
ဆောင်းပါး
======
ပဋိဇီဝဆေးယဉ်ပါးခြင်းဆိုသည့် ဆေးမတိုးခြင်းပြဿနာ
================================
ပါမောက္ခ ဒေါက်တာဌေးဌေးတင်
ပဋိဇီဝဆေးယဉ်ပါးခြင်းအပါအဝင် ဆေးမတိုးခြင်း ဆိုသည်မှာ
ပဋိဇီဝဆေး ဆိုသည်မှာ ဗက်တီးရီးယားပိုးမွှားများကြောင့်ဖြစ်သော ရောဂါများကို ကုသနိုင်သော ဆေးဖြစ်သည်။ ပဋိဇီဝဆေးယဉ်ပါးခြင်းဆိုသည်မှာ ပဋိဇီဝဆေးများကို ဗက်တီးရီးယားပိုးများက ခံနိုင်ရည်ရှိလာခြင်းဖြစ်သည်။ ပဋိဇီဝဆေးယဉ်ပါးခြင်းကြောင့် ကူးစက်ရောဂါများကို ကုသနိုင်စွမ်းလျော့နည်း လာသည်။ တစ်နည်းအားဖြင့် ဆေးမတိုးတော့ခြင်း ဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာ
ပဋိဇီဝဆေးယဉ်ပါးခြင်းသည် တစ်ဦးတစ်ယောက်၊ မိသားစုတစ်ခု၏ ပြဿနာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ထားပါသည်။ တစ်ဦးချင်းလိုက်နာရန် ပျက်ကွက်မှုမှအစပြု၍ ဖြစ်ပေါ်လာသော ပဋိဇီဝဆေးယဉ်ပါးခြင်းကိစ္စသည် တစ်နှစ်လျှင် ကမ္ဘာအနှံ့ရှိ လူသားပေါင်း ခုနစ်သိန်းကို သေဆုံးစေသည့် ဒုက္ခတစ်မျိုးဖြစ်လာနေပါပြီ။ ကျွမ်းကျင်သူများ၏ ခန့်မှန်းတွက်ချက်မှုအရ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူသား သိန်းတစ်ရာ၊ (၁၀)သန်းအထိ သေဆုံးလိမ့်မည်ဟု ဟောကိန်းထုတ်ထားပါသည်။ အဆိုပါ (၁၀)သန်းဆိုသော အရေအတွက်သည် တစ်နှစ်လျှင် သေဆုံးမည့်နှုန်းထားဖြစ်နေသဖြင့် ကင်ဆာ ရောဂါကြောင့် သေဆုံးမှုထက် ကျော်လွန်သွားမည်ဖြစ်ပါသည်။ ၂၀၅၀ ပြည့်နှစ် တွင် ကင်ဆာရောဂါကြောင့် သေဆုံးမှုမှာ (၈.၂)သန်းရှိနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ သိရှိရပါသည်။ ၂၀၅၀ ပြည့်နှစ် ဆိုသည်မှာ မကြာခင်အတွင်း ရောက်လာတော့မှာဖြစ်၍ အဝေးကြီးပါလို့ ပြော၍ မဖြစ်ပါ။ လွန်ခဲ့သော ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်က ကမ္ဘာတစ်ခုလုံး Year 2000 လုပ်ခဲ့ကြသည်ကို ပြန်စဉ်းစားကြည့်ပါက ၂၀၂၀ ကို ခဏလေး ရောက်လာသလို ထင်ရပါသည်။ နေ့စဉ်နှင့်အမျှ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရသဖြင့် အနှစ် ၂၀ ဆိုတာ ဝုန်းခနဲရောက်လာသလို ဖြစ်နေတတ်ပါသည်။ သို့ဖြစ်၍ ၂၀၅၀ ဆိုသည်မှာလည်း ဝေးပါသေးသည်ဆိုပြီး ပေါ့ဆ၍ မနေသင့်ပါ။ အသိတရားများကိုယ်စီဖြင့် ပေါ်ပေါက်လာမည့် ဘေးအန္တရာယ်များကို အနည်းဆုံး၊ အသက်သာဆုံးဖြစ်စေရန် လူတိုင်း လုပ်ဆောင်ရပါမည်။ ၂၀၅၀ အတွက် ဆေးမတိုးခြင်းကြောင့် သေဆုံးနိုင်မည့် လူပေါင်း (၁၀)သန်းတွင် အာရှတိုက်မှ (၄.