ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် အတည်ပြုခြင်းနှင့် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ဆိုင်ရာ လူငယ်လုပ်အားပေးအစီအစဉ် ရှင်းလင်းဆွေးနွေး

 

နေပြည်တော် ဩဂုတ် ၂၄


မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) အတည်ပြုခြင်းနှင့်စပ်လျဉ်း၍ လူငယ်ရေးရာကော်မတီဝင် လူငယ်များအား အသိပေး ရှင်းလင်းဆွေးနွေးခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင်လူငယ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးများ၊ UNFPA Myanmar နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အစိုးရ က ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကို ဥပဒေဘောင် အတွင်းက ဖော်ဆောင်ပေးခြင်းဖြစ်ပါကြောင်း၊ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ လိုအပ် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်များကို ပြုစုပျိုးထောင်ရန်နှင့် ကာကွယ် စောင့်ရှောက်ရန် ဥပဒေများ ချမှတ်ပေးခဲ့ပြီး ကလေးဘဝ ရှေ့ဆောင် ရက်(၁၀၀၀) စီမံချက် (MCCT)၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (ECCD) စီမံချက်၊ မသန်စွမ်းမှုကို ကာကွယ်နိုင်သည့် (ECI)စီမံချက်တို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အရည် အချင်းပြည့်ဝသည့် အနာဂတ်မျိုးဆက်သစ်များ ထွက်ပေါ် လာရန် ရည်ရွယ်ပါကြောင်း၊ သို့မှာသာ ဉာဏ်ရည်ထက်မြက် သော၊ ကျန်းမာသော မျိုးဆက်သစ်လူငယ်များထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊ လူငယ်ကာလအတွက် ကလေးဘဝ အစ ရက်(၁၀၀၀) က စတင်နေချိန်မှာပင် မျက်မှောက်ခေတ် လူငယ်များအတွက် အခွင့်အရေးများကို အပြည့်အဝရရှိရန် ဖော်ဆောင်ပေးမည့် လူငယ်ရေးရာမူဝါဒ ပေါ်ပေါက်အောင် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့တွင် လူငယ်များ ကိုယ်တိုင်ပါဝင်ရေးဆွဲပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမည့် လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် (၂၀၂၀ - ၂၀၂၄) ကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပေးခဲ့ပြီးဖြစ်သည်ကို ဝမ်းမြောက်စွာ အသိပေး လိုပါကြောင်း၊ မဟာဗျူဟာပါလုပ်ငန်းစဉ်များသည် လူငယ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်း၊ လူငယ်တစ်ဦးချင်းက အခွင့် အရေးများကို တရားမျှတခြင်း၊ လွတ်လပ်လုံခြုံခြင်း၊ သာတူ ညီမျှခြင်းတို့ဖြင့် ခံစားရရှိနိုင်ရေး၊ အနာဂတ်နိုင်ငံကို လက်ဆင့်ကမ်းအမွေရယူပြီး ငြိမ်းချမ်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် ဖြစ်ပါ ကြောင်း။
မိမိတို့နိုင်ငံသည် မလွဲမသွေ ပြည်ထောင်စုနိုင်ငံဖြစ်ရ မည် ဖြစ်ကြောင်း၊ လူမျိုးပေါင်းစုံနေထိုင်သည့် ပြည်ထောင်စု နိုင်ငံတွင် လူမျိုးတိုင်း၏ မျိုးချစ်စိတ်များကို ညီညွတ်စွာဖြင့် တစ်စုတစ်စည်းဖြစ်သော ပြည်ထောင်စုစိတ်အဖြစ် ဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသောတိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသား လက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြုပြီး လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ဖြင့် “စည်းလုံး ညီညွတ်သည့် တစ်ခုတည်းသော ပြည်ထောင်စု” ကို နိုင်ငံသားအားလုံး စုပေါင်းပုံဖော်ရန် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊ လူငယ်များသည် ၎င်းတာဝန် များကို ဆက်လက်လက်ဆင့်ကမ်းအမွေယူ၍ မိမိတို့ တာဝန် ယူရမည့် ကဏ္ဍအသီးသီးတွင် တာဝန်ကျေနိုင်ကြရန် စွမ်းဆောင်ရည်များကို မြှင့်တင်ထားနိုင်ရန် လိုပါကြောင်း၊ လူငယ်များ အနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံး တညီတညွတ်တည်း မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) ကို ဦးစားပေးကဏ္ဍများဖော်ထုတ်ပြီး ဒေသအလိုက် နည်းဗျူဟာလုပ်ငန်းစဉ်များ ဖော်ဆောင်ကာ သစ်လွင် ဆန်းသစ်သော စိတ်ကူးစိတ်သန်း၊ တွေးခေါ်ဖန်တီးမှုများ၊ အပြုသဘောဆောင်သော သုံးသပ်အကြုံပြုခြင်း၊ အချင်းချင်း အတွေ့အကြုံ အသိအမြင်များ ဖလှယ်ခြင်းများ ဖြင့် အားလုံးလက်တွဲပူးပေါင်း အကောင်အထည်ဖော်ကြရန် တိုက်တွန်းပါကြောင်း၊ လတ်တလောအနေဖြင့် ရခိုင် ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး အစိုးရ ၏ လုပ်ငန်းစဉ်များတွင် လူငယ်များက မည်သည့်ဒေသတွင် နေထိုင်စေကာမူ တစ်ခုတည်းသော ပြည်ထောင်စုစိတ်ဖြင့် ပါဝင်ကူညီကြရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် စေတနာ့ဝန်ထမ်းလူငယ်များ အလှည့်ကျတစ်လခန့်ကြာ လုပ်အားပေး တာဝန်ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိမိတို့ဒေသအလိုက် ပါဝင်ခဲ့ကြသော စေတနာ့ဝန်ထမ်း လူငယ်များအနေဖြင့် မိမိတို့၏ဆန္ဒအလျောက် ပါဝင် ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူးက လူငယ်ရေးရာမူဝါဒ အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များ၏ ဦးစားပေးကဏ္ဍများ၊ ဒေသအလိုက် ရေးဆွဲထားသော လုပ်ငန်းစီမံချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာကြသော လူငယ်ရေးရာ ကော်မတီဝင်များက မဟာဗျူဟာနှင့် ပတ်သက်၍ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ် အဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထပ်မံ ဆွေးနွေးနိုင်ရေး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် လူငယ်ကော်မတီများ ဆက်လက်ဖွဲ့စည်းနိုင်ရေး၊ အတည်ပြုပြီးသော မဟာဗျူဟာ ကို ဖြန့်ဝေပေးနိုင်ရေး၊ အကောင်အထည်ဖော်ရန် လုပ်ငန်း စဉ်များအလိုက် ဘဏ္ဍာရန်ပုံငွေရရှိရေး၊ လူငယ်စင်တာ မြေနေရာရရှိရန် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရေး၊ ရခိုင် ပြည်နယ်အတွက် အစိုးရက ဆောင်ရွက်မည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် မိမိတို့ဆန္ဒအရ ပါဝင်ကူညီပေးနိုင်မည့် လူငယ်စေတနာ့ဝန်ထမ်းများအား စုစည်းပါဝင်နိုင်ရေး တို့ကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေး ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်