ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပေါင်းလောင်းမြေအောက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေး


 

နေပြည်တော် နိုဝင်ဘာ ၂၁


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ရှိ ပေါင်းလောင်းမြေအောက် ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ စက်ရုံအစည်းအဝေး ခန်းမ၌ စက်ရုံမှူးက အထက် ပေါင်းလောင်း၊ ပေါင်းလောင်း မြေအောက်ဓာတ်အားပေးစက်ရုံနှင့် နန်ချို ရေအားလျှပ်စစ်စက်ရုံတို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့် ရေသိုလှောင်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့ က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက လာမည့် နွေရာသီကာလ တွင် ယခုနှစ်နွေရာသီကာလကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ရန် အတွက် ဓာတ်အားပေးစက်ရုံများအား ကြံ့ခိုင်မှုရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ် ကြောင်း၊ ယခု ကိုဗစ်- ၁၉ ကာလတွင် ပြည်သူလူထုအနေဖြင့် Stay at home ကာလဖြစ်သည့်အလျောက် ကန့်သတ် ချက်များနှင့်အညီ အိမ်တွင်း၌ နေထိုင် နေရသည့်အတွက် လျှပ်စစ်ဓာတ်အား ကို ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ခဲ့သော ကြောင့် များစွာအထောက်အကူ ဖြစ်ခဲ့ သဖြင့် ဆက်လက်၍ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး စီမံ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း။
တစ်ဖက်တွင်လည်း အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ များမှာ တစ်ရက်လျှင် ၁၀ ရွာနှုန်းခန့် ပြီးစီးလျက်ရှိနေသဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် Electrification Ratio ၅၅ ရာခိုင်နှုန်းသည် ယခုအခါ ကျော်လွန်ကာ ၅၆ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရောက်ရှိနေပြီဖြစ်သော ကြောင့် အဆိုပါကျေးရွာများအား လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအတိုင်း ထုတ်လုပ်ရန်နှင့် ဓာတ်အားထုတ်လုပ် သည့် စက်ရုံများမှ National Control Centre (NCC) ၏ ကွပ်ကဲမှုအတိုင်း ထိန်းညှိမောင်းနှင်ကြရန် လိုအပ် ကြောင်း။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ယခင် ၂၀၁၆ ခုနှစ်တွင် အရင်းအမြစ်ပေါင်းစုံမှ နေ့စဉ် ၄၈၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာတွင် ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီ ခန့် ဓာတ်အားစနစ်သို့ တိုးတက် ထုတ်လုပ်ပေးလျက် ရှိပါကြောင်း၊ ထိုသို့ ထုတ်လုပ်ပေးလျက်ရှိရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံမှ စက်တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ်ဖြင့် နေ့စဉ်ပျမ်းမျှ ၂၆၀၀ မဂ္ဂါဝပ်နာရီ ၃၆ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးလျက် ရှိပါကြောင်း၊ ၎င်းအပြင် ထပ်မံတိုးတက် သုံးစွဲ လာမည့် လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ စီမံကိန်းလေးခုကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး အထက် ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်း (၅၁ မဂ္ဂါဝပ်)ကို ၂၀၂၁-၂၀၂၂ တွင် လည်းကောင်း၊ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း (၂၈၀ မဂ္ဂါဝပ်) ကို ၂၀၂၂- ၂၀၂၃ တွင် လည်းကောင်း၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း (၁၅၂ မဂ္ဂါ ဝပ်) ကို ၂၀၂၄- ၂၀၂၅ တွင် လည်းကောင်း၊ သူဌေးရေအားလျှပ်စစ် စီမံကိန်း (၁၁၁ မဂ္ဂါဝပ်) ကို ၂၀၂၅-၂၀၂၆ တွင်လည်းကောင်း အသီးသီး အချိန်မီထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
မကြာမီကာလ၌ ရေအား လျှပ်စစ်စက်ရုံများတွင် Floating Solar Power Plant များ တည်ဆောက်၍ Hydro – Solar Hybrid စနစ်ဖြင့် ဓာတ်အား ပိုမို ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် တိုးတက် သုံးစွဲလာသော လျှပ်စစ် ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေး နိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက် မပြတ် ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန် အတွက် ရေအားလျှပ်စစ်စက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး စက်ရုံများ၊ LNG သုံးစက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း များကို Generation Mix တွင် အရင်း အမြစ်မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရေး တို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များ မောင်းနှင်၍ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက် မှု၊ ရေသိုလှောင်ထားရှိမှုနှင့် Floating Solar Power Plant တည်ဆောက်ရန် နေရာလျာထားမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်