ရာပြည့်တက္ကသိုလ်အား ဂုဏ်ပြုခြင်း

Type
99

 

 

ကိုကိုနိုင်(ပင်လုံ)

 

 

နယ်မြို့တစ်မြို့တွင် မွေးဖွားကြီးပြင်းသူ ကျွန်တော့်အနေဖြင့် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ခွင့်ရမည်ဟု ထင်မှတ်မထားပါ။ အထက်တန်းကျောင်းသားဘဝ ရန်ကုန်သို့ ရောက်စဉ် တက္ကသိုလ်ကျောင်းသား အစ်ကိုဝမ်းကွဲက ခေါ်သွားသဖြင့် တက္ကသိုလ်ပရိဝုဏ်သို့ ခြေချဖူးသည်။ အထင်ကြီးလေးစားစိတ်နှင့်အတူ တက္ကသိုလ်ကျောင်းသားဘဝ အားကျပြီး ၁၀ တန်း အောင်ရန် ခွန်အား၊ တွန်းအား ဖြစ်ပါသည်။

ထိုစဉ်ကာလ ၁၀ တန်း “က”အဆင့် အောင်ချက် ၁၀ ရာနှုန်းမကျော်ပါ။ ကျွန်တော် တို့မြို့တွင် ဒေသကောလိပ်ရှိပြီး ယင်းမှ အောင်လျှင် အခြားမြို့ကြီးတစ်မြို့တွင် ဒီဂရီ ကောလိပ်တက်ရပါသည်။ မိဘများက ကိုယ်တိုင်တက္ကသိုလ်ပညာ မဆည်းပူးရ ရှာသော်လည်း ရန်ကုန်တက္ကသိုလ်သို့ တက်စေလိုသဖြင့် ရန်ကုန်ရှိ အဒေါ်၏ နေရပ် လိပ်စာသို့ ကျွန်တော့်အား ပြောင်းရွှေ့စေကာ တက္ကသိုလ်ဝင်ခွင့်လျှောက်တော့ အမှတ်(၂)ဒေသကောလိပ်တွင် တက်ရပါသည်။

ရန်ကုန်တက္ကသိုလ် စတက်ခွင့်ရ

ထိုစဉ်က ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်သို့ ဖြတ်လျှောက်ခွင့်သာရပါသည်။ ၁၆ လိုင်းကားဖြင့် အိမ်မှလာပြီး အမရဆောင် ရှေ့တွင်ဆင်း၍ ဂိတ်ပေါက်မှဝင်၊ ရာမည ဆောင်ဘက်သို့ ထောင့်ဖြတ်ဖြတ်လျှောက်၊ ဂိတ်ပေါက်မှပြန်ထွက် ၊ ၉ ကားကို ပြောင်းစီး သည့် ဘတ်စ်ကားပြောင်းစီးစဉ် ဖြတ်လျှောက် ရုံမျှသာပါ။ ဒေသကောလိပ်ပြီးတော့ ရန်ကုန် တက္ကသိုလ် စတက်ခွင့်ရပါပြီ။ တော်လှန် ရေးကောင်စီခေတ်က အမည်ပြောင်းထား သည့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ်အမည်ပြန်ပြောင်းလဲပါပြီ။

ထိုစဉ်က ပါမောက္ခချုပ် ဒေါက်တာမောင်ဒီ၊ မော်ကွန်းထိန်း ဒေါ်စိန်စိန်၊ ပါမောက္ခမှာ ဦးထွန်းအောင်ချိန်ဖြစ်ပါသည်။ အမရဆောင် မှာ အဓိကသမိုင်းဘာသာရပ်ဖြင့် တက်ရပါ သည်။ ရန်ကုန်တက္ကသိုလ် တက်ရောက်ရခြင်း သည် ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်ရောက် ချိန် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းဘဝ တာဝန်အမျိုးမျိုး ထမ်းဆောင်ရချိန်တွင် ကြီးစွာသော အထောက်အကူရရှိပြီး တာဝန် ကျေပွန်စွာ ဆောင်ရွက်နိုင်သဖြင့် အမိ တက္ကသိုလ်၏ ကျေးဇူးတရားကြီးမားလှပါ ပေသည်။

