ရွေးကောက်ပွဲဖျက်လိုဖျက်ဆီးလုပ်မည့်သူတွေအတွက် ဗိုလ်ချုပ်၏သတိပေးချက်

Type

ဆောင်းပါး

=======

 

ရွေးကောက်ပွဲဖျက်လိုဖျက်ဆီးလုပ်မည့်သူတွေအတွက် ဗိုလ်ချုပ်၏သတိပေးချက်

 

============================================

 

“လာမည့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖျက်လိုဖျက်ဆီး လုပ်ကြမယ်ဆိုတဲ့ လူတွေပေါ်ရင်တော့ အဲဒီလူတွေဟာ တိုင်းပြည်ရန်သူ နံပါတ်တစ်တွေပဲ။ လွတ်လပ်ရေးအတွက် ဆုံးဖြတ်ရမယ့် တိုင်းပြုပြည်ပြုလွှတ်တော် မလိုချင်ဘူး ဆိုတဲ့လူတွေကို အားပေးတဲ့လူတွေဟာလည်း တိုင်းပြည်ရဲ့ ရန်သူတွေပဲ။ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့လူတွေဟာ ရှေ့လျှောက် သူတို့ မင်းသားကြီးမလုပ်နိုင်ကြ မယ့်အရေးမြင်လို့ ဗမာပြည်ဘာဖြစ်ဖြစ်ဆိုပြီး ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့လူတွေပဲဖြစ်တယ်။ အဲဒီလို ဖျက်လို ဖျက်ဆီးလုပ်တဲ့သူ မှန်သမျှကိုတော့ အာဏာကုန် နှိမ်နင်းပစ်မယ်ဆိုတာ ရှင်းရှင်းကြီး သတိပေးလိုက် ပါရစေ . . ”

ဆန္ဒမဲပေးမမှားကြဖို့၊ သူများပြောတာနားမယောင်ကြဖို့

ဗြိတိသျှလက်အောက်ကျွန်သဘောက်ဘဝမှ ဗမာ ပြည်လွတ်လပ်ရေးရရှိဖို့ရာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲကြရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော် Constituent Assembly ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်ပြီး ဆန္ဒမဲပေးမမှားကြရန်နှင့် ရွေးကောက်ပွဲ ဖျက်လိုဖျက်ဆီးလုပ်မှုများနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ် မတ်လ ၁၀ ရက်နေ့ညက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မြန်မာ့အသံမှ အသံလွှင့်၍ သတိပေးချက်တစ်ရပ် ထုတ်ပြန်‌ပြောကြားခဲ့သည်ကို ကျွန်တော် သတိရမိသည်။

 

မဲဆန္ဒမပေးကြဖို့ No Vote တဲ့

ယခု နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် လည်း ဖျက်လိုဖျက်ဆီးလုပ်နိုင်ကြရန် ကြိုးပမ်းနေသူ အချို့တို့၏အကြောင်း သတင်းများထွက်ပေါ်နေပါသည်။ No Vote ဆန္ဒမဲမပေးကြရန် စည်းရုံးလှုံ့ဆော်သည့် Campaign သတင်းများဖြစ်ပါသည်။ ဆန္ဒမဲမပေးသူများ ကို ငွေကြေးပေး၍ စည်းရုံးကြမည်အထိ ထိုသတင်းများက ဖော်ပြနေပါသည်။

ဒီမိုကရေစီနိုင်ငံများ၏ အထွေထွေရွေးကောက်ပွဲ များတွင် Vote on the Suggestion မဲဆွယ်မှုအလိုက် လွတ်လပ်စွာ ဆန္ဒမဲပေးကြသည့် ထုံးဓလေ့ရှိကြသည်။ ယခုမူ အနိုင်ရရန် မိမိတို့ မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိ နိုင်ကြဟု ယုံကြည်နေကြသော ပါတီအချို့က မဲဆန္ဒရှင် ပြည်သူတို့ လုံးဝဆန္ဒမဲမပေးကြအောင် စည်းရုံးလှုပ်ရှား ကြမည့် အနေအထားမျိုးဖြစ်နေသည်ဟု ဆိုကြ

