
ရန်ကုန် အောက်တိုဘာ ၁၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သည့်အထောက်အကူပစ္စည်းများဖြစ်သော KN95 Mask များ၊ PPE Medical Protective Clothing များ၊ Medical Cap များ၊ Goggles များကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဝယ်ယူထားကြောင်း သိရသည်။
အဆိုပါ အထောက်အကူပစ္စည်းများအနက် အလေးချိန် ၂၀၆၆ ကီလိုဂရမ်ရှိ KN95 Mask ပုံး ၂၅၀၊ အရေအတွက် သုံးသိန်းမှာ ယနေ့ နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် China Southern Airline လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမအသုတ်အဖြစ် ရောက်ရှိလာသည်။
အထောက်အကူပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တို့မှတစ်ဆင့် အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၃ ရက် အထိအတွင်း အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ယင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသ ရေးအတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံ တာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဖြန့်ဝေရန်ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်