
ရန်ကုန် ဩဂုတ် ၁၅
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ၏ မျက်နှာစုံညီအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့တက်ရောက်ခဲ့ပြီး ယမန် နေ့ ညပိုင်းက လေကြောင်းခရီး ဖြင့် ဗီယင်ကျန်းမြို့မှ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိကြသည်။
အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ မျက်နှာ စုံညီအစည်းအဝေးကို လာအိုနိုင်ငံ အာဆီယံလူမှု - ယဉ်ကျေးမှု ဝန်ကြီး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး Mrs. Suansavanh Viyaket က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် များ၊ ဆက်စပ်လုပ်ငန်း အစုအဖွဲ့ များမှ အလှည့်ကျဥက္ကဋ္ဌများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး မှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တီမောလက် စတေနိုင်ငံမှ လေ့လာကြသူများ တက်ရောက်ခဲ့ကြသည်။
ဩဂုတ် ၁၂ ရက် (အစည်း အဝေး ပထမနေ့)တွင် ကျင်းပ သည့် အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ဆွေးနွေးပြောကြားရာတွင် အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းအတွက် လာအို နိုင်ငံ၏ ဦးစားပေးကဏ္ဍများသည် အာဆီယံဒေသကြီး၏ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက် ရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးတို့ သည် များစွာအရေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လာအိုနိုင်ငံ ၏ ဦးစားပေးကဏ္ဍများနှင့် ၂၀၂၅ အလွန် အာဆီယံလူမှု-ယဉ်ကျေး မှုအသိုက်အဝန်း မဟာဗျူဟာ အစီအစဉ်ရေးဆွဲရေးတို့ကို အပြည့် အဝထောက်ခံပါကြောင်းနှင့် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက် ကျင်းပသည့် အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ်များနှင့် မျက်နှာ စုံညီအစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီးက လာမည့် ၁၀ နှစ်မှ နှစ် ၂၀ အတွင်း ပထဝီဝင်နိုင်ငံရေးနှင့် လူမှု စီးပွားပြောင်းလဲမှုများအပေါ် အတွေးအမြင်များသည် အာဆီယံ ၏ ဒေသတွင်း ဝိသေသလက္ခဏာ နှင့် ဗဟိုကျမှုတို့ကို လိုက်လျော ညီထွေဖြစ်စေမည့် မဟာဗျူဟာ များအား မီးမောင်းထိုးပြနေ ကြောင်းကို ပြောကြားလိုပါ ကြောင်း၊ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်များ သည် အာဆီယံပြည်သူများ အတွက် ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်ရေး နယ်ပယ်များ အပေါ် ဦးစားပေးခြင်းဖြင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင် ရန်ရည်မှန်းချက်နှင့် ကိုက်ညီပါ ကြောင်း ပြောကြားသည်။
ညပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လာအို နိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသော ကြိုဆိုညစာ စားပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။
ဩဂုတ် ၁၃ ရက် (အစည်း အဝေး ဒုတိယနေ့)တွင် ကျင်းပ သည့် အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် လုပ်ငန်း အစုအဖွဲ့များမှ အလှည့်ကျဥက္ကဋ္ဌ များနှင့် မျက်နှာစုံညီအစည်းအဝေး ၌ ပြည်ထောင်စုဝန်ကြီးက ASCC Post - 2025 မဟာဗျူဟာစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် လုပ်ငန်း စုအဖွဲ့များမှ အလှည့်ကျဥက္ကဋ္ဌများ မျှဝေထားသော အတွေးအမြင်များ နှင့်ဆွေးနွေးမှုများအတွက် ကျေးဇူး တင်ပါကြောင်း၊ အနာဂတ်အတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပေါ် ကျယ် ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ မဟာဗျူဟာ မြောက် အမြော်အမြင်ရှိမှု၊ လိုက်လျောညီထွေရှိမှုနှင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုအပေါ် အလေးပေးမှုသည် ASCC ၏ အစီ အစဉ်များ အပြန်အလှန်ဆက်စပ်မှု ရှိပြီး ထိရောက်မှုရှိစေရန် အရေး ကြီးပါကြောင်း ပြောကြားခဲ့သည်။
ဩဂုတ် ၁၄ ရက် နံနက်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီးသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ သွားရောက် ၍ သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံ ကာ တို့တာဝန် အရေးသုံးပါး ဦးထိပ်ထား၍ နိုင်ငံတော်နှင့် ပြည်သူများအပေါ် သစ္စာရှိရန် လိုအပ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် စွမ်းစွမ်း တမံ ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်