
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာသံရုံးအကြီးအကဲများအကြား နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးရေးကိစ္စနှင့်ပတ်သက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်း
===============================================================
နေပြည်တော် အောက်တိုဘာ ၃
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ယမန်နေ့ ညနေ ၆ နာရီက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများမှ မြန်မာသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ နှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ၍ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
ကြိုတင်မဲပေးခွင့် မဆုံးရှုံးရေး
အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးရဲရင့်လွင်က နိုင်ငံပြင်ပရောက် မဲဆန္ဒပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက် အခက် အခဲများကြားမှ မြန်မာသံရုံးများသို့ ကြိုတင် ဆန္ဒမဲလက်မှတ်များ အချိန်မီပေးပို့ထားမှုနှင့် ကြိုတင်ဆန္ဒမဲပေးရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ အများယုံကြည် လက်ခံနိုင်မှုရှိရေး၊ မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် မဲရလဒ် တစ်ထပ်တည်း ဖြစ်စေရေးဟူသော စံ(၅)ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပရေးအတွက် အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်ပရှိမြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် ပြည်ပ ရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများ အားလုံး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကြိုတင် ဆန္ဒမဲပေးခွင့် ရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြကြောင်း၊ စင်ကာပူ နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ မြန်မာသံရုံးများ တွင် ကြိုတင်မဲပေးမှုများပင် စတင်နေပြီဖြစ် ကြောင်း၊ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ မြန်မာသံရုံးများ၊ မြို့နယ်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိရာ ယခုအခါ သတ်မှတ်ထားသည့်အတိုင်း စက်တင်ဘာ ၂၇ ရက်က စတင်၍ ဆန္ဒမဲ လက်မှတ်များအား သက်ဆိုင်ရာသံရုံးများသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ အကြောင်းကြောင်း ကြောင့် ဆန္ဒမဲလက်မှတ်လျော့နည်း ရရှိမှုများ၊ လွဲမှားရောက်ရှိမှုများရှိခဲ့ပါက ကြုံတွေ့ရသည့် အခက်အခဲများကို အချိန်မီ ညှိနှိုင်းဖြေရှင်းနိုင် ရန်နှင့် လိုအပ်နေသည့် ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သာမက သံရုံးများအချင်းချင်းညှိနှိုင်း၍ ချက်ချင်းဆက်သွယ်ပေးပို့နိုင်ရန် ဤအစည်း အဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
ယခုနှစ်ရွေးကောက်ပွဲကာလမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သွားလာရေးကန့်သတ် မှုများကြောင့် စိန်ခေါ်မှုများရှိခဲ့သော်လည်း ဆန္ဒမဲလက်မှတ်များအား အမှားနည်းနည်းဖြင့် အချိန်မီဆောင်ရွက်ပေးနိုင်ခြင်း၊ သံရုံးများက တင်ပြလာသည့် လိုအပ်ချက်များကို အချိန်မီ ပြင်ဆင်ဖြည့်ဆည်း ပံ့ပိုးပေးလျက်ရှိခြင်း အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အား ကျေးဇူးတင်ရှိပါကြောင်း၊ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှု မရှိစေရေး၊ တစ်ဖက်တွင်လည်း ဥပဒေနှင့်အညီ တရား မျှတ၍ ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ကြိုးပမ်းကြရန်နှင့် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းကန့်သတ်ချက်များ နှင့်အညီ ဆောင်ရွက်ကြရန်လည်း လိုအပ် ကြောင်းနှင့် ကြိုတင်ဆန္ဒမဲပေးရေးကို ဦးဆောင်ကျင်းပပေးနေရသည့် မြန်မာသံရုံး ဝန်ထမ်းများကိုယ်တိုင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မခံရစေရေးအတွက် ကျန်းမာရေးကို ဂရုစိုက်နေထိုင်ကြရန် အလေး ထားမှာကြားသည်။
ပြန်လည်ဆွေးနွေး
ထို့နောက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ် ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများက မိမိတို့သံရုံးများ အလိုက် ကြိုတင်ဆန္ဒမဲလက်မှတ်များ လက်ခံ ရရှိမှုအခြေအနေ၊ မဲဆန္ဒရှင်များ အဆင်ပြေ ချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ရင်ဆိုင်နေရ သည့် အခက်အခဲများနှင့် သိရှိလိုသည်များကို တင်ပြမေးမြန်းခဲ့ကြသည်။ သံရုံးအကြီးအကဲ များ၏ တင်ပြမေးမြန်းချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့က ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်