ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မြေပြင်တွင် အမှန်တကယ်ကြုံတွေ့ရသည့် အခက်အခဲများကို သိရှိနိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းကြည့်ရှု


 

နေပြည်တော် ဩဂုတ် ၁၈


ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု နယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိ မြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ လယ်ဝေးမြို့နယ် နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများ အပေါ် ကူညီပံ့ပိုးဆောင်ရွက်ပေးရမည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကွင်းဆင်းကြည့်ရှု စစ်ဆေး ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူ များအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရန် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအား ကြေညာရာ၌ မဲစာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် မြေပြင် တွင် အမှန်တကယ် ကြုံတွေ့ရသည့် အခက်အခဲများကို သိရှိနိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး နိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေး ကြည့်ရှုရခြင်း ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား ကြေညာရာတွင် ကြုံတွေ့ရသော အချက်အလက် မပြည့်စုံမှုများနှင့် စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းလျက်ရှိပါကြောင်း၊ ဒုတိယ အကြိမ် မဲဆန္ဒရှင် စာရင်းကြေညာရာ၌ ပိုမိုပြည့်စုံမှန်ကန်ရေးနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး အတွက် ကော်မရှင်၏ လုပ်ငန်းစဉ်များအပေါ် အားလုံး ကြိုးပမ်း ကူညီဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်းဆောင်ရွက် ထားရှိမှုများနှင့် လုပ်ငန်းစဉ်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်