
နေပြည်တော် ဇူလိုင် ၁၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ Yun Nadi Oo Training Center သို့သွားရောက်၍ အခြေခံမော်တော်ယာဉ် စက်ပြင်သင်တန်းဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုစစ်ဆေး ရာ သင်တန်းကျောင်းတာဝန်ခံက အခြေခံမော်တော် ယာဉ်စက်ပြင်သင်တန်းနှင့် အဆင့်မြင့်မော်တော်ယာဉ် စက်ပြင်သင်တန်းများ ဖွင့်လှစ်ခဲ့မှု၊ သင်တန်းသားများ တက်ရောက်ခဲ့မှုနှင့် ရရှိမည့်အခွင့်အလမ်းများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက အလုပ်အကိုင်ရှာဖွေလိုသူ လူငယ်လူရွယ် များအနေဖြင့် ယခုကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်သည့် သက်မွေးပညာသင်တန်းများ တက်ရောက်ခြင်းဖြင့် ဝင်ငွေတိုးမြင့်ရရှိလာပြီး လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် သင်တန်း များကို စဉ်ဆက်မပြတ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားစေလိုကြောင်း၊ သင်တန်းအရည် အသွေး တိုးတက်မြင့်မားရေးအတွက် သင်တန်း နည်းပြများကို ခေတ်နှင့်လျော်ညီသော အတတ်ပညာ များဖြင့် သင်ကြားပို့ချနိုင်ရေး ဘဝတစ်သက်တာ သင်ယူလေ့လာမှုလမ်းစဉ်နှင့်အညီ အမြဲမပြတ် လေ့လာ စေလိုကြောင်း မှာကြားပြီး သင်တန်း ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပြည်ပနိုင်ငံများသို့ သွားရောက်မည့် အလုပ်သမားများအတွက် ကျန်းမာ ရေးစစ်ဆေးပေးသည့် သုခမင်္ဂလာဆေးခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်၍ ဆေးခန်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ပနိုင်ငံများသို့ သွားရောက်မည့် အလုပ်သမား များအတွက် သွားရောက်မည့်နိုင်ငံများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေများ၊ လုပ်ငန်းခွင်အတွင်း ဆောင်ရန်၊ ရှောင်ရန်အချက်များ သင်ကြားပို့ချနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များ(သို့မဟုတ်) မိမိ၏ မြန်မာနိုင်ငံရှိ ငွေစာရင်းများသို့ တရားဝင်ဘဏ်စနစ်မှတစ်ဆင့် လွှဲပို့နိုင်ရေး ဆောင်ရွက်ရမည့်အချက်များ၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း မဖြစ်မနေ ပေးဆောင်ကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ သင်တန်းကျောင်းအတွင်း သန့်ရှင်း သပ်ရပ်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မြောက်ဒဂုံ)အနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၄ ရက်မှ ၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်အထိ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမား ၁၆၉၂၇၁ ဦး ကို သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်