ရောဂါပိုးနှင့် လူ အတူယှဉ်တွဲနေထိုင်နိုင်ရေး

 

 

စိုးရိမ်ရသည့် ကိုဗစ်-၁၉  မျိုးကွဲသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က နိုဝင်ဘာ ၂၆ ရက်တွင် စတင်ကြေညာခဲ့သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုမှာ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်သွားပြီဖြစ်သည်။     တောင် အာဖရိကမှစတင်ခဲ့သည့် အိုမီခရွန်သည် မိမိတို့နိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေပြီး ကူးလူးဆက်ဆံသွားလာနေကြသည့် အရှေ့ဘက်နှင့် အနောက်ဘက် အိမ်နီးချင်းနိုင်ငံများဆီသို့ ရောက်ရှိနေပြီဖြစ်ရာ အချိန်မရွေး ကူးစက်ဝင်ရောက်လာနိုင်နေပြီဖြစ်သည်။
အိုမီခရွန်သည် ကိုဗစ်-၁၉  မျိုးကွဲသစ်များအနက် ကူးစက်ပျံ့နှံ့ မှုအမြန်ဆုံးဖြစ်ပြီး ရောဂါပြင်းထန်မှု  လျော့နည်းကြောင်း စောစော ပိုင်းလေ့လာတွေ့ရှိချက်များအရ သတင်းများထုတ်ပြန်ခဲ့သော်လည်း အိုမီခရွန်ကြောင့် သေဆုံးသည့်သတင်း ပထမဆုံးအကြိမ် ထွက်ပေါ် လာသည့်အခါတွင်မူ   မပေါ့ဆကြရန်   သတိပေးလာကြပြန်သည် ကို  တွေ့ရှိရသည်။ မိမိတို့နိုင်ငံတွင် လက်ရှိအချိန်အထိ အိုမီခရွန် ဝင်ရောက်ကူးစက်မှု မတွေ့ရှိရသေးသလို ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမှာ ရက်သတ္တပတ်အလိုက်  ကျဆင်းနေခြင်းကြောင့် တားဆီးကန့်သတ်မှု များ ဖြေလျှော့လျက်ရှိရာ   လူစုလူဝေးနေရာများဖြစ်သည့်   ဈေးများ နှင့် လက်ဖက်ရည်ဆိုင်၊   စားသောက်ဆိုင်များတွင်   အချိန်ကြာမြင့်စွာ အကာအကွယ်မဲ့နေထိုင်မှုများ တစ်စထက်တစ်စ များပြားလာလျက် ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပို၍ တားဆီးကာကွယ်နိုင်သည့် တိုင်အောင် လူစုလူဝေးရှောင်ခြင်း၊ ပါးစပ်နှာခေါင်းစည်းတပ်ဆင် ခြင်း၊ ခြောက်ပေခွာ၍ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံခြင်း၊ မကြာ မကြာ လက်ဆေးခြင်းတို့ကို မပျက်မကွက် ဆက်လက်ပြုလုပ်သွား ရန် လိုအပ်သည်။
အိုမီခရွန်မျိုးကွဲကူးစက်ခံရပါက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူများအဖို့ ရောဂါပြင်းထန်မှု လျော့နည်းနိုင်သော်လည်း အသက်ရှူမဝခြင်း၊ မောပန်းလွယ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အာရုံ စူးစိုက်၍ မရခြင်း၊ အိပ်မပျော်ခြင်း၊ မူးဝေခြင်း၊ အင်အားကုန်ခန်းခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများကို ခံစား ရနိုင်ကြောင်း သုတေသနပြု တွေ့ရှိထားသည့်အတွက်  ဂရုပြုကြရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်ထိုးနှံထားပြီးသူ ဖြစ်စေ ကာမူ  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ရေး  အခြေခံစည်းမျဉ်းများကို ဆက်လက်လိုက်နာခြင်းအားဖြင့် မည်သို့သော ဗီဇပြောင်းရောဂါ မျိုးကွဲသစ်များ  ပေါ်လာသည်ဖြစ်စေ  မိမိကိုယ်ကို ကာကွယ်နိုင်ကြ မည်ဖြစ်သည်။ 
အိုမီခရွန်ကဲ့သို့သော   ဗီဇပြောင်းရောဂါမျိုးကွဲသစ်   ထပ်မံ ဝင်ရောက်မလာပါက   မြန်မာနိုင်ငံ၏  ကိုဗစ်-၁၉  ကူးစက်ရောဂါ ကာကွယ်တားဆီးတိုက်ဖျက်ရေးမှာ အခြေအနေကောင်းတစ်ရပ်ကို ရရှိနေပြီဟု ဆိုရမည်ဖြစ်သည်။ ယခုလအတွင်း တစ်နိုင်ငံလုံး အသက် ၁၈နှစ် အထက်  လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးရေး      ဆောင်ရွက်လျက်ရှိရာ   မျှော်မှန်းသည်ထက်  ကျော်လွန်မည်ဖြစ်သည်။ အပိုဆောင်းထိုးနှံလိုသူများကို သတ်မှတ် စည်းကမ်းများနှင့်အညီ ပုဂ္ဂလိကဆေးရုံများတွင် ထိုးနှံနိုင်ရေး ခွင့်ပြု သွားမည်ဖြစ်ကြောင်း၊ အသိအမှတ်ပြုထားသော ဆေးဝါးများ ဖြစ်ရေး အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများက သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရန်လိုကြောင်း    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ရာ ကာကွယ် ဆေး အပိုဆောင်းထိုးနှံမှုများ မကြာမီ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွား ဦးမည်မဟုတ်ဘဲ ဗီဇပြောင်းမျိုးကွဲများ ထပ်မံထွက်ပေါ်လာခြင်း နှင့်အတူ လူ့အသိုင်းအဝိုင်းအတွင်း ရှိနေလိမ့်မည်ဟု ပညာရှင်များက ပြောကြားကြသည်။ ရောဂါကူးစက်မှု မြန်ဆန်များပြားပြီး ပြင်းထန် ပါက တားဆီးကန့်သတ် ပိတ်ဆို့မှုများနှင့်အတူ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် အဘက်ဘက်တို့တွင်လည်း ထိခိုက်နစ်နာဆုံးရှုံးကြရ သည်။ ရောဂါပိုးနှင့် လူတို့ အတူယှဉ်တွဲနေထိုင်ကြရတော့မည်ဖြစ်ရာ ကူးစက်ခံရသူ ဘဝသို့ မကျရောက်စေရေးအတွက် မိမိကိုယ်ကိုကာကွယ်နိုင်ကြပါစေ‌ကြောင်း။      ။