ပရီမီယာလိဂ်ပွဲစဉ် (၁၉) တွင် ယာယီနည်းပြ ရန်းနစ်ခ်လက်ထက် ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့သည့် မန်ယူ 


 

ပရီမီယာလိဂ်ပွဲစဉ် (၁၉) မှ မန်ယူအသင်းနှင့် ဝုဖ်အသင်းတို့ပွဲစဉ်ကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဝုဖ်အသင်းက မော်တင်ဟို၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူအသင်းအနေဖြင့် ယခုပွဲစဉ် ရှုံးနိမ့်မှု သည် နိုဝင်ဘာ ၂၀ ရက်က နည်းပြဆိုးလ်ရှား နောက်ဆုံး တာဝန်ယူ ကိုင်တွယ်သည့် ဝက်ဖို့ဒ်ပွဲစဉ်နှင့်ပွဲစဉ်ပြီးနောက် ပထမဆုံးအကြိမ် ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ 
ဝုဖ်အသင်းအနေဖြင့် ယခုပွဲစဉ်အနိုင်ရရှိခြင်းသည် အိုးထရက်ဖို့ဒ်၌ မန်ယူအသင်းကို ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ပွဲရရှိ ခဲ့ခြင်းဖြစ်သည်။ ခံစစ်ကစားသမား ဖီးလ်ဂျုံးသည် ဒဏ်ရာကြောင့် နှစ်နှစ်နီးပါး ပွဲကစားခွင့်နှင့်ဝေးကွာပြီးနောက် ယနေ့ပွဲစဉ်တွင် မန်ယူ အသင်း  ပွဲထွက်ကစားသမားစာရင်း၌  ပြန်လည်ပါဝင်လာခဲ့သည်။ ထို့အပြင် မန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယား ပါဝင်လာနိုင်ခြင်း မရှိဘဲ    စီရော်နယ်ဒိုက  အသင်းခေါင်းဆောင်အဖြစ်   တာဝန်ယူပွဲ ထွက်လာခဲ့သည်။   သို့သော်လည်း    မန်ယူအသင်းသည်   ခံစစ်ပိုင်း တည်ငြိမ်မှုအားနည်းသလို   စီရော်နယ်ဒို   ဦးဆောင်သည့်  တိုက်စစ် ကလည်း ထက်မြက်မှုအားနည်းခဲ့သည်ကို တွေ့ရသည်။ 
ဝုဖ်အသင်းသည်   မန်ယူအသင်းကို   ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု ၁၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။ မန်ယူအသင်းက ဂိုးကန်သွင်းမှု ကိုးကြိမ်သာရှိခဲ့သည်။ ဝုဖ်အသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၂ မိနစ်တွင် မော်တင်ဟိုက သွင်းယူ ပေးနိုင်ခဲ့သည်။ ထို့နောက်တွင် မန်ယူအသင်း ချေပဂိုးရရှိရေး ကြိုးစား လာသော်လည်း အဆုံးသတ်မသေချာမှုကြောင့် ဝုဖ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ 
မန်ယူအသင်းအနေဖြင့်  အဆိုပါရှုံးနိမ့်မှုသည်   ယာယီနည်းပြ ရန်းနစ်ခ်လက်ထက်    ပထမဆုံးရှုံးပွဲဖြစ်ပြီး     အမှတ်ပေးဇယား ဦးဆောင်သူ  မန်စီးတီးအသင်းနှင့်   ရမှတ်ကွာဟမှု ၂၂ မှတ်အထိ ရှိလာခဲ့ပြီဖြစ်သည်။ လာမည့်ပွဲစဉ်အဖြစ် အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်ယူအသင်းက အက်စ်တွန်ဗီလာအသင်းနှင့် ဇန်နဝါရီ ၁၁ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဝုဖ်အသင်းက ဇန်နဝါရီ ၉ ရက်တွင် ရှက်ဖီးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                                                                                                                      
အောင်ဇော်