ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံအကြောင်းနှင့် ပတ်သက်၍ …

 

သီးနှံအာမခံနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဒေါက်တာစန္ဒာဦးကို သတင်းအဖွဲ့က  တွေ့ဆုံမေးမြန်းထားပါ သည် - 

မေး။    ။    သီးနှံအာမခံဆောင်ရွက်ခဲ့တာနဲ့   ပတ်သက်ပြီး   ရှင်းပြပေးပါ ခင်ဗျား။
ဖြေ။    ။    မြန်မာနိုင်ငံမှာ  သီးနှံအာမခံစနစ်ကို    ၂၀၁၉   ခုနှစ်က စတင်        ဆောင်ရွက်ခဲ့တာပါ။       စတင်ဆောင်ရွက်ခဲ့စဉ်က    ရှေ့ပြေးစမ်းသပ်မှုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နဲ့ ပဲခူးတိုင်းဒေသကြီး      
ပြည်မြို့တို့မှာပဲ ဆောင်ရွက်ခဲ့ပါတယ်။  အဲဒီလိုဆောင်ရွက်ခဲ့ရာမှာ မိုးစပါးတစ်မျိုးတည်းကိုပဲ ဆောင်ရွက်ခဲ့ပြီး  သတ်မှတ်ထားတဲ့  မိုးရေချိန်အညွှန်းကိန်းအောက်   လျော့နည်းပါက  လျော်ကြေးပေးချေတဲ့စနစ်နဲ့ဆောင်ရွက်ခဲ့တာပါ။   အာမခံကာလအနေနဲ့လည်း  ဇူလိုင် ၁  ရက်ကနေ ဩဂုတ်  ၃၁  ရက်အထိ ပထမလျော်ကြေး သတ်မှတ်ကာလ၊ စက်တင်ဘာ
၁    ရက်ကနေ   အောက်တိုဘာ   ၃၁  ရက်အထိ    ဒုတိယလျော်ကြေး  သတ်မှတ်ကာလအဖြစ်   သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။    အဲဒီလိုဆောင်ရွက်ခဲ့ရာမှ   ရွှေဘိုမြို့မှာ  ဒုတိယသတ်မှတ်ကာလ သတ်မှတ်မိုးရေချိန် အညွှန်းကိန်းအောက် လျော့နည်းခဲ့တာကြောင့် လျော်ကြေးပေးချေခဲ့ရပြီးပြည်မြို့မှာတော့ လျော်ကြေးပေးချေခဲ့ရခြင်း မရှိခဲ့ပါဘူး။
မေး။    ။    အာမခံကြေးနဲ့  လျော်ကြေးပေးချေတဲ့ပုံစံလည်း သိချင်ပါတယ်။
ဖြေ။    ။    နိုင်ငံတကာမှာ   အာမခံကြေးကို အာမခံထားငွေရဲ့ ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ  ကျသင့်ပေမယ့်လည်း   မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ အာမခံထားငွေရဲ့   ၂ ရာခိုင်နှုန်းအဖြစ်  သတ်မှတ်ခဲ့ပါတယ်။ လျော်ကြေးပေးချေမှုအနေနဲ့လည်း  နိုင်ငံတကာနည်းတူ ပထမကာလမှာ အာမခံထားငွေရဲ့  ၂၀  ရာခိုင်နှုန်း၊    ဒုတိယကာလမှာ  ၃၀ရာခိုင်နှုန်း သတ်မှတ်လျော်ကြေးပေးချေတဲ့စနစ်နဲ့    ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။     အဲဒီတုန်းကတော့   ရေကြီးနစ်မြုပ်ပျက်စီးမှု    အကာ
အကွယ် မပါဝင်ခဲ့ပါဘူး။