သည်။

 

ဤအဖြစ်၊ ဤအခြေအနေ၊ ဤအကြံအစည်မျိုးကို ကျွန်တော့်တစ်သက် မကြုံမတွေ့ဖူးသောအဖြစ် တစ်ရပ်ဖြစ်သော်လည်း ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကျင်းပစဉ်က ပြည်သူလူထု၏ ဝိုင်းကြဉ်ခြင်းခံကြရသည့် အတိုက်အခံ လက်ဝဲကွန်မြူနစ် တို့နှင့် လက်ယာ နိုင်ငံရေးသမားအချို့တို့က ရွေးကောက် ပွဲ မပျက်ပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်ကြရန် စီစဉ် ကြိုးပမ်းကြသည်ကို လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သတိပေးတားမြစ်ခဲ့ရသည်ကို ကျွန်တော်ပြန်‌ပြောင်း သတိတရဖြစ်မိပါသည်။

အဖျက်အမှောင့် ကဖျက်ယဖျက်များ

ပြည်သူတစ်ရပ်လုံး၏ အင်အားဖြင့် ဆင်နွှဲနေသော လွတ်လပ်ရေးတိုက်ပွဲမှာ ထိုအချိန်က ပန်းတိုင်ဝင်လုဆဲ အခြေအနေမျိုးဖြစ်သည်။ ဗမာ့လွတ်လပ်ရေးမှာ လက်တစ်ကမ်းအလိုတွင် ရှိနေပြီဖြစ်သည်။ အဖျက် အမှောင့် ကဖျက်ယဖျက်များ အလျှိုလျှို ပေါ်ပေါက်လာ သည်ကို ဗိုလ်ချုပ်က ဖွင့်ချပြီး ပြည်သူ့အင်အားဖြင့် သတိပေးတားမြစ်ခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေ အဖြစ် အပျက်တို့ကို ဗိုလ်ချုပ်က အောက်ပါအတိုင်းပြောခဲ့ပါ သည် -

အခြေခံဥပဒေအမြန်ရေးဆွဲနိုင်ရေး

ယခု တိုင်းပြုပြည်ပြုလွှတ်တော်ကို ဧပြီလမှာရွေးပြီး ဇွန်လလောက်မှာကျင်းပရင် သုံး၊ လေး၊ ငါးလ လောက် အတွင်း လွတ်လပ်တဲ့ဗမာပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ကို ရေးဆွဲဆုံးဖြတ်နိုင်မယ်။ အဲဒီအခါ ဘိလပ်ပါလီမန် လည်း အစည်းအဝေးရှိတဲ့ အချိန်ဖြစ်မယ်။

ဗြိတိသျှအစိုးရနဲ့ အရေးဆိုမယ်

 

ကျုပ်တို့က ဗမာပြည်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ရေးဆွဲပြီးတာနဲ့တစ်ပြိုင်နက် ဘယ်နေ့ဘယ်ရက်မှာ ကျုပ်တို့လက်ကို အာဏာလွှဲပါဆိုတာသတ်မှတ်ပြီး ဗြိတိသျှအစိုးရနဲ့ အရေးဆိုရမယ်။ ကျုပ်တို့အရေးမဆိုရခင် ဗြိတိသျှအစိုးရက အိန္ဒိယမှာလို ရက်ကန့်သတ်ပေးချင်လည်း ပေးမှာပဲ။ ဒီကိစ္စဟာ ခက်မယ်လို့ကျုပ်မထင်ဘူး။ သူတို့နဲ့ စာချုပ်ချုပ်တဲ့ နေရာမှာသာ ခက်ချင်ခက်လိမ့်မယ်။

မူးတင်း၊ ပဲတင်းလုပ်လိမ့်မယ်

 

သူတို့က ကျုပ်တို့ ဆုံးဖြတ်ထားတဲ့ဥပဒေကိုတော့ ပြင်မှာမဟုတ်ဘူး။ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ် လိုက်တဲ့ လွတ်လပ်ရေးကို မူးတင်း၊ ပဲတင်းဖြစ်အောင် စာချုပ်ထဲမှာ ချုပ်ချယ်ချက်တွေ ကျုပ်တို့သဘောမတူဘဲ ထည့်ချင်ထည့်မှာကိုသာ ကျုပ်တို့တိုက်ဖျက်ရလိမ့်မယ် ထင်တယ်။

