ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မိတ္ထီလာမြို့နယ်နှင့် မန္တလေးခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး

 

 

 

နေပြည်တော် သြဂုတ် ၂၃

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မွေကျေးရွာအုပ်စု မွေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ သည့် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက်‌‌‌ရောက် အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မွေကျေးရွာအုပ်စုအတွင်း သစ္စာစီမံချက် ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်‌‌‌ရေး ကတ်ပြားများကို ကျေးရွာပြည်သူတစ်ဦးချင်းထံ ပေးအပ် ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ခန်းမအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံ ကျေးရွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် မှတ်တမ်းမှတ်ရာ၊ စာရွက် စာတမ်းများ ဖြည့်သွင်းပြုစုဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ကနောင် စက်မှုခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ထုတ်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများကို လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ (အပေါ်ယာပုံ)

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ခန်းမ၌ ကျင်းပသည့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူများအတွက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြား ရာတွင် လက်ရှိနိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန်မှစ၍ မိမိတို့ဌာနအနေဖြင့် ပြည်သူတို့၏ အဓိကလိုအပ်ချက် ဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်းကို သက်ဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးများ၌ ဆောင်ရွက်ပေးနေသည့်အပြင် သစ္စာစီမံချက်ရေးဆွဲကာ စက်ရုံအလုပ်ရုံ၊ စက်မှုဇုန်များ၊ စာသင်ကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးနေစဉ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ကွင်းဆင်းဆောင်ရွက်ပေးရန် ကန့်သတ် ချက်များရှိသဖြင့် ရုံးများ၌သာ ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ ယခုအခါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် ရရှိစေရေးအတွက် မိမိတို့ဌာနအပါအဝင် ဆက်စပ်ဌာနအားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မဲစာရင်းတွင် ပါဝင်သူများကို ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး မရှိ သော်လည်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက စီမံဆောင်ရွက်ထားရှိကြောင်းကို လည်း အသိပေးပြောကြားလိုပါကြောင်း၊ မိမိတို့ဌာနအနေ ဖြင့်လည်း ယခုကာလအတွင်း သစ္စာစီမံချက်ဖြင့် ရုံးပိတ် ရက်များပါမကျန် ကွင်းဆင်းဆောင်ရွက်ပေးနေမှုအပေါ် ဆက်စပ်ဌာနများနှင့် ပြည်သူအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အသီးသီး၌ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်နှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာမြို့နယ်များမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူတစ်ဦးချင်းထံ ပေးအပ် ကြသည်။ ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူ ပြည်သူများကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင် စကား ပြောကြားသည်။

ယနေ့တွင် မိထ္ထီလာမြို့နယ် မွေကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ပြည်သူ ၁၁၂ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ဒေသခံပြည်သူ ၂၅၃၃ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး တိုင်းဒေသကြီး မြို့တော်ခန်းမ၌ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်း/ ခရိုင်/ မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံသည်‌။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြောင်းလဲရေးကို အလေးထားဆောင်ရွက်နေသကဲ့သို့ ဝန်ဆောင်မှုပေးရ သည့် ဌာနဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြု၍ ပြည်သူ တို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဌာန၏ မူဝါဒရည်မှန်းချက်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက် ကြရသော်လည်း ရုံးတွင်ဆောင်ရွက်ရသည့် သမ္မဇဉ်လုပ်ငန်း များ မကျန်ရှိစေရေးအတွက်လည်း စနစ်တကျ ဆောင်ရွက် ကြရန်လိုကြောင်း၊ ဌာန၏လုပ်ငန်းသဘောသဘာဝအရ စနစ်တကျ စိစစ်ဆောင်ရွက်ရသဖြင့် အချိန်အတိုင်းအတာ တစ်ခုထိ ကြန့်ကြာမှုများရှိမှုအပေါ် ပြည်သူများသိရှိ နားလည်စေရေးအတွက် ရှင်းလင်းချပြကြရန်လိုကြောင်း။

မဲစာရင်းတိကျမှန်ကန်စေရေးနှင့် မဲစာရင်းတွင် ပါရှိသူများအား ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုး ရရှိစေရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ ဝန်ထမ်းများသည် ရုံးပိတ်ရက်များတွင် အနားမယူဘဲ ကွင်းဆင်းဆောင်ရွက်ပေးမှုများကို အသိအမှတ်ပြုပါ ကြောင်း၊ အခြားတိုင်းဒေသကြီး / ပြည်နယ်များမှ ဝန်ထမ်း များသည်လည်း ယခုကဲ့သို့ လုပ်ငန်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်နေကြပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ပြောင်းလဲနေသော ခေတ်စနစ်ကို မျက်ခြည်ပြတ် မခံဘဲ လုပ်ငန်းဆောင်ရွက်ချက်တိုင်းအား ပွင့်လင်း မြင်သာမှု၊ အဂတိကင်းရှင်းမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း၏ ပြုမူ ဆောင်ရွက်ချက်များသည် ဌာန၏ပုံရိပ်ဖြစ်သည်နှင့်အညီ ကောင်းမြတ်သော အစဉ်အလာများကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ယဉ်ဦးက မဲစာရင်းထုတ်ပြန်ရာတွင် ကိုင်ဆောင်သင့်သည် ကတ်ပြား အမှတ်များ ဖြည့်သွင်းရန် ကျန်ရှိမှုအပေါ် ပြန်လည် ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မဲစာရင်း တိကျမှန်ကန်စေရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းကို ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ကာ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ကြရေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်