
ပါရီအိုလံပစ် ၂၀၂၄ အမျိုးသား ယူ - ၂၃ ဘောလုံးပြိုင်ပွဲ ဆီမီး ဖိုင်နယ် ပွဲစဉ်များတွင် ပြင်သစ်နှင့် စပိန်တို့ ပြိုင်ဘက်များကို အသီးသီး အနိုင်ယူပြီး ဗိုလ်လုပွဲသို့တက်လှမ်း ပြီဖြစ်သည်။ ပြင်သစ် ယူ -၂၃ နှင့် အီဂျစ် ယူ - ၂၃ ပွဲစဉ်ကို ဩဂုတ် ၆ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့ရာ ပြင်သစ်အသင်း က မာတီတာ၏ သွင်းဂိုးများနှင့် အတူ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။
အဆိုပါပွဲစဉ်မှာ သာမန်ပွဲကစားချိန်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျ နေခဲ့၍ အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပို မိနစ် ၃၀ တွင် အီဂျစ်အသင်းမှ ဖာရက် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံ ခဲ့ရသည့်အတွက် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ ထို့နောက်တွင် အီဂျစ်အသင်းသည် ပြင်သစ်အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကို ခုခံဟန့်တား နိုင်ခြင်းမရှိတော့သည်အထိ ကစားအား သိသိသာသာ ကျဆင်းသွား ခဲ့သည်။
ပြင်သစ်အသင်းသည် အီဂျစ်အသင်းဘက်သို့ ဂိုးရရှိရန် နီးစပ်သည့် အခွင့်အရေး ခုနစ်ကြိမ်ထက်မနည်းရရှိခဲ့သော်လည်း ငါးကြိမ်အထိ လွဲချော်ခဲ့သည်။ ပြိုင်ဘက်အီဂျစ်အသင်းက ပြင်သစ်အသင်းဘက်သို့ ဂိုးကန်သွင်းမှု ၁၇ ကြိမ်ထက်မနည်းရှိသော်လည်း ဂိုးရရှိရန် နီးစပ်သည့် အခွင့်အရေး ဖန်တီးထားနိုင်ခြင်း မရှိပေ။
အခြားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဩဂုတ် ၅ ရက် ည ၁၀ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သော မော်ရိုကိုနှင့် စပိန်အသင်းပွဲစဉ်တွင် စပိန်အသင်း က အကြိတ်အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုး ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့သည်။
ပြင်သစ်ကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲတက်လှမ်းခွင့် လွဲချော်ခဲ့သော အီဂျစ် အသင်းသည် ဩဂုတ် ၈ ရက်တွင် တတိယနေရာလုပွဲအဖြစ် ခြေစွမ်း ထက်မြက်သည့် မော်ရိုကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အီဂျစ်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော ပြင်သစ်အသင်းသည် ပါရီအိုလံ ပစ် ၂၀၂၄ အမျိုးသား ယူ - ၂၃ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အသင်းကြီး စပိန်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ အဆိုပါပွဲစဉ်ကို ဩဂုတ် ၉ ရက် ည ၁၀ နာရီခွဲတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
အောင်ဇော်