မေး။     ။    ကျွန်တော်တို့ သိခဲ့ရတာ  ၂၀၂၃ ဆောင်းသီးနှံမှာလည်း  အာမခံ        ဆောင်ရွက်ခဲ့တယ်လို့   သိရပါတယ်။ အဲဒီတုန်းက    ဆောင်ရွက်ပုံလေး သိချင်ပါတယ်။
ဖြေ။    ။        ၂၀၂၃ ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာတော့ ပဲမျိုးစုံ  ၁၀  မျိုးကို သီးနှံအာမခံ     ဆောင်ရွက်ခဲ့ပြီး      ရှေ့ပြေးစမ်းသပ်မှုအဖြစ်ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့  ဧရာဝတီတိုင်းဒေသကြီးတို့မှာ        ဆောင်ရွက်ခဲ့ပါတယ်။      အဲဒီလိုဆောင်ရွက်ခဲ့ရာမှာတော့ဆောင်းသီးနှံဖြစ်တဲ့အတွက်    အာမခံသဘောအရ   အန္တရာယ်နည်းပါး
သောကြောင့်  အာမခံကြေးအနေနဲ့  ၁  ရာခိုင်နှုန်းသာ  သတ်မှတ်ပြီးသတ်မှတ်ထားတဲ့         မိုးရေချိန်ထက်         ကျော်လွန်ရွာသွန်းခဲ့ပါက    လျော်ကြေးပေးချေတဲ့ပုံစံနဲ့  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ လျော်ကြေးပေးချေမှုအကျုံးဝင်ခဲ့ခြင်းမရှိတဲ့အတွက်      လျော်ကြေးပေးချေခဲ့ရခြင်း    မရှိခဲ့တာဖြစ်ပါတယ်။
မေး။    ။        အခုဆောင်ရွက်မယ့် သီးနှံအာမခံပုံစံ ရှင်းပြပေးပါ။
ဖြေ။    ။    ယခင်   ၂၀၁၉  က   ဆောင်ရွက်ခဲ့တဲ့ မိုးစပါးစိုက်ပျိုးရာသီကိုအခြေခံပြီး ဆောင်ရွက်ခဲ့တာပါ။  ယခင်ကတော့ မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်းခွဲခြားမှုမရှိဘဲ    သတ်မှတ်မိုးရေချိန်အောက်လျော့နည်းခြင်းကိုသာ  အကာအကွယ်ပေးခဲ့ရာမှ    ယခုအခါမှာတော့မြန်မာပြည်အထက်ပိုင်း သဘာဝအရ   မိုးအများကြီး   မရွာတတ်တာကြောင့် မိုးခေါင်ခြင်း (သတ်မှတ်ထားသော မိုးရေချိန်အောက်လျော့နည်းခြင်း)၊ မြန်မာပြည်အောက်ပိုင်းမှာ မိုးများတတ်တဲ့ သဘောရှိတဲ့အတွက်
မိုးကြီးခြင်း(သတ်မှတ်ထားသော မိုးရေချိန်ထက် ကျော်လွန်ခြင်း) ပုံစံနဲ့ဆောင်ရွက်ခဲ့သလို ဒီနေ့အချိန်အခါမှာ ရာသီဥတုဖောက်ပြန်မှုကြောင့်ရေကြီးနစ်မြုပ်ပျက်စီးခြင်း      အကာအကွယ်ကိုလည်း     ထည့်သွင်းဆောင်ရွက်ထားပါတယ်။         ရေကြီးနစ်မြုပ်ပျက်စီးခြင်းဆိုရာတွင်မြစ်ရေကြီးခြင်း၊ ချောင်းရေကြီးခြင်း၊ တောင်ကျချောင်းရေဝင်ရောက်
ခြင်း၊   ရေကျပြီးသဲဖုံးခြင်း၊    ရေဆိုးထုတ်မြောင်း   ရေကြီးရေလျှံခြင်း၊ချောင်းတာပေါင်   ကျိုးပျက်ခြင်း၊   မြောင်းပေါင်များ     ကျိုးကျရေကြီးခြင်း၊   ရေတာတမံကျိုးပေါက်ပျက်စီးခြင်း၊     ဒီရေတက်တဲ့   အချိန်နဲ့တိုက်ဆိုင်တာကြောင့်   ရေကြီးနစ်မြုပ်ခြင်း  စတဲ့   အကြောင်းရင်းတွေကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခြင်းဖြစ်ပေါ်ပါက လျော်ကြေးပေးချေသွားမှာ ဖြစ်ပါတယ်။
မေး။    ။    ယခုဆောင်ရွက်မယ့် သီးနှံအာမခံရဲ့ အာမခံကြေးနဲ့ လျော်ကြေး ပေးချေတဲ့ ပုံစံကိုလည်း သိချင်ပါတယ်။
ဖြေ။    ။        အာမခံကြေးအနေနဲ့လည်း ယခင် ၂၀၁၉ ခုနှစ်မှာ သတ်မှတ် ထားသလို   သတ်မှတ်ထားပြီး   တောင်သူတွေ  ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ အာမခံထားငွေရဲ့ ၂  ရာခိုင်နှုန်းအဖြစ် ဆောင်ရွက်ထားရှိပါတယ်။မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ ပထမသတ်မှတ်ကာလ   (ဇူလိုင်၁ ရက်ကနေ ဩဂုတ် ၃၁  ရက်အတွင်း)   သတ်မှတ်ထားတဲ့ မိုးရေချိန်
