ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီညှိနှိုင်းအစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီညှိနှိုင်းအစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

========================================================================================================================

 

နေပြည်တော် စက်တင်ဘာ ၁၄

 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ (၁/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည်။

 

တက်ရောက်

 

ညှိနှိုင်းအစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဝင် ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ပြည်နယ်များမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့် အတွင်း ရေးမှူးများ၊ ကလေးသူငယ်အရေးကိစ္စ ကျွမ်းကျင်ပညာရှင် များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများ အကောင် အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အမျိုးသားအဆင့် ပထမအကြိမ် အစီရင်ခံစာကို UNCRC Committee သို့ ၁၉၉၅ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် အစီရင်ခံစာ ကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၀၉ ခုနှစ်တွင် လည်းကောင်း တင်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုပဉ္စမနှင့် ဆဋ္ဌမအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ကြောင်း၊ မြန်မာနိုင်ငံ ၏လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာ ဗျူဟာစီမံချက်အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် (Maternal and Child Cash Transfer Program-MCCT)ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လက်ရှိ MCCT အကျိုးခံစားခွင့်ရှိသူ ၄၄၁၈၂၂ ဦးအား ထောက်ပံ့ပေးခဲ့ပါကြောင်း။

 

ထို့အပြင် ကလေးသူငယ်အားလုံး၏ ဖွံ့ဖြိုးတိုးတက်မှု တို့ကို မြှင့်တင်ပေးနိုင်မည့် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေး (Early Childhood Intervention -ECI) ဝန်ဆောင်မှုလုပ်ငန်းစနစ် ပေါ်ထွန်းလာစေရေးအတွက် စီမံခန့်ခွဲမှုကော်မတီ၊ လုပ်ငန်းအဖွဲ့၊ နည်းပညာအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ကနဦးစီမံချက်ဒေသ အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ ခုနစ်ရွာတို့မှ မွေးစမှ ငါးနှစ်အောက်ကလေးငယ်များ အားလုံးကို မိသားစုအခြေပြု ECI ဝန်ဆောင်မှုပေးခြင်းကို ဆက်စပ်ဝန်ကြီးဌာနများ၊ ကျွမ်းကျင်ပညာရှင်များ၊ စနစ် တကျ လေ့ကျင့်ပေးထားသော ရပ်ရွာမှ စေတနာ့ဝန်ထမ်း များဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ဤကဲ့ သို့ တိုင်းတာစစ်ဆေးခြင်းအားဖြင့် ကလေးသူငယ်များတွင် မသန်စွမ်းမှုဖြစ်ပွားခြင်းများကို စောစီးစွာသိရှိပြီး လိုအပ် သောကာကွယ်မှုများဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းဥပဒေ၊ နည်းဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခဲ့ ပြီး မူဝါဒ၊ မဟာဗျူဟာများ ချမှတ်ခဲ့ပါကြောင်း၊ ဌာန အခြေပြုလုပ်ငန်းအနေဖြင့် တစ်နိုင်ငံလုံးတွင် မူလတန်းကြို ကျောင်းပေါင်း ၁၄၂ ကျောင်း ဖွင့်လှစ်ထားရှိပြီး ဆက်လက်၍ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ တစ်နိုင်ငံလုံး တွင် မူလတန်းကြိုပညာရေး လွှမ်းခြုံမှုရှိစေရေးအတွက် ရပ်ရွာအခြေပြုအနေဖြင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများကို နည်းပညာအကူအညီနှင့် ထောက်ပံ့ကြေး ပေးခြင်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရန် သင်တန်းများပေး ခြင်းနှင့် ထောက်ပံ့ကြေးပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း။

 

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း ၁၅၄၃ ကျောင်းအတွက် ငွေကျပ် ၁၆၃၅ ဒသမ ၅၈ သန်းကို လည်းကောင်း၊ မိခင်ဝိုင်းပေါင်း ၁၂၀၀ အတွက် ငွေကျပ် ၁၇၂၄ ဒသမ ၁၆ သန်းကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်များအနေဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း ရပ်များသာမက အကာအကွယ်များ၊ စောင့်ရှောက်မှုများ ရရှိရန် လိုအပ်သည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကော်မတီများသို့ လုပ်ပိုင် ခွင့်များကို ဥပဒေအရ အပ်နှင်းထားပါကြောင်း၊ ထိရောက် စွာ အကောင်အထည်ဖော်နိုင်ရေး အမျိုးသားကော်မတီအနေ ဖြင့် အဆင့်ဆင့် တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ စောင့်ရှောက်ရေး လုပ်ငန်းအနေဖြင့် စွန့်ပစ်ကလေးငယ်များနှင့် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်လျက်ရှိ သည့် ကလေးငယ်များအား ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကလေးပြုစုရေးဌာန ခုနစ်ခုတို့ကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၏ လှူဒါန်းမှုဖြင့် နေပြည်တော်၌ ကလေးဦးရေ ၁၀၀ ဆံ့ ကလေးပြုစုရေးဌာနတစ်ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်း။

 

တိုက်တွန်းပြောကြား

 

ယနေ့အစည်းအဝေးတွင် မိမိတို့ ပြည်ထောင်စုအဆင့် က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဥပဒေများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ကြမည် ဖြစ်သကဲ့သို့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌများအနေဖြင့်လည်း သက်ဆိုင်ရာ ဒေသအလိုက် ကလေးသူငယ်အခွင့်အရေး အကောင်အထည်ဖော် ဆောင် ရွက်မှုများကို ဆွေးနွေးတင်ပြကြမည်ဖြစ်ကြောင်း၊ ကလေး သူငယ်များ၏ အခွင့်အရေးများကို ကလေးများအားလုံး သိရှိရန်၊ ကလေးတိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် အတွက် မိမိတို့အမျိုးသားကော်မတီကလည်း အစွမ်းကုန် ဆောင်ရွက်လျက်ရှိသလို တာဝန်ရှိသူများအားလုံးအနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တက်တက် ကြွကြွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစန်းစန်းအေးက ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ လုပ်ငန်းတာဝန်များ အပေါ် နိုင်ငံတော်က လိုက်နာဆောင်ရွက်ရန်နှင့် အကောင် အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြပြီး ဘာသာရပ် ဆိုင်ရာ ညွှန်ကြားရေးမှူးများက ကလေးသူငယ်အခွင့်အရေး များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အမျိုးသားအဆင့် ပဉ္စမနှင့်ဆဋ္ဌမအကြိမ် ပူးတွဲအစီရင်ခံစာ ရေးသားဆောင်ရွက်မှု အခြေအနေ၊ ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)နှင့် မူဝါဒရေးဆွဲခြင်း တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

အကြံပြုဆွေးနွေး

 

ယင်းနောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ

အမျိုးသားကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များက သက်ဆိုင်ရာဒေသအလိုက် အကောင်အထည်ဖော် ဆောင် ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ကလေးသူငယ် အရေးကျွမ်းကျင်သည့် ပညာရှင်များကအကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်က ပြည်သူများ ရေရှည်တည်တံ့ခိုင်မြဲပြီး လုံခြုံစွာ ဖွံ့ဖြိုးရေး ဦးတည်ဆောင်ရွက်ရာတွင် ကလေးသူငယ်များ အတွက် အကာအကွယ်ပေးမည့် ခိုင်မာသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်ရာ ကလေး သူငယ်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် တာဝန်ယူဆောင်ရွက် နေကြသောသူများက ပူးပေါင်း၍ ထိရောက်စွာအကောင် အထည်ဖော် ဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

 

သတင်းစဉ်