
နေပြည်တော် ဩဂုတ် ၂၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ်ရှိ အင်ပြင်ပျိုး ဥယျာဉ်သို့ ရောက်ရှိစစ်ဆေးသည်။
ပျိုးပင်များ ကြိုတင်ပျိုးထောင်
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်စေရေးအတွက် ထင်းရှူးစိုက်ခင်းများ တည်ထောင်ခြင်း၊ တစ်အုပ် တစ်မစိုက်ပျိုးခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာစိုက်ပျိုးခြင်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်နှင့် နှစ်ပေအထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် ပျိုးဥယျာဉ်များတွင် ပျိုးပင်များကြိုတင်ပျိုးထောင် ထားရန်၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးအတွက် အင်းလေးကန် ရေဝေရေလဲဒေသရှိ သစ်တောများ ထိန်းသိမ်းကာကွယ်ရန်နှင့် ရေဝေရေလဲသစ်တော စိုက်ခင်းများ တိုးချဲ့တည်ထောင်သွားရန် မှာကြားကာ အင်ပြင်ပျိုးဥယျာဉ်အတွင်း သစ်မျိုး ရှစ်မျိုးဖြင့် ပျိုးပင် ၄၈၀၀၀ ကြိုတင် ပျိုးထောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း
ယင်းနောက် ကလောမြို့နယ် အောင်ပန်းကြိုးဝိုင်း အတွင်းရှိ ၂၀၂၄ ခုနှစ် စက်မှုကုန်ကြမ်းထင်းရှူး စိုက်ခင်း ၆၅ ဧက နှင့် ၂၀၂၂ ခုနှစ် ကွက်လပ်ဖြည့် ထင်းရှူးစိုက်ခင်း ၂၂ ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။ ဆက်လက်၍ ကလော မြို့နယ် သီခေါင်တောင်ကြိုးပြင်ကာကွယ်တော အတွင်းရှိ ၂၀၂၃ ခုနှစ် အာဆီယံလမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးခြင်း ခြောက်ဧက နှင့် တစ်အုပ်တစ်မ ထင်းရှူးပင် ၃၂၀၀ ၏ ရှင်သန် အောင်မြင်မှုအခြေအနေကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ကွက်လပ်ဖြည့်ထင်းရှူး စိုက်ခင်း ၃၅ ဧကနှင့် ၂၀၂၄ ခုနှစ် စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း ၈၅ ဧက ၏ ရှင်သန်မှုအခြေအနေကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
သစ်မျိုး ၁၅ မျိုးဖြင့် ပျိုးထောင်ထားရှိမှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလော မြို့နယ် ဟဲဟိုးပျိုးဥယျာဉ်အတွင်း အာဆီယံလမ်း ဘေးဝဲယာစိုက်ပျိုးခြင်း၊ အင်းလေးကန်စိမ်းလန်း စိုပြည်ရေး စိုက်ပျိုးခြင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်းများ အတွက် သစ်မျိုး ၁၅ မျိုးဖြင့် ပျိုးပင် ၁၀၇၀၀၀ ပျိုးထောင်ထားရှိမှုကိုလည်းကောင်း၊ ဟဲဟိုး-ဘော်ဆိုင်း ကားလမ်းတစ်လျှောက် လမ်းဘေးဝဲယာစိမ်းလန်း စိုပြည်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော လမ်းဘေးဝဲယာထင်းရှူးပင် ၃၂၀၀၀ နှင့်တောင်ကုန်းများ မြေဆီလွှာတိုက်စားမှုကာကွယ် ရေးအတွက် တစ်အုပ်တစ်မထင်းရှူးပင် ၂၁၆၀၀ ၏ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသည့် အပင်များ ဆက်လက်ရှင်သန်ရေးနှင့် ရေရှည်တည်တံ့ အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြား သည်။
ရေဝေရေလဲထိန်းသိမ်းရေး
ဆက်လက်၍ တောင်ကြီးမြို့နယ် တောင်လေးလုံး ပျိုးဥယျာဉ်အတွင်း အင်းလေးကန်ရေဝေရေလဲ ထိန်းသိမ်းရေးစိုက်ခင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်း အတွက် ပျိုးပင် ၂၄၀၀၀ ကြိုတင်ပျိုးထောင်ထားမှု အခြေအနေနှင့် အေးသာယာ Green Zone ပျိုး ဥယျာဉ်အတွင်း တောင်ကြီးမြို့ ထီသိမ်ကန်ရေထွက် စိမ်းလန်းစိုပြည်ရေးနှင့် ထီသိမ်ကန်ရေဝေရေလဲ ထိန်းသိမ်းရေးအတွက် ထင်းရှူးပျိုးပင် ၁၂၀၀၀ နှင့် အထူးပျိုးပင် ၃၉၄၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်