အောက်  လျော့နည်းရင်  အာမခံထားငွေရဲ့  ၂၀  ရာခိုင်နှုန်းနဲ့    ရေကြီးနစ်မြုပ်ပျက်စီးခဲ့ရင် အာမခံထားငွေရဲ့  ၂၀ ရာခိုင်နှုန်း  စုစုပေါင်း  အာမခံထားငွေရဲ့ ၄၀ ရာခိုင်နှုန်းအထိ လျော်ကြေးပေးချေသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပထမသတ်မှတ်ကာလမှာ  လျော်ကြေးမပေါ်ပေါက်ခဲ့ပါ ကလည်း     ဒုတိယသတ်မှတ်ကာလ    (စက်တင်ဘာ   ၁  ရက်ကနေ အောက်တိုဘာ ၃၁ ရက်အတွင်း)  သတ်မှတ်ထားတဲ့  မိုးရေချိန်အောက် လျော့နည်းပါက အာမခံထားငွေရဲ့   ၃၀  ရာခိုင်နှုန်းနဲ့  ရေကြီးနစ်မြုပ် ပျက်စီးခဲ့ပါက အာမခံထားငွေရဲ့ ၃၀ ရာခိုင်နှုန်း စုစုပေါင်းအာမခံထား ငွေရဲ့  ၆၀ ရာခိုင်နှုန်း လျော်ကြေးပေးချေသွားမှာ ဖြစ်ပါတယ်။
မြန်မာပြည်အောက်ပိုင်းဒေသတွေမှာလည်း    သတ်မှတ်ထားတဲ့ မိုးရေချိန်ထက် ကျော်လွန်ခဲ့ရင် အထက်ဖော်ပြပါ ရာခိုင်နှုန်းများအတိုင်း လျော်ကြေးပေးချေသွားမှာဖြစ်ပါတယ်။  ယခင် ၂၀၁၉ မိုးစပါး ဆောင် ရွက်ခဲ့စဉ်ကထက် လျော်ကြေးနှစ်ဆတိုးပြီး အကျိုးခံစားခွင့်ရရှိစေဖို့  စီမံဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။
မေး။     ။    လျော်ကြေးသတ်မှတ်ပုံနဲ့ပတ်သက်လို့  တောင်သူတွေ မရှင်း လင်းတာတွေဖြစ်နိုင်တဲ့အတွက် ရှင်းပြပေးပါဦး။
ဖြေ။    ။    လျော်ကြေးပေးချေပုံနဲ့ပတ်သက်ပြီး   အငြင်းပွားမှု၊ မကျေနပ်မှု များမဖြစ်ပေါ်စေဖို့ စီမံထားရှိပြီးဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့မိုးရေချိန်အညွှန်းကိန်းကိုလည်း     မိုးလေဝသနဲ့    ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook စာမျက်နှာမှာ  နေ့စဉ်မိုးရွာသွန်းမှု    အချက်အလက်တွေကို အလွယ်တကူကြည့်ရှုနိုင်ပြီး ရေကြီးနစ်မြုပ်ပျက်စီးမှုဖြစ်ပေါ်ပါကလည်း တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့    စိုက်ပျိုးရေးနဲ့     မွေးမြူရေးကြီးကြပ်မှုကော်မတီက မှန်ကန်စွာ  ဆုံးဖြတ်ပေးမှာဖြစ်လို့  အငြင်းပွားမှု၊ မရှင်းလင်းမှု ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ 
မေး။     ။    အာမခံထားငွေကို ဘယ်လိုသတ်မှတ်တာလဲ  သိပါရစေ။
ဖြေ။    ။    မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က  တစ်ဧက  စိုက်ပျိုးစရိတ် ထုတ်ချေးငွေပမာဏအတိုင်း အာမခံတန်ဖိုး   သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ဒါမှသာ တောင်သူစိုက်ပျိုးသီးနှံ ရာသီဥတုဖောက်ပြန်မှုကြောင့်   ချေးငွေပြန်ဆပ်ရန်  အခက်အခဲပြေပျောက်စေဖို့နဲ့  ချေးငွေထုတ်ချေးတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့လည်း ချေးငွေဆုံးရှုံးမှုကို ကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။
မေး။    ။    ထပ်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါဦး။
ဖြေ။    ။    နိုင်ငံတကာမှာ  သီးနှံအာမခံကို အစိုးရနဲ့ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့မရှိဘဲ အာမခံကုမ္ပဏီတွေက မဆောင်ရွက်နိုင်ကြပါဘူး။    ဘာကြောင့်လဲဆိုတော့   လျော်ကြေးပေါ်ပေါက်လာခဲ့ရင်တစ်ခွင်တစ်ပြင်ကြီး     နေရာဒေသတစ်ခုလုံး   လျော်ကြေးပေးရတာဖြစ်တဲ့အတွက်   လျော်ကြေးပမာဏအလွန်ကို ကြီးမားနိုင်တာ ဖြစ်တဲ့အတွက်ပါ။ မြန်မာ့အာမခံလုပ်ငန်းကတော့ တည်ထောင်စဉ်ကတည်းကအမြတ်အစွန်းရရှိရေးကို ရည်ရွယ်ဆောင်ရွက်တဲ့ အဖွဲ့အစည်းမဟုတ်တဲ့
အတွက် တောင်သူအကျိုးအတွက်  စေတနာအရင်းခံထားကာ  အရှုံးအမြတ် ထည့်မတွက်ဘဲ  ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း   တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှပဲအောင်မြင်မှာဖြစ်ပြီး    ပိုမိုပြည့်စုံတဲ့     သီးနှံအာမခံစနစ်    ဆက်လက်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

သတင်းအဖွဲ့