
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
=======================================================================================================
နေပြည်တော် အောက်တိုဘာ ၂
ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ MoU စနစ်ဖြင့် စေလွှတ်ရေး၊ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ တရားဝင် ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရှိရေးကိစ္စရပ် များနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ထိုင်း နိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ၊ ဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
စီမံချက်များရေးဆွဲဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုင်း နိုင်ငံရှိ မူလအလုပ်ရှင်ထံတွင် ပြန်လည်အလုပ်လုပ်ကိုင် လျက်ရှိသော အလုပ်ခန့်ထားရေးစာချုပ်ချုပ်ဆိုပြီး အလုပ် လုပ်ခွင့်ပါမစ်ရရှိထားပြီးဖြစ်သော လုပ်သားဟောင်းများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန်မလိုဘဲ မဲဆောက်- မြဝတီ နယ်စပ်ဂိတ်တွင် လက်ခံရေးစခန်းဖွင့်လှစ်၍ MoU စနစ်ဖြင့် လုပ်သားများ ပြန်လည်စေလွှတ်မည့် အစီအစဉ် တင်ပြချက်ကိုရရှိခဲ့ကြောင်း၊ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် မြန်မာအလုပ်သမားများ ကုန်ကျ စရိတ် သက်သာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုမရှိစေရေးတို့အတွက် ထိုင်းနိုင်ငံအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိတို့ကလည်း သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းလျက် ရှိကြောင်း၊ လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြောင်းလဲနေသည့် အခြေအနေများ အပေါ်မူတည်ပြီး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံရှိ သက်ဆိုင်ရာဌာနများ၊ အလုပ်သမားစေလွှတ်သည့် အေဂျင် စီများ၊ အလုပ်သမားများက ညှိနှိုင်းပူးပေါင်း လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန် သတင်းအချက် အလက် မှန်ကန်စွာရရှိရန်လိုအပ်ကြောင်း၊ ထိရောက်သော လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာမြန်မာသံရုံး၊ အလုပ်သမား သံအရာရှိတို့နှင့် အလုပ်ရှင်၊ အလုပ်သမား၊ ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီနှင့် ထိုင်းအေဂျင်စီ တို့က စီမံချက်များရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း။
မပြတ်ချိတ်ဆက်
အလုပ်အကိုင်ဝန်ဆောင်မှုပေးမည့် အေဂျင်စီများ အနေဖြင့် ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ၊ ကန့်သတ်ချက်များ၊ လိုအပ်ချက်များကို သိရှိအောင်ဆောင် ရွက်ထားပြီး အလုပ်သမားများအား အသိပေးထားရန်၊ စာရင်းဇယားများ အချက်အလက်များ အထောက်အထား များ ကြိုတင်ပြုလုပ်ထားရန်၊ ထို့ပြင် ထိုင်းနိုင်ငံရှိ အလုပ်ရှင် များ၊ အေဂျင်စီများနှင့်လည်း မပြတ်ချိတ်ဆက်ဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထိုင်းနိုင်ငံတွင် ရောက်ရှိနေ သော မြန်မာအလုပ်သမားများ တရားဝင်ဆက်လက် အလုပ် လုပ်ကိုင်ခွင့်ရရှိရေး၊ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုပြီး မြန်မာနိုင်ငံတွင် စောင့်ဆိုင်းနေသည့် အလုပ်သမားများ အမြန်ဆုံးစေလွှတ်နိုင်ရေး၊ အလုပ်ရှင် အလုပ်သမား အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC)ချုပ်ဆိုပြီး ထိုင်း နိုင်ငံသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေသော အလုပ်သမား (အဟောင်း) များအတွက် MoU လုပ်ငန်းစဉ်ဖြင့် နယ်စပ်၌ ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိက MoU အလုပ် သမားဟောင်းများ တရားဝင်ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆွေးနွေးရရှိမှုများ၊ ဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ် အသေးစိတ်ကို ရှင်းလင်းတင်ပြဆွေးနွေး ရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်