လွတ်လပ်ရေးရအောင် ကျုပ်တို့လုပ်တာ

တိုင်းပြုပြည်ပြုလွှတ်တော်ကို ရွေးကောက်ပွဲပြီးတဲ့ အခါ အဲဒီလွှတ်တော်က လွတ်လပ်ရေးဆုံးဖြတ်ပြီး လွတ်လပ်ရေးတိုက်ပွဲ လုပ်စရာရှိလို့လုပ်ရတယ်ဆိုရင် ပိုပြီး ကျုပ်တို့အရေးဟာ အားရှိမှာအမှန်ပဲ။ ယနေ့အထိ လွတ်လပ်ရေးလုပ်ငန်းကို အကောင်အထည်နဲ့ မြင်အောင် လုပ်လာတာ ကျုပ်တို့သာ လုပ်နိုင်တာပဲ။

ကျုပ်တို့ရဲ့အမတ်လောင်းတွေအားလုံးရွေးကြရင်

ကျုပ်တို့ ဖဆပလအဖွဲ့ချုပ်ကလည်း လာမည့် ရွေးကောက်ပွဲမှာ ကျုပ်တို့တင်တဲ့ အမတ်လောင်းအားလုံး ကို ခင်ဗျားတို့ တိုင်းသူပြည်သားတွေကသာ ရွေးမယ်ဆိုရင် တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေမယ်လို့ အာမခံပြီး ပြီပဲ။

 

ရွေးကောက်ပွဲ ဖျက်လိုဖျက်ဆီးလုပ်ချင်ကြသူများ

ဗိုလ်ချုပ်က လွတ်လပ်ရေးအမြန်ဆုံးရရှိမည့် စီစဉ် ချက်များနှင့် ကျင်းပမည့်‌ ‌ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အခြေအနေအရပ်ရပ်တို့ကို ရှင်းပြရင်း ရွေးကောက်ပွဲ ဖျက်လိုဖျက်ဆီး လုပ်ချင်နေကြသူများနှင့် ပတ်သက်၍ ဆက်လက်ရှင်းပြသွားသည်။

 

ရွေးကောက်ပွဲဘာကြောင့်ဖျက်ချင်သလဲ

ဒါဖြင့် လာမည့်ရွေးကောက်ပွဲဖျက်ချင်တဲ့လူတွေက ဘာဖြစ်လို့ ဖျက်ချင်တာလဲ။ အ‌ခြားကြောင့်တော့ မဟုတ်ဘူး။ လွတ်လပ်တဲ့ ဗမာပြည်မှာ သူတို့တစ်တွေဟာ တစ်သက်လုံးမြုပ်တော့မယ့်အရေးကို တွေးတွေးမြင်တိုင်း သူတို့ဟာ မစားရတဲ့အမဲ သဲနဲ့ပက်ချင်လို့ပဲ။

 

လူညွန့်ခူးစားနေတဲ့ နိုင်ငံရေးစားဖားကြီးတွေ

ယနေ့ည ကျွန်တော်ဗေဒင်ဟောထားခဲ့မယ်။ မှန်၊ မမှန် ရှေ့ဖြစ်တဲ့အဖြစ်အပျက်တွေက သက်သေခံပါ လိမ့်မယ်။ တိုင်းပြု ပြည်ပြုရွေးကောက်ပွဲမှာ တိုင်းပြည်က လက်ဝဲဂိုဏ်းအများပါဝင်ပြီး တိုင်းပြည်အတွက် တကယ် လုပ်ခဲ့တဲ့ လူငယ်အများ ပါဝင်တဲ့ ဖဆပလအမတ်လောင်း တွေကိုသာ ရွေးလိုက်တယ်ဆိုရင် ရှေ့လျှောက်ပြီး ‌ရှေးက ဗမာပြည်မှာ လူညွန့်ခူးစားနေတဲ့ နိုင်ငံရေးစားဖားကြီးတွေ တစ်သက်လုံးမထနိုင်တော့ဘူးလို့ ဗေဒင်ဟောထားချင် တယ်။