သမိုင်းဟူသည်

ဒေသကောလိပ်တွင် သင်္ချာကို အဓိက သင်ယူရာမှ နိုင်ငံရေးကို စိတ်ဝင်စားသဖြင့် ရန်ကုန်တက္ကသိုလ်ရောက်စဉ် သမိုင်းအဓိက ကို ပြောင်းယူပါသည်။ သမိုင်းဟူသည် နိုင်ငံ နှင့် လူမျိုး၏ ဖြစ်စဉ်ကို လေ့လာသည့် ပညာရပ်ဟု မြန်မာအဘိဓာန်က ဆိုပါသည်။ သင်ယူရသည့်ဘာသာရပ် ၅ ခုမှာ မြန်မာ့ နိုင်ငံရေးသမိုင်း၊ နိုင်ငံတကာဆက်ဆံရေး၊ အရှေ့တောင်အာရှသမိုင်း၊ စီးပွားရေးသမိုင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက် ယူနီယံရေးရာတို့ဖြစ်ရာ အလွန်စိတ်ဝင် စားစရာ ကောင်းပါသည်။ ဥပမာ-နိုင်ငံတကာ ဆက်ဆံရေးဆိုလျှင် လတ်တလောဖြစ်စဉ် များကို နောက်ခံသမိုင်းနှင့် ယှဉ်ထိုးပြီး စာသင် ခန်းအတွင်း ဆရာနှင့်အပြန်အလှန်ဆွေးနွေးငြင်းခုံကြပါသည်။ ယခင်ကာလ ဖြစ်ပျက် သည်တို့ကို လေ့လာသုံးသပ်၍ သင်ခန်းစာယူ ဆင်ခြင်ပြီး တိုးတက်ကောင်းမွန်အောင် တည်ဆောက်ရန် အလေ့အကျင့်ကောင်း များကို တက္ကသိုလ်စာသင်ခန်းများထံမှ ရရှိပါ သည်။ ရရှိသည့် အတွေ့အကြုံအချို့မှာ ပညာသင်နှစ်အစ သမိုင်းအသင်းပြန်လည် ဖွဲ့စည်းရာ တွဲဖက်အတွင်းရေးမှူး၊ နောင် အတွင်းရေးမှူး တာဝန်ယူရပါသည်။ ဥက္ကဋ္ဌ များမှာ ဒေါ်စောမြအေးနှင့် ဒေါက်တာ ကံညွန့်ဖြစ်ပါသည်။ မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ သရေခေတ္တရာ မြို့ဟောင်း လေ့လာ ရေးခရီးစဉ်၊ အာစရိယပူဇော်ပွဲ၊ စာပေ ဟောပြောပွဲ၊ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအား နှုတ်ဆက်ပွဲ၊ သမိုင်း ဂျာနယ်ထုတ်ဝေခြင်း (ကျွန်တော်တို့နှစ်မှ စတင်ထုတ်ပါသည်) အားကစားပွဲများ အပါအဝင် အသင်း၏လှုပ်ရှားမှုများဖြစ် မြောက်ရေး တာဝန်ဆောင်ရွက်ရပါသည်။

