ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဇေယျာသီရိမြို့နယ်ရှိ နေပြည်တော်ပုံနှိပ်စက်ရုံနှင့် သတင်းစာတိုက်တို့ကို ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဇေယျာသီရိမြို့နယ်ရှိ နေပြည်တော်ပုံနှိပ်စက်ရုံနှင့် သတင်းစာတိုက်တို့ကို ကြည့်ရှုစစ်ဆေး

=====================================================

 

နေပြည်တော် နိုဝင်ဘာ ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင်  နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဇေယျာသီရိမြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန နေပြည်တော်ပုံနှိပ် စက်ရုံနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း သတင်းစာတိုက်တို့တွင် လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Conference Room သို့ ရောက်ရှိရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအစီအစဉ်များ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ၊ ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အစီအစဉ်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုသဘင် အတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဝန်ကြီးဌာနများ၏ ပြည်သူ့အကျိုးပြု မှတ်တိုင်များ အစီအစဉ်ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အကြံပြုဆွေးနွေးသည်။

ဆွေးနွေးမှာကြား

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လုပ်ငန်းဆောင်ရွက် နေမှုများနှင့်ပတ်သက်၍  လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားရှိ News Studio (1) နှင့် (2)တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  နေပြည်တော်ပုံနှိပ် စက်ရုံသို့ရောက်ရှိရာ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးကိုကိုနိုင်က   လုပ်ငန်းဆောင်ရွက်နေမှုများကို   ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးမှာကြား သည်။

ယင်းနောက်  သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမသို့ ရောက်ရှိရာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များကို  ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ရန်ကုန်တက္ကသိုလ်ရာပြည့် အကြို ခေါင်းကြီး၊ ဆောင်းပါး၊ အင်တာဗျူးများဖော်ပြနေမှုနှင့် ၂၀၁၆-၂၀၂၀ အထိ ပြည်သူ့အကျိုးပြုမှတ်တိုင်များဖော်ပြနေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

အကြံပြုဆွေးနွေး

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး(အပေါ်ပုံ) ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက်  အကြံပြုဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဌာနများသို့ ရောက်ရှိစဉ် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်းဖြစ်၍  မိမိတို့၏ သတင်းထုတ်ပြန်ရေး ကိစ္စများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်   ကိုဗစ် - ၁၉ နှင့် ပတ်သက်သည့် စည်းမျည်းစည်းကမ်းများ၊ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ   အလေးထားလိုက်နာဆောင်ရွက်သွားရေး၊  ရုပ်ရှင်ရာပြည့်နှင့် ပတ်သက်၍ ထုတ်လွှင့်ဖော်ပြခဲ့မှု၊ လတ်တလောတွင် ရန်ကုန်တက္ကသိုလ်ရာပြည့်နှင့် ပတ်သက်၍ ထုတ်လွှင့်ဖော်ပြနေမှုများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ်များ၏ ပြည်သူ့အကျိုးပြုမှတ်တိုင်များဖော်ပြနေမှုများ၊  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ စိန်ရတုအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပိုမိုပြည့်စုံ ကောင်းမွန်အောင် စီစဉ်ဆောင်ရွက်သွားရေး၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက် ရာတွင်  အမှားအယွင်းကင်းစင်ရေး၊  ဒစ်ဂျစ်တယ်မီဒီယာအသွင်ကူးပြောင်းမှု၊ နည်းပညာပြောင်းလဲမှုတို့နှင့်အညီ  လိုက်ပါဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။

 

သတင်းစဉ်