 

လူငယ်နိုင်ငံရေးသမားတွေ သိပ်မမိုက်ကြနဲ့

သို့သော် တစ်ခုတော့ ပြောထားချင်တယ်။ လူငယ် နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီးတဲ့ ဗမာပြည်မှာ သိပ်မမိုက်ကြ တစ်ဦးနဲ့ တစ်ဦး ညီညီညွတ်ညွတ်လုပ်ကြ ဖို့တော့လိုတယ်။ ဒီလိုမှ မဟုတ်ရင် လွတ်လပ်တဲ့ ဗမာပြည် ဟာ လွတ်လပ်ရေးအရသာကို ကျပ်ပြည့်တင်းပြည့်ခံစား ရမှာမဟုတ်ဘူး။

ရွေးကောက်ပွဲဖျက်သူများကို အာဏာကုန်နှိမ်နင်းပစ်မယ်

‌ရွေးကောက်ပွဲဖျက်မယ်ဆိုတဲ့ လူတွေကိုတော့ ကျုပ်တို့အစိုးရက ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူး။ အပြင်းအထန် နှိပ်ကွပ်ရမှာပဲ။ ရွေးကောက်ပွဲမှာ လွတ်လပ် စွာ ယှဉ်ပြိုင်ရွေးကောက်တဲ့နေရာမှာတော့ ဘယ်သူ့ကိုမှ ကျုပ်တို့အစိုးရက နှောင့်ယှက်မှာမဟုတ်ဘူး။ သို့သော် ဖျက်လိုဖျက်ဆီးလုပ်တဲ့ လူမှန်သမျှကိုတော့ အာဏာကုန် နှိမ်နင်းပစ်မှာပဲဆိုတာ ရှင်းရှင်းကြီး သတိပေးထား

ပါရစေ။

 

အမတ်လောင်းစာရင်းနဲ့ပတ်သက်လို့

ဖဆပလအမတ်လောင်းစာရင်းနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်တယ်။ ဖဆပလ အမတ်လောင်းတွေကို ရွေးတုန်းက ပထမသူတို့ကို ဟင်္သာတဦးမြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးဗဆွေ၊ ဗိုလ်မှူးအောင်တို့ပါတဲ့အဖွဲ့က ‌ရွေးချယ်တယ်။ ပြီးတော့ သခင်နု၊ မြန်မာ့အလင်းဦးတင်နဲ့ ကျွန်တော်ပါဝင်တဲ့အဖွဲ့က ဆုံးဖြတ်တယ်။ ရှင်းရှင်းပဲ ကျွန်တော်ပြောပြမယ်။

မကျေနပ်တဲ့လူတွေအများကြီးရှိမယ်

လူပေါင်းနှစ်ထောင်ကျော် စာရင်းသွင်းထားတဲ့ အနက်က နှစ်ရာလောက်သာရွေးရမှာဆိုတော့ ထောင့် ရှစ်ရာကျော် လူစုထဲက မကျေနပ်တဲ့လူတွေအများကြီး ရှိမယ်ဆိုတာ ကျုပ်မြင်ပြီးပြီပဲ။

အချောင်သမား စားဖားတွေခလောက်ဆန်မယ်

ပြီးတော့ အချောင်သမားစားဖားတွေ၊ သာယာစီးတွေ ကလည်း ဖဆပလထဲမှာ ခလောက်ဆန်ဖို့၊ ပြည်သူ့ရဲဘော်နဲ့ လက်ဝဲ ဂိုဏ်းသားအချင်းချင်းတိုက်ပေးဖို့လုပ်မှာပဲ ဆိုတာ လည်း ကျုပ်မြင်ပြီးပြီပဲ။

ခေါင်းဆောင်ပီပီ ဆုံးဖြတ်တာဖြစ်တယ်

 