၇)သန်း ဖြစ်နေကြောင်း သိရသဖြင့် ပို၍ထိတ်လန့်မိပါသည်။ အမှန်အားဖြင့် ဆင်းရဲနွမ်းပါးမှုများသည့် ဒေသများ တွင် သေဆုံးမှု ပို၍များမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ အဆိုပါ ၂၀၅၀ ပြည့်နှစ်တွင် ပဋိဇီဝဆေးယဉ်ပါးခြင်းအတွက် ကုန်ကျစရိတ်မှာ တစ်ကမ္ဘာလုံးအနေဖြင့် ၆၆ ထရီလီယံ (စတာလင်ပေါင်) ရှိမည်ဟု ခန့်မှန်းထား ကြပါသည်။ ယခုနှစ်၏ ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ပုဒ်ထူးခြားချက်မှာ Handle Antibiotics With Care နေရာ တွင် Handle Antimicrobials with care ဟူ၍ ဖော်ပြထားသည့်အတွက် ပဋိဇီဝဆေးအပြင် ဗိုင်းရပ်စ်အတွက်ဆေးများ၊ မှိုရောဂါအတွက်ဆေးများ ဆေးယဉ်ပါးမှုတို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဂရုစိုက်ရမည်ဆိုသည့် သဘော သက်ရောက်ပါသည်။
မြန်မာနိုင်ငံ၏ ရင်ဆိုင်ဖြေရှင်းမှု
မြန်မာနိုင်ငံအနေဖြင့်လည်း ပဋိဇီဝဆေးယဉ်ပါးခြင်း ပြဿနာသည် နိုင်ငံ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါသည်။ သို့ဖြစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက် ရေးဆိုင်ရာစီမံကိန်း (National Action Plan for Containment of Antimicrobial Resistance) ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါသည်။ နိုင်ငံအတွင်း ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးညှိနှိုင်းမှုဗဟိုဌာန (National Coordinating Center / NCC)ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိခဲ့ပါသည်။ NCC ၏ ဦးဆောင်မှုအောက်တွင် အသိပေးနှိုးဆော်ခြင်း (Awareness)၊ စောင့်ကြပ်ကြည့်ရှုခြင်း (Surveillance)၊ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်း (Infection Prevention and Control)၊ ပဋိဇီဝဆေးသုံးစွဲမှု (Antimicrobial Usage)၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း (Research and Development) ဆိုပြီး ပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (၅)ဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါသည်။ ပဋိဇီဝဆေးဝါးသုံးစွဲမှု အချိုးအစားအရ တိရစ္ဆာန်များတွင် ၆၀ % ခန့် ရှိနေပြီး၊ လူတွင် ၄၀% ခန့်ရှိနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ သို့ဖြစ်ပါ၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသည် အခြားသော နှီးနွှယ်ဝန်ကြီးဌာနများနှင့် လည်းကောင်း၊ WHO ၊ FAO ၊ OIE အစရှိသော အဖွဲ့အစည်းများနှင့် လည်းကောင်း၊ International Partners များနှင့်လည်းကောင်း၊ NGO များ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများနှင့်လည်းကောင်း လုပ်ငန်းစဉ်များကို ပူးပေါင်း လုပ်ဆောင်လျက်ရှိပါသည်။
