ရော်ဘာကုန်ကြမ်းအရည်အသွေးမြင့်မားရေးနှင့် တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်ရေးကြိုးပမ်း

 

ရော်ဘာသည် စက်မှုကုန်ကြမ်းသီးနှံဖြစ်ပြီး နှစ်ရှည်ပင် အမျိုးအစား လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင်  ရော်ဘာစိုက်ဧက ၁၆ သိန်းကျော် ရှိပြီး စိုက်ပျိုးဧက   ထက်ဝက်ကျော်မှ နှစ်စဉ် ရော်ဘာစေးတန်ချိန် သုံးသိန်းကျော်  ထွက်ရှိနေသည်ဟုဆိုသည်။ သို့ရာတွင် ပြည်တွင်းမှ ထွက်ရှိသည့် စက်မှုကုန်ကြမ်းဖြစ်သော ရော်ဘာကို ပြည်တွင်းမှသုံးစွဲ နိုင်မှုမှာ ၈ ရာခိုင်နှုန်းမျှသာ ရှိနေသည့်အတွက် ရော်ဘာကုန်ကြမ်း သုံးစွဲသော   စက်မှုလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး   ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။


ရော်ဘာကိုအခြေခံ၍ တန်ဖိုးမြင့်ကုန်ချောပစ္စည်း မြောက်မြား စွာထုတ်လုပ်နိုင်သည်။ ရော်ဘာစေးမှ လျှပ်ကာပစ္စည်းများ၊ ဓာတ်ခွဲ ခန်းသုံး၊ စက်မှုလုပ်ငန်းသုံးလက်အိတ်များ၊ မော်တော်ကား၊ မော်တော် ဆိုင်ကယ်၊  စက်ဘီးတာယာများ၊  မော်တော်ယာဉ်အပိုပစ္စည်းများ၊ အိမ်အလှဆင်ပစ္စည်းများ၊  ဖိနပ်များ စသည်ဖြင့် ကုန်ပစ္စည်းအမယ် ပေါင်းများစွာ ထုတ်လုပ်နိုင်သည်။ သက်တမ်းရင့်ပြီး အစေးထွက်နှုန်း ကျဆင်းလာသည့် ရော်ဘာပင်များမှလည်း ရော်ဘာသစ်ကို ထုတ်ယူ ရရှိနိုင်ပြီး ပရိဘောဂများ၊ လူသုံးအိမ်သုံးပစ္စည်းများ၊ ကုန်သေတ္တာများ စသည်ဖြင့် အမယ်စုံအောင် ထုတ်လုပ်နိုင်သည်။ မိမိတို့၏ အိမ်နီးချင်း နိုင်ငံများရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း များမှ ထုတ်လုပ်လိုက်သည့် ရော်ဘာအခြေခံတန်ဖိုးမြင့်  ကုန်ချော ပစ္စည်းများကို   မိမိတို့က   ပြန်လည်ဝယ်ယူသုံးစွဲနေရခြင်းဖြစ်ရာ ပြည်တွင်း၌ပင် အရည်အသွေးကောင်းမွန်မြင့်မားစွာ ထုတ်လုပ်ပြီး ပြည်တွင်း  ပြည်ပ    ဈေးကွက်များသို့  တင်ပို့ခြင်းဖြင့်  ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများရော ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍပါ     မြင့်မားတိုးတက်လာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။