သို့ပေမယ့် ကျုပ်တို့ဟာ ခေါင်းဆောင်တွေပီပီ ကောင်း တယ်မှန်တယ်ထင်တာကို ရဲရဲကြီး ဆုံးဖြတ်လိုက်တာပဲ။ ကျုပ်တို့ ‌ရွေးတဲ့လူတွေထဲမှာ အရည်အချင်းရှိတယ်ဆိုတဲ့ လူတွေ ခြောက်ဆယ်လောက်ပါတယ်။ အဲဒီအထဲက တချို့ကိုတော့ဖြင့် ကျုပ်တို့ စိတ်ချလို့ရွေးတာမဟုတ်ဘူး။ စိတ်မချပေမယ့် သူတို့ဟာ လူနည်းစုပဲ။ သူတို့ကိုသုံးရမယ့် နေရာတွေလည်းရှိသေးတယ်။ ကျန်တဲ့လူတွေကိုတော့ အလုပ်လုပ်တဲ့လူတွေ၊ စိတ်ချရတဲ့လူတွေ၊ နယ်ကတင်တဲ့ လူတွေ ဖြစ်နိုင်သမျှဖြစ်အောင် ရွေးတာပဲ။

နယ်ကပြဿနာ

နယ်ကတင်တဲ့ လူတွေထဲက ကျုပ်တို့သေသေချာချာ မသိတဲ့လူတွေကျတော့ မ‌ရွေးဘူး။ သေချာတဲ့လူတွေကိုပဲ ‌ရွေးတယ်။ နယ်ကိုပြန်မေးနေဖို့အချိန်လည်း မရဘူး။ ဒါလည်းနယ်ကလူတွေ မူလတုန်းက စာရင်းကောင်း ကောင်းမပေးကြဘူး။ ပေးပြန်တော့ ကပ်ပြီးပေးကြတယ်။ ဒါဟာနယ်တွေရဲ့ အပြစ်လည်းပါသလောက်ပါတယ်။

စားဖားကြီးတွေဖြုတ်ပစ်ခဲ့တယ်

 

ကျုပ်တို့ရွေးတဲ့စာရင်းမှာ စားဖားကြီးတွေ အတော် များများဖြုတ်ပစ်ခဲ့တယ်။ သူတို့မကျေနပ်ကြဘူး။ ဒါပေ မယ့် လူငယ်ပိုင်းက လက်ဝဲသမားတွေကို ‌မြှောက်ပေးရုံက လွဲပြီး သူတို့ခေါင်းမထောင်ရဲဘူး။

လူငယ်တွေအကင်းပါးဖို့လိုတယ်

လူငယ်တွေက အကင်းပါးဖို့လိုတယ်။ ဖဆပလထဲ မှာရှိတဲ့ လူငယ်တွေကသာ တောင့်ပြီး အလုပ်လုပ်ကြပါ။ အခု ကျုပ်တို့ ‌ ရွေးလိုက်တဲ့အမတ်လောင်းတွေကို တစ်ခဲနက်အားပေးပြီး တင်သမျှ အမတ်လောင်းအားလုံး အရွေးခံရအောင်သာ ကြိုးစားဆောင်ရွက်ကြပါ။ အိန္ဒိယပြည်မှာလို တင်သမျှ အမတ်လောင်းအားလုံး အရွေးခံရအောင်လုပ်နိုင်ရင် ငါတို့ပြည်မှာကော ဘာလို့ မလုပ်နိုင်ရမှာလဲ။ ငါတို့ အမတ်အားလုံး အရွေးခံရရင် အဲဒီအထဲမှာ နည်းနည်းပါးပါးအချောင်သမားတွေရှိတောင် အရေးမကြီးဘူး။

 

နယ်အခက်အခဲနှစ်ရပ်ရှိတယ်

နယ်တွေမှာ တွေ့ရမယ့်အခက်အခဲက နှစ်ရပ်ရှိ တယ်။ နယ်က မသိတဲ့အမတ်လောင်းနဲ့၊ နယ်က တယ် မလေးစားတဲ့ အမတ်လောင်းကိစ္စနှစ်ရပ်ပဲ။ နယ်ကမသိတဲ့ အမတ်လောင်းကိစ္စကိုတော့ နယ်က သိတဲ့အမတ် လောင်းချည်းဖြစ်ဖို့မှာ ဘယ်တုန်းကမှမဖြစ်ခဲ့ဘူး။ နယ်က မလေးစားတဲ့လူတချို့ကိုတော့ ဘုရားလက်ထက်က ဥပမာအတိုင်း အားပေးကြရလိမ့်မယ်။

