ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး၊ (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ ပူးပေါင်းညှိနှိုင်းရေးကောင်စီ

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၂၁
 
 
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေး၊ (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံပူးပေါင်း ညှိနှိုင်းရေးကောင်စီ အထူးအစည်းအဝေးတို့သို့ တက်ရာက်ခဲ့သည်။
 
 
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့သည်။
အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Teodoro L. Locsin Jr. နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။
 
 
အစည်းအဝေးတွင် ဝန်ကြီးများက COVID-19 ပြန့်ပွား မှုကို အာဆီယံနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းကာကွယ် တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မြန်မာ နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်သူများ ၏ ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ တို့အပေါ် ထိခိုက်နိုင်မှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၌ ယနေ့အထိ ရောဂါဖြစ်ပွား သူ(confirmed case) မရှိသေးသော်လည်း၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိသူ နှစ်ဦး၊ စောင့်ကြည့် ၃၈ ဦး စုစုပေါင်း ၄၀ ဦးအား စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၎င်းတို့အနက် သံသယရှိသူ နှစ်ဦး အပါအဝင် ၃၆ ဦးမှာ ရောဂါပိုးမရှိဟု အတည်ပြုချက်ရရှိ၍ ကျန် လေးဦးသာ ဓာတ်ခွဲခန်းအဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။ ထို့အပြင် COVID-19 အား ကာကွယ်ထိန်းချုပ်မှုပြုရေးအတွက် တရုတ်နိုင်ငံ၏ ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်မှုများအား ချီးကျူး ပြောကြားခဲ့ရာ ယင်းရောဂါသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကို ခြိမ်းခြောက် နေသည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ် နိုင်ငံတို့အကြား ရောဂါကာကွယ်ကုသရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်ကြရန်နှင့် တရုတ်နိုင်ငံနှင့် အတူ စည်းလုံးညီညွတ်မှုပြသကြရန် လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
 
 
အစည်းအဝေးမှ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ လက်တွဲ၍ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ် များပါဝင်သည့် ပူးတွဲထုတ်ပြန်ချက်ကို အတည်ပြုထုတ်ပြန် ခဲ့သည်။ အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ရောဂါဖြစ်ပွား ပျံ့နှံမှုဆိုင်ရာ သတင်းအချက်အလက်များ၊ ရောဂါရှာဖွေ ရေး၊ ကုသရေးဆိုင်ရာ နည်းစနစ်များအပါအဝင် သတင်း အချက်အလက်များဖလှယ်ရေး၊ လက်ရှိ အာဆီယံ၏ ယန္တရားများနှင့် မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်သွားရေး၊ ပြည်သူများထံသို့ တိကျ သော သတင်းအချက်အလက်များ ဖြန့်ဝေသွားရေး၊ အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီးများအစည်းအဝေး နှင့် အခြားလက်ရှိလုပ်ငန်းစဉ်များအား ထိရောက်စွာ အသုံးပြုဆောင်ရွက်သွားရေး၊ တရုတ်နှင့် အာဆီယံနိုင်ငံ များရှိ ရောဂါထိန်းချုပ်ရေးဗဟိုဌာနများ (Centers for Disease Control ) များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေး၊ တရုတ်နှင့် အာဆီယံနိုင်ငံများတွင် ဆေးဝါးများ၊ သုတေသနလုပ်ငန်းသုံးနှင့် ရောဂါကာကွယ် ရေးတွင် အသုံးပြုသောပစ္စည်းများ ပြတ်လပ်မှုမရှိရန် ဆောင်ရွက်သွားရေး၊ သုတေသနလုပ်ငန်းများ ပိုမို လုပ်ဆောင်သွားရေး၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွား ရေး ထိခိုက်မှုများအားလျှော့ချရေး စသည်တို့အား ဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။
 
 
(၅) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး
မွန်းလွဲပိုင်းတွင် (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကိုကျင်းပခဲ့ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Saleumxay Kommasith နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi တို့က ပူးတွဲသဘာပတိ များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး မဲခေါင်-လန်ချန်း အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက် ခဲ့သည်။
အစည်းအဝေးတွင် ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်မှု အခြေအနေများနှင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ၏ တိုးတက်မှု အခြေအနေ များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခဲ့သည်။ ထို့အပြင် ဒေသ တွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းပီသမှု၊ တန်းတူ ရည်တူရှိမှု အခြေခံမူများဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားကြရန် ထပ်လောင်းအတည်ပြုခဲ့ကြသည်။ အစည်းအဝေးမှ “၂၀၂၀ ပြည့်နှစ် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ” ဖြင့် အကောင် အထည်ဖော်မည့် စီမံကိန်းများစာရင်းကို အတည်ပြု ချမှတ်ခဲ့ရာ မြန်မာနိုင်ငံမှအဆိုပြုထားသည့် စီမံကိန်း ၂၂ ခု ပါဝင်ခဲ့သည်။
 
 
မြန်မာနိုင်ငံသည် အဆိုပါ စီမံကိန်း ၂၂ ခု အကောင်အထည်ဖော်ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်ခန့်ကို မဲခေါင်-လန်ချန်း အထူးရန်ပုံငွေမှ လက်ခံရရှိမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သုတေသန၊ မိုးလေဝသ၊ သိပ္ပံနည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများတွင် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ အစည်းအဝေးမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက် (Joint Press Communique) တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
 
 
အာဆီယံ ပူးပေါင်းညှိနှိုင်းရေးကောင်စီ အထူးအစည်းအဝေး
အာဆီယံပူးပေါင်းညှိနှိုင်းရေးကောင်စီအထူးအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ကျင်းပ ခဲ့ရာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး အဖွဲ့ဝင် နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ရောဂါ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက် များကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးမှ အာဆီယံပူးပေါင်းညှိနှိုင်းရေးကောင်စီဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက် ကို အတည်ပြုခဲ့သည်။ အာဆီယံ ၁၀ နိုင်ငံအနက် ဘရူနိုင်း၊ လာအို၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံ လေးနိုင်ငံတွင် Covid-19 ရောဂါအတည်ပြု လူနာမရှိသေးကြောင်း သိရှိရသည်။
 
 
သတင်းစဉ်