
နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်း အဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။
ထိပ်သီး အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ထိပ်သီးအစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
အစည်းအဝေးတွင် ခေါင်းဆောင် များက အနာဂတ်တွင် အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေ အနေများနှင့် ဒေသတွင်းနှင့် နိုင်ငံ တကာရေးရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ခေါင်းဆောင်များက COVID-19 ကူးစက်ရောဂါကြောင့် ပေါ်ပေါက် လာသည့် မကြုံစဖူးစိန်ခေါ်မှုများကို အသိအမှတ်ပြုလျက် ဘေးကင်းလုံခြုံ ၍ ထိရောက်မှုရှိပြီး အားလုံးက လက်လှမ်းမီရရှိနိုင်သည့် ကာကွယ် ဆေးများကို ထုတ်လုပ်ရန် အရေးကြီး ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသ အတွင်း၌ တိုးတက်များပြားလာသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ၏ အန္တရာယ် ကို တိုက်ဖျက်ရာတွင် ပူးပေါင်း ဆောင်ရွက်မှုပိုမိုတိုးမြှင့်ရန် သဘော တူညီခဲ့ကြသည်။
စုပေါင်းကြိုးပမ်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က အာဆီယံ-ကုလသမဂ္ဂမိတ်ဖက် ဆက်ဆံရေး တိုးတက်ခိုင်မာလျက် ရှိသည့်အပေါ် ကျေနပ်အားရကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ နှင့် နိုင်ငံတကာစည်းလုံးညီညွှတ်မှု တို့ကို ပြန်လည်ဆန်းသစ်ခိုင်မာစေရန် အရေးကြီးကြောင်း၊ မဟာဗျူဟာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရာ တွင် လည်းကောင်း၊ ကူးစက်ရောဂါ ကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ အကျပ်အတည်းမှ အားလုံး ပြန်လည် ရုန်းထွက်နိုင်ရေးအတွက် လည်း ကောင်း စုပေါင်းကြိုးပမ်းဆောင်ရွက် မှုကို ပိုမိုတိုးတက်ခိုင်မာစေရန် လိုအပ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရခိုင်အရေးကိစ္စအပေါ် တုံ့ပြန် ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး က နေရပ်စွန့်ခွာသူများ ကိစ္စအပါအဝင် ရခိုင်အရေးကိစ္စကို ဖြေရှင်းရေးမှာ အစိုးရ၏ ဒုတိယသက်တမ်းကာလ တွင်လည်း ဦးစားပေးလုပ်ငန်းတစ်ခု အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း၊ စိန်ခေါ်မှုများစွာ ရင်ဆိုင် နေရစေကာမူ စိစစ်အတည်ပြုပြီး ဖြစ်သည့် နေရပ်စွန့်ခွာသူများကို နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေ ဖြင့် ကတိကဝတ်ပြုထားကြောင်း၊ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာရှည်ခံသည့် အခြေခံအုတ်မြစ် တစ်ရပ်ချမှတ်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လှေစီးဒုက္ခသည် များကိစ္စနှင့်ပတ်သက်၍ လူကုန်ကူး သူများ၏ သားကောင်များဖြစ်ကြ သည့် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရမှု များအပေါ် စာနာမိပါကြောင်း၊ စီးပွား ရေးမလုံခြုံမှု၊ အကြမ်းဖက်အုပ်စုများ (terrorists) နှင့် လူကုန်ကူးသူများ၏ ရာဇဝတ်မှုများအပါအဝင် ပြဿနာ ၏မူလဇာစ်မြစ်ကို ဖြေရှင်းရန် လိုအပ် ကြောင်း၊ ယင်းသို့ဖြေရှင်းရာတွင် ပိုမိုကျယ်ပြန့်သည့် ဒေသဆိုင်ရာ မူဘောင်အောက်မှ ပြဿနာကို ရှုမြင် သုံးသပ်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အတူ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် နှင့် အဆင့်မြင့်အရာရှိများလည်း ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်