ဘုရားလက်ထက်တော်က

 

ဘုရားလက်ထက်တော်က မဟာဒုက်ဆွမ်းကျွေး တဲ့အခါ အလဇ္ဇီရဟန်းတစ်ပါးကို သူဌေးကြီး တစ်ဦးက မဲ‌ကောက်မိလျက်သားဖြစ်နေတယ်။ သို့ပေမယ့် သံဃာကို ကြည်ညိုသောအားဖြင့် အဲဒီရဟန်းကို ကောင်းကောင်း ပင့်လာပြီး ကောင်းကောင်းပဲ ဆွမ်းကျွေးလိုက်တယ်။

အလဇ္ဇီရဟန်းမှန်းသိတယ်

အလဇ္ဇီရဟန်းက ငါတော့ဖြင့် အမဲဖမ်းမိပြီလို့ ထင်သွားပြီး နောက်တစ်ခါ သူဌေးကြီးဆီလာပြီး တူရွင်း လာငှားတယ်။ သူဌေးကြီးက ခြေထောက်နဲ့ညှပ်ပြီး ရော့ဆို တူရွင်းကိုပစ်ပေးလိုက်တယ်။ ဒီအခြင်းအရာကို သူဌေးကြီးရဲ့မိတ်ဆွေကမြင်တော့ ခင်ဗျား အရင်တစ်ခါ တုန်းက ဒီရဟန်းကို ခြေဆုပ်လက်နယ်ပြုပြီး အသွား အပြန်အိမ်ပေါက်ဝအထိ သပိတ်ထမ်းပို့တယ်။ ဒီတစ်ခါ တော့ ခင်ဗျားလုပ်ပုံက ဆန့်ကျင်လှချည်လားမေးတော့ သူဌေးကြီးက ဘယ်လိုပြန်ပြောသလဲဆိုရင် ဒီရဟန်းက အလဇ္ဇီရဟန်းဆိုတာ ငါသိတယ်။

 

မဟာဒုက်မဲကြောင့်

အရင်တစ်ခါတုန်းက ငါပင့်လာတာပုဂ္ဂိုလ်အနေနဲ့ ပင့်လာတာမဟုတ်ဘူး။ သံဃာရဲ့ကိုယ်စားလှယ်တစ်ဦး အနေနဲ့ မဟာဒုက်မဲရလာလို့ သံဃာကိုကြည်ညိုတဲ့အနေနဲ့ ဆွမ်းလုပ်ကျွေးလိုက်တာပဲ။ ဒီတစ်ခါသူလာတာဟာ သူ့သဘောနဲ့ သူလာတာ၊ သံဃာနဲ့ မဆိုင်ဘူး။ ဒါကြောင့် ငါမကြည်ညိုရင် မကြည်ညိုဘဲနေနိုင်တယ်။ ဘုရားဟော အတိုင်း လုပ်တာပဲလို့ ပြန်ပြောတယ်။

 

အချောင်သမား တစ်ယောက်တလေ

အဲဒီအတိုင်းပဲ ဖဆပလအမတ်လောင်းအဖြစ်နဲ့ အရွေးခံရတဲ့ အချောင်သမား တစ်ယောက်တလေကို ဖဆပလရဲ့ စည်းကမ်းကို ရိုသေသောအားဖြင့်လည်း ကောင်း၊ ဖဆပလက တစ်နှစ်အတွင်း လွတ်လပ်ရေး ရအောင် ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်စေလို သောအားဖြင့် လည်းကောင်း ကူညီဆောင်ရွက်ပေးရမယ်။ ဖဆပလအပြင်ဘက်ရောက်သွားတဲ့ လူကိုတော့ ဘယ်သူ့ မဆို နယ်ကလူတွေကြိုက်ရာလုပ်ကြပေတော့။ အဲဒါပဲ။ အမတ်လောင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပြောချင် တယ်။

