ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နေပြည်တော်ကောင်စီနယ်မြေရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နေပြည်တော်ကောင်စီနယ်မြေရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

========================================================================

 

နေပြည်တော် နိုဝင်ဘာ ၁၃

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ယူ တည်ဆောက်နေသော သမ္မတရုံးဝန်ကြီးဌာန၏ ဝန်ကြီးရုံး သစ်၊ သံကူကွန်ကရစ်သုံးထပ် အဆောက်အအုံတည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ရှင်းလင်းတင်ပြ

 

ရှေးဦးစွာ လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် အဆောက် အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်က တည်ဆောက်ရေးလုပ်ငန်းလျာထားချက်နှင့် ပြီးစီးမှုအခြေ အနေ၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ် ကဏ္ဍအလိုက်ဆောင်ရွက် မှုတို့နှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန် ဦးရွှေလေးက မြန်မာနိုင်ငံအဆောက် အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားကြောင်းနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးသတ်ကိရိယာများနှင့် သီးသန့် ရေပိုက်လိုင်းများကိုလည်း ထည့်သွင်းတည်ဆောက်ထား ကြောင်း ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ယခုတည်ဆောက်နေသည့် အဆောက်အအုံကို အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)အနေဖြင့် အဆောက်အအုံ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စံပြဖြစ်အောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ သတ်မှတ် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရာသေသပ် ကောင်းမွန်ရေး နှင့် ငလျင်ဒဏ်ခံနိုင်အောင် ထည့်သွင်းဆောင်ရွက်ရန်လို ပါကြောင်း၊ နောင်တစ်ချိန် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဆောက်အအုံ ဒီဇိုင်းအသေးစိတ်ကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးရန်လိုပါကြောင်း၊ မီးဘေးအန္တရာယ် ကာကွယ်ရေးစနစ်ပါရှိရေးနှင့် လုပ်ငန်းခွင် ဆောင်ရွက်နေသည့် လုပ်သားများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံကူကွန်ကရစ်သုံးထပ်အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ အချောသပ်ဆောင်ရွက်နေမှုအခြေအနေနှင့် လျှပ်စစ်နည်းပညာပိုင်း ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။

 

၉၆ ရာခိုင်နှုန်းပြီးစီး

 

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ သမ္မတရုံးဝန်ကြီးဌာန၏ ဝန်ကြီးရုံးသစ်၊ သံကူကွန်ကရစ် သုံးထပ်၊ စတုရန်းပေ ၁၃၂၉၆၀ ရှိသည့် အဆောက်အအုံကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် စတင် တည်ဆောက်ခဲ့ရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး ၉၆ ရာခိုင် နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် တည်ဆောက်နေသည့် သုခဝတီအိမ်ရာ စီမံကိန်းသို့ ရောက်ရှိပြီး ရှင်းလင်းဆောင် တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမင်းထိန်က နေပြည်တော်ကောင်စီနယ်မြေတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် အိမ်ရာစီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အိမ်ရာစီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က မြို့ပြ၊ ရေသန့်၊ လျှပ်စစ် ကဏ္ဍနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသေးစိတ်မြေပုံရာဇဝင် များနှင့် ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစား ဝန်ထမ်းများအပြင် ပြည်သူများနေထိုင်ရေး အဆင်ပြေ စေရန် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အငှားအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအိမ်ရာစီမံကိန်းများ ကို အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ပေးရန်တို့ကို မှာကြား သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သုခဝတီအိမ်ရာစီမံကိန်းအတွင်းရှိ တည်ဆောက်ပြီး အိမ်ရာ များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

သုခဝတီအိမ်ရာစီမံကိန်း (နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှားအိမ်ရာ)ကို နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏ သီရိမြို့နယ်၊ နေပြည်တော်မြို့ပတ်လမ်းဘေး မြေဧရိယာ ၃၃ ဧကရှိ မြေပေါ်တွင် ယူနစ်(၃၀၀) ၁၂ ခန်းတွဲ ၅ ထပ် ငါးလုံး၊ ယူနစ်(၁၂၀) ၁၂ ခန်းတွဲ ၅ ထပ် နှစ်လုံး၊ ယူနစ် (၁၀၀) ၄ခန်းတွဲ ၅ ထပ် ငါးလုံး၊ (၄၁၆) ယူနစ် ၄ ခန်းတွဲ ၅ ထပ် ၂၆ လုံး၊ (၂၈၈) ယူနစ် ၄ ခန်းတွဲ ၅ ထပ် ၁၈လုံးတို့ကို ဘဏ္ဍာနှစ်အလိုက် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်