
ပရီမီယာလိဂ် ပွဲစဉ်(၄)မှ အစောဆုံးပွဲစဉ်ဖြစ်သည့် ဆောက်သမ်တန်အသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်ကို ဩဂုတ် ၂၇ ရက်ညပိုင်းက ဆောက်သမ်တန်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် မန်ယူအသင်းသည် ပရီမီယာလိဂ် လေးပွဲကစားပြီး နှစ်ပွဲနိုင် ၊ နှစ်ပွဲရှုံးဖြင့် ရမှတ်ခြောက်မှတ်ရရှိပြီဖြစ်သည်၊။ ပြိုင်ဘက်ဆောက်သမ်တန်အသင်းက ယခုပွဲရှုံးနိမ့်မှုကြောင့် လေးပွဲကစားပြီး တစ်ပွဲနိုင် ၊ တစ်ပွဲ သရေ ၊ နှစ်ပွဲရှုံးဖြင့် ရမှတ်လေးမှတ် ရရှိထားသည်။
နည်းပြတန်ဟက်လက်ထက်တွင် တည်ငြိမ်သည့် ကစားဟန် ပျောက်ဆုံးနေသော မန်ယူအသင်းသည် ဆောက်သမ်တန်အသင်း ဘက်သို့ သွင်းဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။ ပထမပိုင်းတွင် မန်ယူ အသင်းထက် အိမ်ရှင်ဆောက်သမ်တန်အသင်းက ဂိုးရရှိနိုင်သည့် အခွင့်အရေး ဖန်တီးမှုအချို့ ပြုလုပ်နိုင်ခဲ့သည်။ သို့သော်လည်း မန်ယူ ခံစစ်နှင့် ဂိုးသမားဒီဂီယာတို့ ဟန့်တားရှင်းထုတ်နိုင်ခဲ့သည့်အတွက် ဂိုးမရရှိပေ။
ပွဲချိန် ၅၅ မိနစ်တွင် မန်ယူအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒါးလော့ ၏ဖန်တီးမှုကို ဖာနန်ဒက်စ်အပိုင် ပိတ်သွင်းယူနိုင်ခဲ့သည်။ မန်ယူ အသင်းသည် ပွဲချိန်မိနစ် ၈၀ တွင် ကစားအားကျလာသည့် အီလန်ဂါကို အနားပေးကာ အသစ်ခေါ်ယူထားသည့် ကက်စမဲရိုးကို ထည့်သွင်း အသုံးပြုခဲ့သည်။
အခြားပွဲစဉ်ရလဒ်များတွင် ဘရန့်ဖို့ဒ်နှင့် အဲဗာတန်တစ်ဂိုးစီ သရေဖြစ်ပြီး ဘရိုက်တန်က လိဒ်ကိုတစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။ ချယ်ဆီးက လက်စတာကို နှစ်ဂိုး-တစ်ဂိုဖြင့် အနိုင်ရသည်။ မန်စီးတီးက ပဲလေ့စ်ကို ပထမပိုင်းတွင် နှစ်ဂိုးပြတ်ရှုံးသော်လည်း ပွဲအပြီးတွင် လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နိုင်ပွဲပျောက်နေသည့် လီဗာပူးက ယခုပွဲစဉ်တွင် ဘုန်းမောက်ကို ကိုးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။
အောင်ဇော်