vစာမျက်နှာ ၆ မှ

လူမကြိုက်လို့ပါဆိုတဲ့ ဆင်ခြေမျိုး

ဖဆပလအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက် မနာခံနိုင်ဘူး ဆိုတဲ့အဖွဲ့နဲ့ ပုဂ္ဂိုလ်မှန်သမျှကိုတော့ ကျုပ်တို့ ထုတ်လဲ ပစ်ရမယ်။ လူထုကိုလည်း ဖွင့်ချရမှာပဲ။ ဗိုလ်ချုပ်ကိုတော့ ကြည်ညိုပါတယ်၊ ဖဆပလကိုတော့ ကြည်ညိုပါတယ်၊ လူမသိလို့ပါ၊ လူမကြိုက်လို့ပါဆိုတဲ့ ဆင်ခြေမျိုးကိုတော့ ကျုပ်တို့မလိုချင်ဘူး။ ဒါပြောနေကျ စကားတွေပဲ။ ဖဆပလကို ကြည်ညိုရင် ဖဆပလအဆုံးအဖြတ်ကို လိုက်နာမှ ကြည်ညိုရာရောက်တယ်။ အရွေးခံရတဲ့အခါ ဖဆပလဘက်မှနေပါ့မယ်ဆိုတဲ့ စကားမျိုးတွေဟာ ရိုးနေ ပြီ။ ကျုပ်တို့ မယုံဘူး။ ရှင်းရှင်းပဲ။ အာဏာရှင်ဆန်တယ်။ ဘာတယ် ပြောမနေနဲ့၊ အမတ်လောင်းရွေးချယ်တဲ့ကိစ္စမှာ စည်းကမ်းရှိအောင်မလုပ်နိုင်ရင် ငါးပွင့်ဆိုင်ဖြစ် သွားမယ်။

ဘယ်လိုခက်ခက် ကျုပ်တို့နိုင်ရမယ်

သတိထားကြ။ လူထုကမကြိုက်ဘူး၊ ဘာဘူး ပြောမနေကြနဲ့။ ကျုပ်တို့ဟာ လူထုရဲ့ ခေါင်းဆောင်တွေပဲ။ လူထုကို နားလည်အောင်ပြောဖို့ရာ ကျုပ်တို့ဝတ္တရားပဲ။ စစ်မရောက်ခင်က မြားကုန်တဲ့ စကားမျိုး ပြောတဲ့လူတွေ ဟာ တော်လှန်ရေးသမားတွေမဟုတ်ဘူး။ ဘယ်လို ခက်ခက်ခဲခဲ မလျှော့တမ်း ကျုပ်တို့နိုင်အောင်တိုက်ရမယ်။

ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးဗျူဟာ

 

 

လူမိုက်လုပ်မယ်ကြံတဲ့ ရန်သူတွေကို လူမိုက်နည်းနဲ့ ပဲ တုံ့ပြန်ရလိမ့်မယ်။ လူလိမ္မာလိုလုပ်မယ့် ရန်သူတွေကို လူလိမ္မာနည်းနဲ့ပဲ ပြန်တိုက်ရမယ်။ နိုင်ငံရေးဟာ နိုင်ငံရေး ပဲ။ နိဗ္ဗာန်ရောက်အောင် လုပ်ပြတာမဟုတ်ဘူး။ သို့သော် ငါတို့ကစပြီး မညစ်ပတ်ပါနဲ့။ မမိုက်ကြပါနဲ့။ မမှုလောက်တဲ့ နေရာမှာလည်း အရေးမစိုက်နဲ့။ လျစ်လျူရှုထားကြဖို့ လိုတယ်။

