ရောဂါထိန်းချုပ်နိုင်ရေး ဝိုင်းဝန်းကြပ်မတ်မလိုက်နာသူတို့ကို အရေးယူမှအောင်မြင်

အယ်ဒီတာ့အာဘော်

==============

 

ရောဂါထိန်းချုပ်နိုင်ရေး ဝိုင်းဝန်းကြပ်မတ်မလိုက်နာသူတို့ကို အရေးယူမှအောင်မြင်

========================================================

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ရောဂါပိုးရှိ၊ မရှိ လူဦးရေ ၅၃၈ဝ၈၆ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့သူ ၃၈၅၀၂ ဦး၊ သေဆုံးသူ ၉၄၅ ဦးနှင့် ရောဂါပျောက်ကင်းသူ ၁၈၁၄၇ ဦးရှိသည်ကို တွေ့ရမည်ဖြစ်သည်။

 

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည်နှင့် မြန်မာနိုင်ငံတွင် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အလျင် အမြန်ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကိုဖွဲ့စည်းပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ဆက်စပ်ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ မြန်မာ နိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိသည့် မတ်လ ၂၃ ရက်နေ့မှစ၍ အဆိုပါ အဖွဲ့အစည်းများသည် ရောဂါကာကွယ်ရေးကို တက်တက်ကြွကြွပူးပေါင်း လက်တွဲဆောင်ရွက်ခဲ့ကြရာ ကိုဗစ်ပထမလှိုင်းကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ သည်ဟု ဆိုရမည် ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်ရာ၌ ပြည်သူများ၏ အသိ တရားရှိရှိဖြင့် ပူးပေါင်းပါဝင်လက်တွဲ ဆောင်ရွက်မှု၊ ရောဂါနှင့်ပတ်သက်၍ စည်းကမ်းလိုက်နာမှုအား ထိန်းသိမ်းရေးနှင့် ရောဂါရှာဖွေစုံစမ်းဖော်ထုတ် ထိန်းချုပ်နိုင်ရေးဟူသည့် အချက်သုံးချက်ကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရမည်ဖြစ်သည်။ ယင်းအချက်သုံးချက်တွင် ပြည်သူများနှင့်ပတ်သက်၍ ပြည်သူသည်သာအဓိကဖြစ်၍ ပြည်သူများ၏ လိုက်နာဆောင်ရွက်မှုတို့ အပေါ်တွင်မူတည်ပြီး ကောင်းမွေ၊ ဆိုးမွေတို့ဖြစ်ပေါ်နေသည်ကို မြင်တွေ့ရ မည်ဖြစ်သည်။

 

ဒုတိယအချက်အနေဖြင့် ရောဂါနှင့်ပတ်သက်၍ စီမံဆောင်ရွက်၊ ရှာဖွေ စစ်ဆေး ထိန်းချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတို့သည် အရေးကြီး သောအချက်များဖြစ်ရာ ယင်းတို့ကို အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၌ ရောဂါပိုးတွေ့ရှိပြီးနောက် မတ်လ ၃၀ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ၂၀၁၉(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီး ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

 

ကော်မတီအနေဖြင့် အရေးကြီးသောကိစ္စများဖြစ်သည့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နေသူများနှင့် အနီးကပ်ထိတွေ့နေသူများအားလုံးကို ရောဂါလက္ခဏာပြသည်အထိစောင့်ဆိုင်းမနေဘဲ စုံစမ်းရှာဖွေဖော်ထုတ်၍ အမြန်ဆုံးစစ်ဆေးနိုင်ရေး၊ Quarantine ဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ကာ Contact Person စာရင်းများပြုစုပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးများသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးအကြောင်း ကြားခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စုံစမ်းဖော်ထုတ်ရန် ခက်ခဲသော Contact Person များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်သာသိသူများ၊ ဖုန်းနံပါတ်ရှိပြီး ဆက်သွယ်၍မရသူများအား သက်ဆိုင်ရာဌာန များနှင့် ချိတ်ဆက်စုံစမ်းရှာဖွေမှုများကို ပြုလုပ်ပေးလျက်ရှိသည်။

 

ထို့ပြင် ဧပြီလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ပြည်ပမှ လေကြောင်း၊ ကုန်းကြောင်းဖြင့် ပြန်လည်ဝင်ရောက်လာသူ ၁၇၂၅၁၄ ဦးအား စိစစ်စီမံဆောင်ရွက်ပေးခြင်း၊ သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု လေးသန်းကျော်အား စားနပ်ရိက္ခာနှင့် ထောက်ပံ့မှုများပြုလုပ်ပေးခြင်း၊ ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်ပြီး လူမှုကွန်ရက်နှင့်အခြားနေရာများမှ သတင်းမှား ဖြန့်ဝေသူများအား အမြန်ဆုံးရှာဖွေဖော်ထုတ်ခြင်းနှင့် ရောဂါထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ လိုက်နာနေထိုင်မှုမရှိသူ များ၊ စည်းကမ်းဥပဒေဖောက်ဖျက်သူများကို အရေးယူခြင်းတို့ဆောင်ရွက် ခဲ့သည်။ အခြားအလားတူ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များလည်း ရှိသည်။

တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ စွန့်လွှတ်စွန့်စား အနစ်နာခံဆောင်ရွက်နေကြသော ကျန်းမာ ရေးဝန်ထမ်းများနှင့်အတူ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် တာဝန်သိပြည်သူ များက ကိုဗစ်စိန်ခေါ်မှုကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေရာ ၎င်းတို့အား အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဤသို့ အဘက်ဘက်က အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာကာကွယ်၊ ထိန်းချုပ် ကျော်လွှားနိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား အယုတ်အလတ်အမြတ်မရွေး၊ လူထုလူတန်းစား အဖွဲ့အစည်းမရွေး တိကျစွာလိုက်နာရေးကို ဝိုင်းဝန်း ပူးပေါင်း ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် လိုက်နာမှုမရှိသူများအား ထိထိ ရောက်ရောက် အရေးယူခြင်းတို့ကို ဆောင်ရွက်နိုင်မှသာ ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း။ ။