
နေပြည်တော် ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကော့ကျေးရွာ ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အကြမ်းဖက်သမားများက Drone ယာဉ် အသုံးပြု၍ လက်လုပ်ဗုံးတစ်လုံး လာရောက်ပစ်ချ ပေါက်ကွဲခဲ့သဖြင့် စာသင်ကျောင်းအမိုးအနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် ည ၇ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကော့ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဝင်းအတွင်း အခြေပြု၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံ အကြမ်းဖက်သမားများက ဘိုးတော်တောကျေးရွာ ဘက်မှနေ၍ Drone ယာဉ်တစ်စီးအား အသုံးပြု၍ လက်လုပ်ဗုံးတစ်လုံး လာရောက်ပစ်ချခဲ့ရာ လက်လုပ်ဗုံးမှာ စာသင်ကျောင်းအမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာမရရှိသော် လည်း စာသင်ကျောင်းအမိုးအနည်းငယ် ပေါက်ပြဲ ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန် ခဲ့သည့် အကြမ်းဖက်သမားများကို နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်