ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၅၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်


 

နေပြည်တော် ဩဂုတ် ၂၅


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း သည် ယနေ့နံနက် ၈ နာရီခွဲတွင် Video Conferen-cing စနစ်ဖြင့် ကျင်းပသည့် (၅၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက် သည်။
အစည်းအဝေးတွင် အာဆီယံစီးပွားရေးဝန်ကြီးများက လက်ရှိကမ္ဘာနှင့် ဒေသတွင်း ပြောင်းလဲတိုးတက်မှုများ၊ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားရေးအပေါ် သက်ရောက်မှုများ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းကို အကောင်အထည်ဖော် ပြီးစီးမှုများ၊ ဗီယက်နမ်နိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် အာဆီယံ နှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုများကို ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ကုသ ထိန်းချုပ်ရေးနှင့် စီးပွားရေးကုစားမှုအစီအစဉ်များကို ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP) ရေးဆွဲ၍ တစ်မျိုးသားလုံး လက်တွဲပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံနှင့် အနာဂတ်တွင် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ စာချုပ်ချုပ်ဆိုရန် အလားအလာရှိသည့်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှုအခြေအနေ များ၊ စည်းမျဉ်းအခြေခံကုန်သွယ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် အာဆီယံ နိုင်ငံများအနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုများ၊ အေအီးစီကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ကျန်အဖွဲ့ဝင်နိုင်ငံများ၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသည်။
အဆိုပါအစည်းအဝေးတွင် စီးပွားရေးဝန်ကြီးများက ဒေသတွင်း ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ စားသုံးသူ ကာကွယ်ပေးရေး၊ Electronic Commerce၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ နည်းပညာနှင့် လူသားအရင်း အမြစ် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးများသို့ အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး သဘာပတိ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Tran Tuan Anh နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ကောင်စီဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီ ဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံအတွင်းရေး မှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်