
နေပြည်တော် ဇူလိုင် ၁၆
အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံ မှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Dragan Aleksoski ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများ၊ (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲနှင့်အတူ ကိုယ်စား လှယ်အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံအသီးသီး တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်း လုပ်ကိုင်နိုင်ရေး၊ လူမှုကာကွယ် စောင့်ရှောက်မှု ပေးနိုင်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေး ခြင်းတို့ကို IOM မှ ကူညီဆောင်ရွက် ပေးမှုများအတွက် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားပြီး IOM နှင့် အလုပ်သမားရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် MoU လက်မှတ်ရေးထိုးရေး ကိစ္စ ရပ်များနှင့် အလုပ်သမားဝန်ကြီး ဌာနနှင့် IOM တို့ ပူးပေါင်းပြီး နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်း သွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်