တာဝန်အသီးသီးထမ်းဆောင်ခဲ့

ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်း ပြန်ဖွဲ့စည်းရာ အတွင်းရေးမှူး တာဝန်ယူရပြီး ဥက္ကဋ္ဌ ဒေါ်စိန်စိန်၊ ဒုဥက္ကဋ္ဌများက ဦးစိုးညွန့် (သင်္ချာ)၊ ဦးအေးဖေ(မြန်မာစာ) တို့ဖြစ်ပါသည်။ တက္ကသိုလ်များ(ရန်ကုန်)ဗုဒ္ဓဘာသာအသင်း ကြီးတွင် တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန်ယူရပါသည်။ လုပ်သားများ ကောလိပ် ကျောင်းအုပ်ကြီး ဦးကျော်မြသိန်းက ဥက္ကဋ္ဌ ၊ ဥပဒေပညာဌာနမှ ဦးကျော်ဇောအောင်က အထွေထွေအတွင်းရေးမှူးတာဝန် ယူပါသည်။ တက္ကသိုလ်များ ဓမ္မာရုံကြီးတွင် ကျင်းပသည့် ပွဲများ၊ အခမ်းအနားများဖြစ်မြောက်ရေး ဆောင်ရွက်ရပါသည်။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်း ဆရာတော်ကြီး၊ တိပိဋကဓရ ပြည်ဆရာ တော်ကြီး အစရှိသည့် တရားပွဲများပြုလုပ်ရန် ကိုယ်တိုင်ပင့်လျှောက်စီစဉ်ရပါသည်။ တွဲဖက် အတွင်းရေးမှူး၊ အတွင်းရေးမှူး စသည့်တာဝန် တို့မှာ ခန့်အပ်ခြင်းမဟုတ်ဘဲ ဆရာကြီး၊ ဆရာမကြီးများ ဦးဆောင် တက်ရောက်သည့် ပြန်လည်ဖွဲ့စည်းရေး၊ ဖြစ်မြောက်ရေး အစည်း အဝေးတွင် ကျောင်းသားကျောင်းသူများထဲမှ သင့်လျော်သူများကို အဆိုပြု၊ ထောက်ခံ၊ တူညီနေလျှင် အများ၏ ဆန္ဒအရဆုံးဖြတ် အတည်ပြုသည့် ဒီမိုကရေစီ အလေ့အကျင့်ဖြင့် တာဝန်ယူရခြင်းဖြစ်ပါသည်။

ပွဲတစ်ပွဲ၊ အခမ်းအနားတစ်ခုဆိုလျှင် ကော်မတီများ ညှိနှိုင်း တာဝန်ခွဲဝေ ဖွဲ့စည်း ခြင်းမှစ၍ အောက်ခြေသိမ်း လုပ်ရပါသည်။ ခေါက်ကုလားထိုင်များ ငှားရမ်းသယ်ယူ ခင်းကျင်းခြင်း၊ ဘိလပ်ရည်စက်ရုံသွား လျှောက်ခြင်းမှ ပုလင်းခွံပြန်အပ်သည်အထိ၊ မုခ်ဦး နဖူးစည်းပိတ်စ၊ စင်မြင့်နောက်ခံ ပိတ်စငှားရမ်းခြင်း၊ စက္ကူညှပ်ကပ်ရခြင်း၊ စာရွက်အကြီးတွင် စုတ်တံဖြင့် ရေးကာ ကြော်ငြာပိုစတာများကို စာသင်ဆောင် အားလုံး၏ နံရံတွင် လိုက်လံကပ်ရခြင်း၊ လေ့လာရေးခရီးစဉ်ရှေ့ပြေး ကြိုတင်သွား ရောက် ညှိနှိုင်းစီစဉ်ခြင်း အစရှိသည် တို့ကိုလည်း ဆောင်ရွက်ရပါသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နောက်ဆုံး နှစ် ကျောင်းသား ကျောင်းသူများ နှုတ်ဆက် ပွဲတို့တွင် တီးဝိုင်းပါရပါသည်။ ထိုစဉ်က နာမည်ကြီး PLAYBOY နှင့် LPJ ဆိုလျှင် ကျပ် ၃၅၀၀ နှုန်းဖြစ်ရာ ငွေကြေးဖြင့် မငှားနိုင်ကြပါ။ တီးဝိုင်းပစ္စည်းများ တီးမည့်သူ၊ အဆိုတော် များကို အကူအညီပေးပါရန် ရင်းနှီးဆက်စပ်သူ များနှင့်အတူ နေအိမ်သို့သွားရောက် မေတ္တာ ရပ်ခံရပါသည်။ ဘိုဘိုဟန်၊ စိုးပိုင်၊ ဒေါ်မြင့်မြင့် ခင်၊ မေဆွိ စသူတို့က မေတ္တာဖြင့် လာရောက် ဖျော်ဖြေကြပါသည်။