NCC အနေဖြင့် အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး ဆိုင်ရာ စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်း၊ နည်းဗျူဟာမြောက် လုပ်ဆောင်ခြင်း၊ ပြီးစီးမှု၊ တိုးတက်မှု၊ အကောင်အထည်ဖော်မှု စသည်များကို စောင့်ကြည့်အကဲဖြတ်ခြင်း၊ လုပ်ငန်းပြီးစီးမှုအခြေအနေအား တင်ပြခြင်း၊ ဆက်စပ် အဖွဲ့အစည်းများထံ ဖြန့်ဝေခြင်း၊ Guideline (လမ်းညွှန်ချက်) ရေးဆွဲဖြန့်ဝေခြင်း၊ ပညာရပ်ဆိုင်ရာအဖွဲ့များထံမှ အကြံဉာဏ်ရယူခြင်း၊ အထောက်အကူရယူခြင်း များကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။
တစ်ခုတည်းသောကျန်းမာရေး(One Health Approach)
ပဋိဇီဝဆေးယဉ်ပါးခြင်းကို တိုက်ဖျက်ရာတွင် မွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှသာ ထိရောက်အောင်မြင်မည်ဖြစ်ပါသည်။ လူတို့နေ့စဉ်အမျှစားသုံးနေသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများတွင် ပဋိဇီဝဆေးသုံးစွဲမှုကြောင့် လူ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာပါသည်။ အထူးသဖြင့် ကြက်၊ ဝက်၊ နွား၊ ငါး မွေးမြူရေးလုပ်ငန်းများတွင် အသားတိုးရန်အတွက် လည်းကောင်း၊ ရောဂါ ကာကွယ်ရန်အတွက်လည်းကောင်း၊ ပဋိဇီဝဆေးဝါးများကို အစာများနှင့် ရောနှော၍ ကျွေးမွေးလေ့ရှိကြပါသည်။ အဆိုပါ အသားငါးများကို စားသုံးသည့် လူတို့တွင်လည်း ပဋိဇီဝဆေးယဉ်ပါးမှုကို ဖြစ်စေပါသည်။
လူတို့ နေ့စဉ်စားသုံးနေသော အစားအစာများတွင်လည်း ပဋိဇီဝဆေးများ မည်မျှပါဝင်နေသည်ကို သတိပြုဆင်ခြင်သင့်ပါသည်။ မွေးမြူရေးလုပ်ငန်းရှင်များ ကလည်း ကိုယ်ကျိုးစီးပွားတစ်ခုတည်းကို မကြည့်ဘဲ အများအတွက် ထည့်သွင်း စဉ်းစားလုပ်ဆောင်သင့်ပါသည်။ တာဝန်ရှိသူများကလည်း ပဋိဇီဝဆေးယဉ်ပါးခြင်း၏ အန္တရာယ်များကိုလည်း အသိပညာပေးထားရပါမည်။ အကြောင်းအကျိုးကိုမသိ၍ လုပ်မိခြင်း၊ သိလျက်နှင့်လုပ်မိခြင်း စသည့်လုပ်ဆောင်မှုများသည် စားသုံးသူ လူသားများအတွက် ကျန်းမာရေးအန္တရာယ်ရှိလာမှာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပဋိဇီဝဆေးယဉ်ပါးခြင်း တိုက်ဖျက်ရေးတာဝန်ရှိသူများသည် လမ်းညွှန်ချက် များကို အသိပေးခြင်း၊ ပညာပေးခြင်းများအား အလွှာပေါင်းစုံ သိရှိလိုက်နာစေရန် ဆောင်ရွက်ရပါမည်။ အသိပညာပေးပြီးနောက် လိုက်နာရန် ပျက်ကွက်နေသူများ ကိုလည်း စောင့်ကြည့်လေ့လာ၍ တည့်မတ်ပေးရပါမည်။ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများက မွေးမြူရေး လုပ်ငန်းရှင်များအား Good Animal husbandary Practice (ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်)များကို လမ်းညွှန်ပြသခြင်း၊ ကြပ်မတ်စောင့်ကြည့်ခြင်း၊ ပံ့ပိုးကူညီခြင်းများ မျက်ခြည်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။
