခြင်းများ ပြုလုပ်ရန် လိုအပ်ချက်များ၊ ကုန်ကျ ငွေနှင့် အကျိုးသက်ရောက်မှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးတင်ပြ သည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဆေးသုတေသနဦးစီး ဌာန၊ ဇီဝသတင်းအချက်အလက် နည်းပညာဌာနခွဲမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာ မြတ်ထွဋ်ညွန့်က မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံး ကို လေ့လာသောသုတေသန ဆောင် ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဆေးသုတေသနဦးစီးဌာနမှ သုတေသီ များသည် ယခင်က ငှက်ဖျား၊ ဆေးယဉ် ပါး တီဘီနှင့် ဆေးယဉ်ပါး ဗက်တီး ရီးယားများ၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးခဲ့မှု နည်းပညာနှင့် အတွေ့ အကြုံများကိုအခြေခံကာ မြန်မာနိုင်ငံ တွင် တွေ့ရှိသည့် SARS-CoV-2 ပိုး၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးနိုင်ရန် အတွက် ၂၀၂၀ ပြည့်နှစ် မေလ ကတည်းက ကြိုးစားဆောင်ရွက်ခဲ့မှု၊ နိုင်ငံတကာတွင် လေကြောင်းလိုင်း အကန့်အသတ်များကြောင့် ဓာတ်ခွဲ ပစ္စည်းများရရှိမှုနှောင့်နှေးခဲ့မှု၊ ဓာတ်ခွဲ ပစ္စည်းများရရှိသည်နှင့် ချက်ချင်း ဆောင်ရွက်လေ့လာခဲ့ရာ ယခုလ ဒုတိယပတ်တွင် စစ်ဆေးပြီးစီးခဲ့မှု၊ SARS-CoV-2 ၏ မျိုးဗီဇတစ်ခုလုံးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ကာ နိုင်ငံတကာအသိအမှတ်ပြု (US NCBI/NIH) database တွင် တင်သွင်းပြီး အတည်ပြုစိစစ်မှုခံယူခဲ့မှု၊ ဓာတ်ခွဲ စစ်ဆေးသည့် နမူနာ ၁၀ ခုအနက် ခြောက်ခုတွင် D614G ဗီဇပြောင်းလဲမှု ကို တွေ့ရှိရမှု၊ ထိုသို့ပြောင်းလဲမှုကြောင့် ရောဂါကူးစက်စေနိုင်မှု ဆယ်ဆအထိ ပိုမိုများပြားစေနိုင်မှု၊ ယခုလက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေသည့် အိန္ဒိယနိုင်ငံနှင့် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပေါ်နေသည့် နိုင်ငံ များတွင်လည်း G614 ဗီဇပြောင်းလဲ သည့် ပိုးများတွေ့ရှိနေရမှု၊ ရခိုင် ပြည်နယ် စစ်တွေမြို့မှ ကောက်ယူ ထားသည့် ပိုးတွေ့ဓာတ်ခွဲနမူနာများ ကို အခြားဓာတ်ခွဲနမူနာများနှင့်အတူ Next Generation Sequencing (NGS) ဖြင့် မျိုးဗီဇတစ်ခုလုံးကို ထပ်မံ စစ်ဆေးသွားရန်ဆောင်ရွက်နေမှု၊ ဗီဇ ပြောင်းမျိုးဗီဇကို အမြန်စစ်ဆေးနိုင် မည့် ဗီဇစစ်ဆေးနည်းကို စတင် ဆောင်ရွက်ကာ ‘‘မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကို မော်လီကျူးနည်းပညာ ဖြင့် စောင့်ကြည့်လေ့လာခြင်း’’ကို အကောင်အထည်ဖော် ဆောင်ရွက် သွားလိုမှုတို့ကို ရှင်းလင်းတင်ပြ သည်။

ဦးစားပေး စေလွှတ်သွားမည်

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ နည်းပညာမြင့်မားသည့် မျိုးဗီဇတစ်ခု လုံး စစ်ဆေးခြင်းကို နိုင်ငံတကာ အဆင့်မီ အောင်မြင်စွာလုပ်ဆောင်နိုင် ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကို ဖြစ်ပွားစေ သည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးနိုင် သည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်၊ အခြားနိုင်ငံများတွင် ဖြစ်ပွားသည့်ရောဂါပိုးနှင့် တူညီမှု ရှိ၊ မရှိနှင့် ရောဂါပြင်းထန်စေနိုင်မှု ပမာဏတို့ကို သိရှိနိုင်ကာ ရောဂါ ကာကွယ်၊ ထိန်းချုပ်မှု လုပ်ငန်းများ အတွက် များစွာအထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း၊ ဗီဇပြောင်း မျိုးဗီဇကို အမြန်စစ်ဆေးနိုင်မည့် ဗီဇစစ်ဆေးနည်းကို စတင်ဆောင်ရွက် မည်မှာ ကောင်းမွန်ပါကြောင်း၊ ဆေး သုတေသနဦးစီးဌာနအနေဖြင့် နိုင်ငံ တကာသုတေသန အဖွဲ့အစည်းများ နှင့် ပူးပေါင်းကာ သုတေသနများ ဆက်လက် လုပ်ဆောင်သွားစေလိုပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် နှစ်စဉ် ကာကွယ်ဆေး အမြောက်အမြား ဝယ်ယူအသုံးပြုနေရပါကြောင်း၊ ထိုသို့ ဝယ်ယူရာတွင် ယခုအခါ၌ Gavi, the vaccine alliance အဖွဲ့မှ ပံ့ပိုးမှုများ ရှိနေသော်လည်း အဆိုပါ အထောက် အပံ့များမရှိတော့ပါက ကုန်ကျစရိတ် များစွာ သုံးစွဲရမည်ဖြစ်သဖြင့် ကာကွယ်ဆေးအမျိုးမျိုးကို မိမိတို့ နိုင်ငံတွင် ကိုယ်တိုင်ထုတ်လုပ်ခြင်း (သို့မဟုတ်)အခြားနိုင်ငံတွင် ထုတ်လုပ် ပြီး ကာကွယ်ဆေးကို ပုလင်းသွပ်ခြင်း နှင့် ထုပ်ပိုးခြင်းများ လုပ်ဆောင်နိုင် ပါက ကုန်ကျစရိတ်များစွာ သက်သာ ကာ ဘဏ္ဍာငွေများကို အခြားကဏ္ဍ များတွင် ပိုမိုသုံးစွဲနိုင်မည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာတွင်ပြုလုပ်သော ကာကွယ်ဆေးနှင့် ပတ်သက်သော အတတ်ပညာရပ် ဆွေးနွေးပွဲများ၊ သင်တန်းများသို့ ဆေးသုတေသန ဦးစီးဌာနမှ ပညာရှင်များအား ဦးစား ပေး စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်