
ညောင်လေးပင် မတ် ၁၇
ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ (၃) ရပ်ကွက် ပင်းတလဲကျောင်းကွေ့တွင် မတ် ၁၇ ရက် နံနက် ၁၀ နာရီခန့်က ဆီဘောက်ဆာယာဉ် တိမ်းမှောက်မီးလောင် ရာ အနီးရှိ နေအိမ်လေးလုံးကိုပါ ကူးစက် လောင်ခဲ့သည်။
ဖြစ်စဉ်မှာ ပြွန်တန်ဆာမြို့ ရန်ကုန် - မန္တလေးကားလမ်းမဟောင်း မိုင်တိုင်အမှတ် ၇၆/၆ ပင်းတလဲကျောင်းကွေ့တွင် ရန်ကုန် ဘက်မှ မန္တလေးဘက်သို့ တေဇာထွန်း (၃၁ နှစ်) ပခုက္ကူမြို့နေသူ မောင်းနှင်ပြီး မျိုးကိုကို (၁၉ နှစ်) ရန်ကုန်မြို့နေသူ လိုက်ပါ လာသော ယာဉ်အမှတ် 9P/ ---- ဆယ်ဘီး ဆီ ဘောက်ဆာယာဉ် တိမ်းမှောက်၍ မီးလောင်ရာ ကားလမ်းဘေးအနီးရှိ ပြွန်တန်ဆာမြို့ မြို့မ (၃) ရပ်ကွက် လေးအိမ်စုပိုင်းရှိ ဒေါ်ခင်ကြည်၊ ဦးကံသောင်း၊ မမော်နှင့် အငယ်လေး (ခ) ကျော်စွာဖြိုးတို့ ပိုင်ဆိုင်သည့် အိမ်လေးလုံး မီးလောင်ခဲ့သည်။
အဆိုပါ မီးလောင်ရာသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးကျော်နှင့်တပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဌေး၊ ပြွန်တန်ဆာမြို့ မီးသတ်ဦးစီးမှူး ဦးအောင် အောင်၊ ဒိုက်ဦးမြို့ မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးချမ်းမြေ့ထွန်းနှင့် မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ခြောက်စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခွဲတွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ပြွန်တန်ဆာ တိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နံနက် ၁၁ နာရီတွင် ပဲခူးပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသလျက်ရှိပြီး တေဇာထွန်းကို ပြွန်တန်ဆာ နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)