လူသားများ၏ ကျန်းမာရေးသည် တိရစ္ဆာန်မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးများနှင့် တွဲလျက်ဆက်စပ်နေသဖြင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က One Health Approach (တစ်ခုတည်းသော ကျန်းမာရေး)ကို အထူး အလေးပေး အကောင်အထည်ဖော်သွားရန် တိုက်တွန်းလျက်ရှိပါသည်။ အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းပါးသောနိုင်ငံများတွင် အရေးတကြီး ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ခံယူလုပ်ဆောင်သွားသင့်ကြောင်း ထောက်ပြ လျက်ရှိပါသည်။
ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် သတ်မှတ်ကျင်းပခြင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် အား ၂၀၁၇ ခုနှစ်မှစတင်၍ နှစ်စဉ် နိုဝင်ဘာလ(၁၈)ရက်မှ (၂၄)ရက်နေ့အထိ သတ်မှတ်ပေးပြီး နိုင်ငံတကာမှာ အခမ်းအနားများ၊ လှုပ်ရှားမှုများ ကျင်းပရန် လမ်းညွှန်မှုပေးပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် အခမ်း အနားများကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ် အခမ်းအနားကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားများတွင် ကျန်းမာရေးအသိပညာပေး စကားဝိုင်းများ ကျင်းပခြင်း၊ ပဋိဇီဝဆေးယဉ်ပါးခြင်းနှင့်ပတ်သက်သော အသိပညာပေး ပြခန်းများပြသခြင်း၊ လက်ကမ်းစာစောင်နှင့် IEC material (Information, Education, Communication) များ ဖြန့်ဝေခြင်း၊ ပိုစတာနှင့် ကာတွန်းပြိုင်ပွဲ များကျင်းပခြင်း၊ တေးသရုပ်ဖော်အကဖြင့် တင်ဆက်ခြင်း၊ ပြည်သူများသိရှိ စေရန် ပိုစတာများစိုက်ထူခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ ယခုနှစ်သည် Covid-19 ရောဂါအခြေအနေအရ ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် လှုပ်ရှားမှုများအား Online မီဒီယာကို အသုံးပြု၍ လုပ်ဆောင်သွားပါမည်။ လူထုလူတန်းစားအသီးသီးက ပဋိဇီဝဆေးယဉ်ပါးခြင်း၏ ဆိုးကျိုးများနှင့် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို ပိုမိုတိုးတက်သိရှိလာစေရန် လူထုဆက်သွယ်ရေး နည်းလမ်းများစွာဖြင့် လုပ်ဆောင်သွားပါမည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ယခုနှစ်ဆောင်ပုဒ်မှာ “ United to Preserve antimicrobials ” ပဋိဇီဝဆေးအာနိသင်ကြာရှည်အစွမ်းထက်ဖို့ အားလုံး ထိန်းသိမ်းသုံးစွဲစို့" ဖြစ်ပါသည်။ ပဋိဇီဝဆေးက ရောဂါပိုးကို မသတ်နိုင်ပါက အာနိသင်မရှိသောဆေး၊ အစွမ်းမထက်သောဆေး ဖြစ်သွားပါမည်။ သို့ဖြစ်၍ ပဋိဇီဝဆေးအာနိသင် ကြာရှည်အစွမ်းထက်ဖို့ ကျန်းမာရေးဝန်ထမ်းများ၊ စီမံခန့်ခွဲသူများ၊ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဝါးရောင်းချသူများ၊ လုပ်သား ပြည်သူများအားလုံးက ဝိုင်းဝန်းထိန်းသိမ်းသွားရပါမည်။ ပိုမိုအစွမ်းထက် သော ပဋိဇီဝဆေးများကိုလည်း ကမ္ဘာတစ်ဝန်းက ထပ်မံထုတ်လုပ်လာနိုင်ခြင်း လည်း မရှိသေးသဖြင့်လည်း လက်ရှိသုံးစွဲနေသော ပဋိဇီဝဆေးများ၏ အာနိသင်ကို ထိန်းသိမ်းထားရန် လိုအပ်ပါသည်။
ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဝါးရောင်းချသူများ၏ကဏ္ဍ
လက်ရှိကျင့်သုံးနေသော လမ်းညွှန်ချက်များအရ ပဋိဇီဝဆေးများကို လိုအပ်သည့်အခါမှသာပေးရန် (သို့မဟုတ်)ရောင်းချရန် ဖြစ်ပါသည်။ ပဋိဇီဝ ဆေးလာဝယ်သူအား ဆရာဝန်ညွှန်ကြားချက်ပါရှိမှသာ ရောင်းချခြင်းအပြင် သင့်လျော်သော ဆေးဝါး/ပမာဏ/ ဆေးသောက်ရမည့်ကာလတို့ကို တိတိ ကျကျ သတ်မှတ်ပေးရပါမည်။ ဆေးဝယ်လာသူ/ လူနာကို သာမန်အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်းတို့အတွက် ပဋိဇီဝဆေးဝါး မလိုအပ်ကြောင်း ရှင်းလင်း ပြောဆိုပေးရပါမည်။ လူနာများအား ပဋိဇီဝဆေးဝါးများကို မှန်ကန်စွာ သုံးစွဲ နည်းနှင့် လွဲမှားစွာ အသုံးပြုပါက ဆေးယဉ်ပါးပြီး အန္တရာယ်ရှိနိုင်ကြောင်း အချိန်ပေး၍ ရှင်းလင်းပြောဆိုပေးရပါမည်။ ရောဂါမသက်သာပါက နားလည် တတ်ကျွမ်းသော ကျန်းမာရေးစောင့်ရှောက်သူထံ ပြန်လည်ပြသမေးမြန်းရန် သတိပေးရပါမည်။ ကာကွယ်ဆေးထိုးခြင်း၊ လက်ဆေးခြင်း၊ ဘေးကင်းသော လိင်ဆက်ဆံခြင်းနှင့် နှာချေချောင်းဆိုးချိန်တိုင်းတွင် ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ထားခြင်းတို့သည် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်ကြောင်း ရှင်းပြ ပေးရပါမည်။ အရေးကြီးဆုံးအချက်မှာ စပ်ဆေးများ၊ ရက်လွန်ဆေးများ၊ လုံးဝ မရောင်းချရန်ဖြစ်ပြီး မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA)မှ ခွင့်ပြုချက်ရပြီးသော ဆေးများကိုသာ ရောင်းချရန်ဖြစ်ပါသည်။
အထူးသတိပေးလိုခြင်း
လူတိုင်းသည် နေ့စဉ်နှင့်အမျှ ရောဂါပိုးများနှင့် ထိတွေ့နေကြရပါသည်။ မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ရောဂါပိုးများ ဝင်ရောက်လာ ပါက အာနိသင်ရှိပြီး အစွမ်းထက်သော ပဋိဇီဝဆေးဝါးသောက်သုံးရန် သက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။ ဆရာဝန်နှင့်ပြသရန် အခက် အခဲရှိနေပါက ကျွမ်းကျင်သူနှင့်လည်း တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ရောဂါပိုး အတွက် ဆေးဝယ်သောက်ရာတွင် အရေးကြီးသည်မှာ ဆေးစွမ်းပြဖို့ဖြစ်ပါ သည်။ ဆေးက ရောဂါပိုးကို မနိုင်ဘူးဆိုပါက ဒုက္ခတွေ့ရပါတော့မည်။ ဓာတ်ခွဲခန်း မှ ပိုးမွေးမြူရလဒ်အဖြေ၌ ပဋိဇီဝဆေးများအားလုံးလိုလို Resistance (R) လက္ခဏာအမှတ်အသားများ ပြလာပါက လူနာအတွက် ဝမ်းနည်းစရာပါ။ ကုသပေးမည့် ဆရာဝန်နှင့် ကုန်ကျစရာ ငွေကြေးရှိသော်လည်း ဆေးမတိုး တော့သည့်အတွက် ဆက်လက်အသက်ရှင်ဖွယ်ရာ အခွင့်အလမ်းမရှိနိုင်တော့ ကြောင်း အထူးသတိပေးလိုပါသည်။ ပြည်သူအပေါင်း ဆေးမတိုးခြင်းဒုက္ခမှ ကင်းဝေးကြပါစေ။
- Log in to post comments