မိမိတို့နိုင်ငံတွင် ရော်ဘာကို  မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုး လျက်ရှိပြီး ထုတ်လုပ်မှု၏ ၉၂ ရာခိုင်နှုန်းကို ကုန်ကြမ်းအဖြစ် ပြည်ပ သို့  တင်ပို့ရောင်းချနေရခြင်းဖြစ်သည်။ ရော်ဘာခြံအများစုမှာ ၅ ဧက  မှ ဧက ၂၀ ခန့်အထိသာရှိသော ခြံငယ်များဖြစ်ကြသည်။ မြန်မာနိုင်ငံ  ၏   ပြည်ပပို့ကုန်များတွင်   ရော်ဘာသည်   အရေးပါသည့်ကဏ္ဍ၌ ပါဝင်နေသော်လည်း ရော်ဘာအရည်အသွေးမြှင့်တင်ရေး၊  အဆင့်မီ ရော်ဘာကုန်ကြမ်းထုတ်လုပ်နိုင်ရေးတို့အတွက်   ရုန်းကန်နေရဆဲ ဖြစ်သည်ဟု သိရသည်။ တစ်ဖန် ရော်ဘာကို ကုန်ကြမ်းအဖြစ်  အသုံး ပြုပြီး   ကုန်ချောထုတ်လုပ်သည့်   ပြည်တွင်းစက်ရုံများမှာလည်း နည်းပညာနှင့် ‌  ဈေးကွက်ဆိုင်ရာပြဿနာများကြောင့်   ပြည်ပမှ   ဝင်ရောက်လာသည့်  ရော်ဘာအခြေခံကုန်ချောများကို  ယှဉ်ပြိုင် နိုင်စွမ်းမရှိသည့်  အခြေအနေတွင်ရှိနေသည်။ သို့ဖြစ်ရာ   ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင်ရော  ရော်ဘာအခြေခံ  MSME  လုပ်ငန်း ကဏ္ဍတွင်ပါ နည်းပညာများရရှိရေး၊  ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ် လျက်ရှိသည်။


လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် မှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသော     ရော်ဘာခြံငယ်လုပ်ငန်းများမှ အရည်အသွေးတစ်သမတ်တည်းမရှိသော ရော်ဘာကုန်ကြမ်းများ ကို အရည်အသွေးနိမ့် ထုတ်လုပ်လျက်ရှိရာ  ၎င်းတို့အား  အရည် အသွေးစံချိန်မီ ရော်ဘာကုန်ကြမ်းများ ထုတ်လုပ်လာနိုင်စေရန် ပံ့ပိုး ကူညီမှုများ ဆောင်ရွက်သွားရမည်ဖြစ်သည်။ အသေးစား၊ အငယ်စား၊  အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားအောင်   ဆောင်ရွက်ရာတွင်  ဒေသမှထွက်ရှိသည့် ကုန်ကြမ်းကို အခြေခံ၍ ကုန်ချောထုတ်လုပ်ရေး ဆောင်ရွက်သွား ရမည်ဖြစ်ရာ ရော်ဘာအများအပြား  စိုက်ပျိုးသည့်   မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး စသည်တို့တွင်    ရော်ဘာကိုအခြေခံသည့်    ကုန်ချောပစ္စည်းများ ထုတ်လုပ်၍ စီးပွားရေးမြင့်မားလာစေရမည်ဖြစ်သည်။


မြန်မာနိုင်ငံမှ  ထုတ်လုပ်သည့်  ရော်ဘာ ၇၀ ရာခိုင်နှုန်းကျော် ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  တင်ပို့ရောင်းချနေပြီး  တောင် ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံ တို့သို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ရော်ဘာတန်ချိန် ၃၀၀၀၀၀ တင်ပို့ရန် မျှော်မှန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။   ရော်ဘာကိုအခြေခံ၍   ထုတ်လုပ်နိုင်သည့် ပစ္စည်းအမျိုးပေါင်း  ၃၀၀၀၀  ထက်မနည်း  ရှိသည်ဟုဆိုရာ   ရော်ဘာ အခြေခံ ကုန်ချောပစ္စည်းများ  ထုတ်လုပ်ရောင်းချနိုင်ရန်  ကြိုးပမ်း၍   နိုင်ငံ့စီးပွားမြင့်မားရေးတွင်      အထောက်အကူဖြစ်စေရပါမည့် အကြောင်း။          ။