ပြည်တွင်းစီးပွား အားပေးကူညီ

 

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  အသေးစား၊ အလတ်စား နှင့် အငယ်စား (MSME) လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရန် အရေး ကြီးသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်  စက်တင်ဘာ ၂၈ ရက်  နှင့်  ၂၉ ရက်တို့တွင်  မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ စက်မှုဇုန်နှင့်  မန္တလေးစက်မှုဇုန်တို့သို့  သွားရောက်ကာ မိတ္ထီလာ ခရိုင်နှင့် မန္တလေးစက်မှုဇုန်အတွင်းရှိ  အသေးစား၊ အလတ်စား နှင့်   အငယ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့်  တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး  လမ်းညွှန်မှာကြား  တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 


မြန်မာနိုင်ငံတွင်  အသေးစား၊  အလတ်စားနှင့်  အငယ်စား စီးပွားရေးလုပ်ငန်း  လေးသောင်းကျော်ရှိရာ ၂၀၁၅ ခုနှစ် မြန်မာ့စီးပွားရေးလုပ်ငန်းစစ်တမ်းအရ  မြန်မာနိုင်ငံတွင်  စီးပွားရေး လုပ်ငန်း အရေအတွက် အများဆုံးသည်  ကုန်ထုတ်လုပ်မှုကဏ္ဍ (Manufacturing  Sector)  တွင်ရှိပြီး  စုစုပေါင်းလုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းရှိသည်။  မြန်မာနိုင်ငံ၏  စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်မှာ  လုပ်ငန်းငယ်များသာ ဖြစ်သည်။ မြန်မာနိုင်ငံ MSME စီးပွားရေးလုပ်ငန်း  ကုန်ထုတ်လုပ်မှု  စစ်တမ်း (၂၀၁၇) တွင်မူ ထုတ်လုပ်မှုလုပ်ငန်းအများစုသည် မြန်မာနိုင်ငံအလယ်ပိုင်း တွင် တည်ရှိကြပြီး တောင်ပိုင်းကမ်းရိုးတန်း ဒေသတစ်လျှောက် တွင် နည်းပါးကြောင်း၊ စားသောက်ကုန်လုပ်ငန်းသည် ထုတ်လုပ်မှု ကဏ္ဍ၏  အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊  ကုန်ထုတ်လုပ်မှုကဏ္ဍ များတွင် တီထွင်ဆန်းသစ်မှု လွန်စွာနည်းပါးကာ နည်းပညာပိုင်း လည်း နိမ့်ပါးကြောင်း၊ လုပ်ငန်းများအားလုံးသည်  လျှပ်စစ်မီးနှင့် ရေပေးဝေရေးစနစ်မှ  ဖြန့်ဝေသောရေကို  အပြည့်အဝမရရှိကြ ကြောင်း၊  လက်ဖြစ်ကိရိယာ (Hand Tool) များနှင့်  အသုံးပြုပြီး စက်ယန္တရား  အဟောင်းများနှင့်  တစ်ပတ်ရစ်များ (Old and Second Hand Machinery)  များကို  မှီခိုလုပ်ကိုင်နေကြရ ကြောင်း၊   ပြည်ပမှတင်သွင်းသည့်   စက်ပစ္စည်း၊  နည်းပညာ (Technology Through Imports) များကို အသုံးပြုဆောင်ရွက် သည့် လုပ်ငန်းများမှာ  ၂၀  ရာခိုင်နှုန်းခန့်သာရှိကြောင်း၊   သို့ဖြစ် သည့်အတွက် ဈေးကွက်လက်လှမ်းမီနိုင်သည့် နိုင်ငံတကာ အဆင့် အတန်းမီမှု လွန်စွာနည်းပါးကြောင်း စသည်တို့ပါဝင်သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်သည် မိတ္ထီလာစက်မှုဇုန်နှင့်  မန္တလေးစက်မှုဇုန်တို့မှ MSME လုပ်ငန်းရှင်များနှင့်  တွေ့ဆုံ၍ ကုန်ကြမ်းများ ရရှိရေး၊ လိုအပ်သည့်ငွေကြေးများရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးတို့အပါအဝင် လိုအပ်ချက်များကို  ဖြည့်ဆည်းပေးခဲ့ပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားမှုများ၊  တိုက်တွန်း အားပေးမှုများကို   ပြုလုပ်ပေးခဲ့ရာ   ပြည်တွင်းကုန်ထုတ်လုပ်မှု ၏   အဓိကမဏ္ဍိုင်သဖွယ်ဖြစ်သော  အသေးစား၊   အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသည့် အင်အား ကို ဖြစ်ပေါ်စေပါကြောင်း။          ။