
မန္တလေး ဇွန် ၂၀
ယခုရက်ပိုင်းအတွင်း နှမ်းနက် သီးနှံများ မန္တလေးဈေးကွက်သို့ ဝင်ရောက်လာကာ အရောင်း အဝယ်သွက်လက် ကောင်းမွန်နေ ကြောင်း မန္တလေးနှမ်းကုန်သည် များထံမှ သိရသည်။
အဆိုပါ နှမ်းနက်များသည် မန္တလေးဈေးကွက် အတွင်းသို့ ရွှေဘိုခရိုင်နှင့် ဝက်လက်နယ် တို့မှ စတင်ထွက်ရှိကာ ဝင်ရောက် လာကြောင်း၊ ယခုနှစ်တွင် လက်ရှိ ဈေးကွက်အတွင်း နှမ်းနက် သုံးတင်းဝင် တစ်အိတ်လျှင်ငွေကျပ် ၄၈၀၀၀၀ နှုန်းဖြင့် အရောင်း အဝယ် သွက်လျက်ရှိကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
“ဒီရက်ပိုင်းမှာ မန္တလေး ဈေးကွက်ကို နှမ်းနက်သာမက နှမ်းဖြူတွေပါ စတင်ဝင်လာပြီး အရောင်းအဝယ်တွေ ကောင်းနေ ပါတယ်။ နှမ်းနက်ကလည်း ပြည်ပ ပို့ကုန်အနေနဲ့ တင်ပို့ခွင့်ရထား ပါတယ်။ ဒီနှစ်အနေနဲ့ ရာသီဥတု ကောင်းမွန်ပြီး အထွက်နှုန်းလည်း ကောင်းမွန်တာ တွေ့ရှိရပါတယ်။ ခုရက်ပိုင်းထဲ ဈေးကွက်အတွင်းမှာ တရုတ်ပြည်ရဲ့ လိုအပ်ချက်အရ တရုတ်ဝယ်လက်တွေ သွက်သွက် လက်လက်နဲ့ ဝယ်ယူမှုတွေရှိနေ တာကြောင့် အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ ဂျပန်နှမ်းဖြူ ကလည်း ဈေးကွက်အတွင်းမှာ အရောင်းအဝယ်တွေ ကောင်းနေ တာလည်း တွေ့ရပါတယ်။ နှမ်း သီးနှံတွေက ဒီနှစ်အရောင်းအဝယ် ကောင်းတယ်။ ထွက်သမျှနှမ်းရဲ့ ၉၅ ရာခိုင်နှုန်းက ပြည်ပကို ပို့ကုန် အနေနဲ့ပို့တယ်။ အဓိကအနေနဲ့ တရုတ်ဈေးကွက်ကို ပို့ဆောင် ရောင်းချနေရတယ်။ မကြာခင် ကာလမှာလည်း နေပြည်တော်၊ တပ်ကုန်းနယ်တွေ ကလည်း ထွက်ရှိလာတော့မှာပါ’’ ဟု ၎င်း ကပြောသည်။
မြန်မာ့ထွက်ကုန် ဖြစ်သော နှမ်းသီးနှံကို မန္တလေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့တွင် အဓိကထားကာ အများဆုံးစိုက်ပျိုး ကြကြောင်း၊ မကွေးတိုင်းဒေသ ကြီးတွင် မြန်မာပြည်၏ ဆီအိုးကြီး ဟုခေါ်ဆိုရသည်အထိ အများဆုံး စိုက်ပျိုးကြကြောင်း၊ နှမ်းနက်ကို သီးထပ်အဖြစ် ရာသီမရွေးစိုက်ပျိုး နိုင်ပြီး ရက် ၁၀၀ အတွင်း ပေါ်ထွက် လေ့ရှိသော သီးနှံဖြစ်သည့်အပြင် ရောင်းချရာတွင်လည်း အခက် အခဲမရှိသော မြန်မာ့ထွက်ကုန် တစ်ခုဖြစ်ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)