
ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ အပါအဝင်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် နိုင်ငံတော်ကိစ္စရပ်များတွင်အသုံးပြုရန် ဝယ်ယူထားသော နိုင်ငံတော်ပိုင် ရဟတ်ယာဉ် နေပြည်တော်သို့ ရောက်ရှိ
==================================================================================================================================================
နေပြည်တော် နိုဝင်ဘာ ၁
ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းများ အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုလုပ်ငန်းများနှင့် နိုင်ငံတော် ကိစ္စရပ်များတွင် အသုံးပြုရန် ဝယ်ယူ ထားသော နိုင်ငံတော်ပိုင် AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက်သည်။
အဆိုပါရဟတ်ယာဉ်ကို နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူနှင့် ဦးစိုးဝင်း၊ နိုင်ငံတော် ပိုင်ရဟတ်ယာဉ် ဝယ်ယူအသုံးပြုရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင် ဒုတိယဝန်ကြီး များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြည့်ရှုကြသည်။
လိုက်ပါစီးနင်း
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် နေပြည်တော်တစ်ဝိုက် XY-AFT ရဟတ်ယာဉ်လှည့်လည် ပျံသန်းပြမှုကို လိုက်ပါစီးနင်းသည်။
နိုင်ငံတစ်ဝန်း ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေ ကယ်ဆယ်ရေး၊ အရေးပေါ်ထောက်ပံ့ ရေးစသည့် အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် နိုင်ငံတော်ကိစ္စရပ် များတွင် အသုံးပြုရန် အမျိုးသား
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဝယ်ယူထားသော အဆိုပါ AW-139 အမျိုးစားရဟတ်ယာဉ် XY-AFT သည် အောက်တိုဘာ ၃၀ ရက် နံနက် ပိုင်းတွင် မလေးရှားနိုင်ငံမှ Ferry Flight ပျံသန်းလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်ခဲ့သည်။
စိစစ်မှုလုပ်ငန်းများဆောင်ရွက်
ယင်းရဟတ်ယာဉ်သည် အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ရပ်နားကာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က လိုအပ်သော စိစစ်မှုလုပ်ငန်းများဆောင်ရွက်ပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ Acceptance Flight Test ပျံသန်းလာရာ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရုံးလုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်ပေးရသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် အီတလီနိုင်ငံ Leonardo S.P.A. ကုမ္ပဏီနှင့် ရဟတ်ယာဉ်ဝယ်ယူ ရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် အီတလီနိုင်ငံရှိ ရဟတ်ယာဉ်ထုတ်လုပ်သည့် စက်ရုံ၌ ရဟတ်ယာဉ်ကို စစ်ဆေးလက်ခံခဲ့ ကြောင်း၊ ထို့နောက် ရဟတ်ယာဉ်ကို မလေးရှားနိုင်ငံရှိ ကုမ္ပဏီ၏ အလုပ်ရုံသို့ ပို့ဆောင်၍ ပြန်လည်တပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီလဆန်းပိုင်း ကပင် ပြီးစီးခဲ့သော်လည်း COVID-19 ကပ်ရောဂါဆိုင်ရာ သွားလာမှုကန့်သတ်ချက် များကြောင့် မြန်မာနိုင်ငံသို့ ယခုမှပင် ပျံသန်းပို့ဆောင်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရဟတ်ယာဉ်တွင် ရဟတ်ယာဉ်မှူးနှစ်ဦးနှင့် ခရီးသည် ၁၄ ဦး စုစုပေါင်း ၁၆ ဦး လိုက်ပါစီးနင်းနိုင်ပြီး ကီလိုမီတာ ၆၀၀ ကျော် ပျံသန်းနိုင်ကာ မြေပြင်နှင့်ရေပြင် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ပစ္စည်း ကိရိယာများပါရှိကြောင်း သိရသည်။
စာချုပ် ချုပ်ဆို
နိုင်ငံတော်ပိုင် ရဟတ်ယာဉ် ပျံသန်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမျိုးအစားတူ AW-139 ရဟတ်ယာဉ် ပျံသန်းအသုံးပြုလျက်ရှိသည့် Air Myanmar Aviation Service သို့ လုပ်ငန်းအပ်နှံသည့် စာချုပ်ချုပ်ဆို ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်းစဉ်