
ပန်းတနော် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကျုံတိုင်းကလေ ကျေးရွာ၌ မတ် ၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ၃၈ လုံး ပျက်စီးဆုံးရှုံးကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ကျုံတိုင်းကလေးကျေးရွာ ဦးစံဝင်း နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း လူနေအိမ် ခြောက်လုံးနှင့် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ် ၃၂ လုံး စုစုပေါင်း လူနေအိမ် ၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်းဖိုး ငွေကျပ် ၆၈၀၄၀၀၀ ခန့် ဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှု မရှိ ကြောင်းနှင့် မီးဘေးသင့်အိမ်ထောင်စု ၁၈ စု၊ လူဦးရေ စုစုပေါင်း ၁၄၂ ဦးတို့အား သာသနာ့ပါလဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရာ ချထားပေးသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးစီးသော သန္ဓေတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ပသွယ် နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစံဝင်းကို ပန်းတနော်မြို့နယ် ဇရပ်လှကြီးနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)