
ရန်ကုန် ဇူလိုင် ၁၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဌာနတွင် ပထမဆုံး ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု အောင်မြင်စွာခံယူပြီးခဲ့သော လူနာနှစ်ဦးအား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ကျန်းမာရေးအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များမှာကြား၍ ဝန်ထမ်း များအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
မဒေးကျွန်းရွာ ကျောက်ဖြူမြို့ ရခိုင်ပြည်နယ်မှ လူနာ ဒေါ်စန်းအေး၊ အသက်(၅၈)နှစ်သည် Hb E disease (heterozygous) Multiple Myeloma ခြင်ဆီကင်ဆာရောဂါဖြင့် ရိုးတွင်းခြင်ဆီအစားထိုးကုသရမည်ဖြစ်သောကြောင့် (Autologous peripheral blood stem cell အစားထိုးကုသမှု ) ကို ဇွန် ၁၉ ရက်တွင် ဆောင်ရွက်ရာ လူနာ၏ကျန်းမာ ရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်ပြီး လူနာ၏ ရိုးတွင်းခြင်ဆီတွင် အစားထိုးကုသထားသည့် ပင်မဆဲလ်များသည် သွေးဆဲလ်အသစ်များ စတင် ထုတ်လုပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကျန်းမာသော သွေးဆဲလ်များ လုံလောက်စွာထုတ်ပေးနိုင်သော ခြင်ဆီအသစ်ဖြစ်ပေါ်ခြင်း အဆင့်အောင်မြင်မှု ရရှိ ခြင်း(Engraftment)ကို ရရှိနေပြီဖြစ်ကြောင်းနှင့် လူနာမှာ ဇူလိုင် ၁၉ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီဖြစ် သည်။
အလားတူ ထီးဆောင်းရွာ မြင်းမူမြို့ စစ်ကိုင်း တိုင်းဒေသကြီးမှ လူနာ ဦးမြင့်အောင်၊ အသက်(၅၈)နှစ်သည် EBo Thalassaemia & Hypertension IgA k light chain monoclonal gammopathy (Multiple Myeloma) ရောဂါဖြင့် ဇွန် ၂၆ ရက်တွင် ခြင်ဆီကင်ဆာရောဂါဖြင့် ရိုးတွင်းခြင်ဆီအစားထိုးကုသမှုကို ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ခြင်ဆီအသစ် ဖြစ်ပေါ်ခြင်းအဆင့် အောင်မြင်မှုရရှိပြီးဖြစ်ကာ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ခြင်ဆီကင်ဆာရောဂါ ဝေဒနာခံစားနေရသော လူနာများကို ပထမဆုံး ရိုးတွင်းခြင်ဆီအစားထိုးကုသမှု ဆောင်ရွက်ပေး နိုင်ခဲ့ခြင်းမှာ ကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့်လိုအပ်ချက်များ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းခဲ့ပေးမှုများကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ရပ်စိုက်ထူနိုင်ခဲ့ကြောင်းနှင့် ယခု ကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပြည်ပနိုင်ငံ များသို့ သွားရောက်ကုသရန် မလိုအပ်ဘဲ ပြည်တွင်း တွင် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လူနာများ၏ ကုန်ကျမှုများစွာ သက်သာနိုင်တော့မည်ဖြစ်ကြောင်း နှင့် လူနာများ၏ Quality of Life ကို ပြန်လည်ရရှိ နိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်