အတွေ့အကြုံရရန် သူငယ်ချင်းများနှင့် တက္ကသိုလ်အရန်တပ်ရင်းသို့ ဝင်ကြပါသည်။ တက္ကသိုလ်များ ဆေးရုံတွင် ဆေးစစ်ရပါသည်။ ရုံးပိတ်ရက်တွင် စစ်ရေးပြ၊ လက်နက်ငယ် လေ့ကျင့်ခန်းလုပ်ရာ ထိုစဉ်က စနေနေ့ဆိုလျှင် နေ့တစ်ဝက်သာရုံးပိတ်သဖြင့် မနက်ပိုင်း စစ်ဝတ်စုံဖြင့် ကျောင်းတက်ပြီး နေ့လယ်တွင် စစ်ရေးပြလေ့ကျင့်မှု ပြုလုပ်ရပါသည်။ တပ်မှူးက သင်္ချာဌာနပါမောက္ခ ဒေါက်တာ ချစ်ဆွေဖြစ်ပြီး ဗိုလ်မှူးအဆင့်ဖြစ်ပါသည်။

နွေရာသီ ကျောင်းပိတ်ရက်တွင် စာတတ်မြောက်ရေး လှုပ်ရှားမှု(အသုံးလုံး) ကို မြန်မာစာဌာနမှ ဦးမျိုးသန့်ခေါင်းဆောင်ပြီး ကျောင်းသား/ သူ ၁၀၀ ချင်းတွင်းမြစ်ကမ်း

မှ မင်းကင်းမြို့နယ်သို့ သွားကြပါသည်။ မြို့အနောက် လက်တင်ဘက်ရွာတွင် သက်ကြီး စာမတတ်သူများကို သင်ပြရာ အားလုံးတတ်မြောက်သွားပါသည်။ ရပ်ရေး ရွာရေးအားလုံးတွင် ပါဝင်လုပ်ကိုင်ကြရင်း တစ်ရွာလုံးနှင့် ရင်းနှီးသွားကြရာ လုပ်အားပေး အပြန် အဝတ်အိတ်တွေကို လှည်းပေါ် မတင်ရဘဲ ခေါင်းမှာရွက်ပြီး လိုက်ပို့ကြလို့ မနည်းဖျောင်းဖျပြီး နေရစ်ကြရန် တောင်းပန် ကြရပါသည်။

အောက်တိုဘာ ကျောင်းပိတ်ရက်တွင် တောင်ငူကျွန်းကုန်း လူငယ်အခြေစိုက် လုပ်အားပေးကိုလည်း အတွေ့အကြုံရရန် လိုက်ပါဖူးပါသည်။ ရန်ကုန်တက္ကသိုလ်အမှတ် (၁) စည်းရုံးရေးကော်မတီအတွင်းရေးမှူး ဦးမောင်မောင်စိုး ဦးဆောင်ပြီး ကျောင်းသား/သူ ၁၀၀ ပါဝင်ရာ လမ်းစဉ်လူငယ်အဖွဲ့ဝင် မဟုတ်သဖြင့် လျှောက်ထားဆဲ အနေဖြင့်ပါဝင် ခွင့်ရပါသည်။ ယင်းကော်မတီဥက္ကဋ္ဌမှာ ဥပဒေပညာ ပါမောက္ခ ဒေါက်တာ တင်အောင် အေးပါ။ နေ့စဉ် မြေပြုပြင်ခြံရှင်းပေါင်းရှင်း ဖြင့် အတော်ပင်ပန်းသော်လည်း တပ်စု ၄ စု ခွဲပြီး အပြိုင်အဆိုင်လုပ်ကြရာ ကျွန်တော် တို့တပ်စုက စံပြဆုရပါသည်။ စခန်းသိမ်းပွဲကို တောင်ငူမြို့ခန်းမတွင် ပြုလုပ်ရာ ဗဟို ကော်မတီဝင် ဒေါ်ကျင်ဇဒိန်းက တပ်စု ကိုယ်စား တပ်စုမှူး ကျွန်တော့်ကို ဆုပေးပါ သည်။

တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံ

စတုတ္ထနှစ်အောင်တော့ ကျောင်းပြီးပြီမို့ နယ်မြို့သို့ ပြန်ရန်ဖြစ်သော်လည်း ကျောင်း ပျော်နေတာကြောင့် ဂုဏ်ထူးတန်းဆက်တက် ရင်း နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းရန် ကူးပြောင်း လိုက်ရပါသည်။ ရန်ကုန်တက္ကသိုလ်မှာ ကိုယ်တိုင် Lecture လိုက်၊ မှတ်စုထုတ်၊ Tutorial ဖြေ၊ ဆရာ့ကိုမေးမြန်း၊ တက္ကသိုလ် များစာကြည့်တိုက် အသုံးပြုသည့် အလေ့ အကျင့်ကောင်းများရရှိသကဲ့သို့ ဆရာ/ မများ၊ အတန်းကြီးကျောင်းသား/သူများ၊ သူငယ်ချင်း များထံမှ တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံ၊ လေ့လာသင်ယူစရာ များစွာရရှိပါသည်။ ဆွေးနွေးညှိနှိုင်းမှု၊ တာဝန်ခွဲဝေမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ပေါင်းသင်းဆက်ဆံမှု၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုတို့မှအစ အောက်ခြေသိမ်း ကိုယ်လုပ်ကိုင်ရသည့် အတွေ့အကြုံများသည် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း ဘဝလုပ်ငန်းခွင် နယ်ပယ် အသီးသီးတွင် တာဝန်ကျေပွန်စွာဆောင်ရွက် နိုင်အောင် ကြီးစွာသော အထောက်အကူ ရရှိပါသည်။

၁၉၇၆ ခုနှစ် ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ မှိုင်းရာပြည့် ကျောင်းသားသပိတ် ဖြစ်ပွားပြီးနောက် ကျွန်တော်တို့ ကျောင်းရောက်သည့် ၁၉၇၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ကာလတွင် 7July အထိမ်းအမှတ် စာကပ် စာဖြန့်ကြ သည်မှလွဲ၍ မရှိသဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အတွေ့အကြုံတော့ မရလိုက်ပါ။ “နတ္တိ ဝိဇ္ဇာ သမံ မိတ္တံ” ပညာနှင့် တူသောမိတ်ဆွေမရှိ ဆိုသည့် ရန်ကုန် တက္ကသိုလ်၏ အမှတ်တံဆိပ်ပါ အနှစ်သာရ နှင့်အညီ သမိုင်းအစဉ်အလာကြီးမားပြီး နိုင်ငံ့ အတွက် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ ကို မွေးထုတ်ပေးသည့် အဆင့်မြင့်ပညာကို စဉ်ဆက်မပြတ် ဖြန့်ဝေပေးနေသော အထင် ကရ ပညာဗိမာန် ရန်ကုန်တက္ကသိုလ်ကြီး၏ အစဉ်အလာကို ထိန်းသိမ်းမြှင့်တင်ပါမည်ဟု အဓိဋ္ဌာန်ပြုရင်း ရာပြည့်တက္ကသိုလ်ကြီးအား ဂုဏ်ပြုအပ်ပါသည်။ ။

စာရေးသူ၏

ကိုယ်ရေးအကျဉ်း

-------------------------

- အမည်ရင်း ဦးကိုကိုနိုင် ဖြစ်သည်။

- အဘ ဦးတင်စော၊ အမိ ဒေါ်သန်းညွန့် တို့ မှ ၁၉၆၂ ခုနှစ် ပြည်မြို့၌ မွေးဖွား သည်။

- ပြည်အထက(၁)မှ တက္ကသိုလ်ဝင် တန်း အောင်မြင်ပြီး ဒေသကောလိပ် (၂)နှင့် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးသည်။ ဝိဇ္ဇာဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့တို့ကို ရရှိသည်။ တိုင်းနှင့် ပြည်နယ် ၁၄ ခုလုံးတွင် ရောက်ရှိ တာဝန်ထမ်းဆောင်ဖူးပြီး တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းမှူးတာဝန်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သံအမတ်ကြီး တာဝန်၊ ရမည်းသင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ တာဝန် စသည့် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်း တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။