ပေးသမျှယူကျွေးသမျှစား ကျုပ်တို့မဲပုံးထဲကိုသာ ထည့်ကြ

နောက်ဆုံးပြောချင်တဲ့အချက်ကတော့ တိုင်းပြည် လူထုနဲ့ တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ပြောပြချင်တယ်။ တိုင်းပြည်လူထုဟာ ဖဆပလအမတ် လောင်းများ အကြောင်းကိုဖြစ်ဖြစ်၊ ဖဆပလ အကြောင်း ကိုဖြစ်ဖြစ်၊ ဘယ်သူဘယ်လိုလာပြီး လှည့်ဖြားပြောပြော မယုံကြနဲ့။ ခင်ဗျားတို့အပေါ် သစ္စာရှိရှိ၊ ခင်ဗျားတို့အတွက် ဒီလောက်လုပ်လာတာ ဒီဖဆပလကလွဲလို့ ဒါ့ပြင်ဘယ် အဖွဲ့ရှိလို့လဲ။ ဒီတစ်ခါ မဲထည့်မမှားကြနဲ့။ ပေးသမျှယူ ကျွေးသမျှစား၊ မော်တော်ကားနဲ့ခေါ်ရင် တက်စီး၊ ပြီးတော့ ကျုပ်တို့ ဖဆပလမဲပုံးတွေထဲသာ မဲထည့်ကြ၊ မဲဘယ်လို ထည့်ရမလဲဆိုတာလည်း သေသေချာချာ မေးထားကြဦး၊ မဲအထည့်မမှားကြစေနဲ့။

ဗမာဖြစ်ချင်ရင် ဗမာလိုလုပ်ပါ

ဗမာပြည်ရှိ တိုင်းရင်းသားတွေကိုလည်း ပြောချင် တယ်။ တိုင်းရင်းသားတွေဆိုလို့ ဗမာပြည် တိုင်းရင်းသားတွေ ထဲ မပါပေမယ့် ဖဆပလလုပ်ချင်ကြတဲ့ တရုတ်နဲ့အိန္ဒိယ အမျိုးသားများကိုလည်း တိတိလင်းလင်းပြောချင်တယ်။ ဗမာဖြစ်ချင်ရင် ဗမာလိုလုပ်ပါ။ ဗမာလိုလုပ်ရင် ဗမာလိုခံစား ရမည်။

ခခယယ ကညဝတ္တတော့ မလုပ်နိုင်ဘူး

ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်ဖို့များသလဲဆိုတာ ခင်ဗျားတို့သိမှာပဲ။ ဒီအထဲကမှ ခင်ဗျားတို့ ပေါင်းချင်ရာ ပေါင်းကြရင် ခင်ဗျားတို့ထိုက်နဲ့ ခင်ဗျားတို့ကံပဲ။ ဒါပေမဲ့ ကျုပ်တို့ ခခယယ ကညဝတ္တတော့ ဘယ်သူ့ကိုမှ မလုပ်နိုင်ဘူး။

 

ကျုပ်တို့ဝါဒသဘောထားကရှင်းတယ်

ဒီပွဲမှာ ကျုပ်တို့ကဘယ်သူ့ကိုမှ ရန်မစ။ ဘယ်သူ့ကိုမှ မငြိုငြင်။ ဘယ်သူ့ကိုမှလည်း မမြှောက်။ ဘယ်သူ့ကိုမှလည်း မခြောက်ဘူး။ ဘယ်သူ့ကိုမှလည်း မချော့ဘူး၊ ဘယ်အခက် အခဲ၊ ဘယ်ဘေးဒဏ်ကိုမှလည်း မမှုဘူး၊ တိုင်းပြည်က ကောက်ခံလို့ရတဲ့ငွေနဲ့ ကျုပ်တို့စရိတ်သုံးမှာပဲ။ ပိုက်ဆံ တတ်နိုင်တဲ့ အမတ်လောင်းတွေကတော့ သူတို့ကပဲ အကုန် ကျခံလိမ့်မယ်။ မတတ်နိုင်မှန်းသိတဲ့သူတွေကို ဆိုင်ရာ နယ် ဖဆပလတွေက ကူညီရမယ်။ အဲဒီအတိုင်း ကျုပ်တို့ ရွေးကောက်ပွဲဝင်မယ်။

ယီးတီးယားတားတော့မလုပ်ကြနဲ့

ယီးတီးယားတားလုပ်တဲ့သူတွေမှန်သမျှ အတွင်းမှာ ရော၊ အပြင်မှာရော ယီးတီးယားတား ပြန်အလုပ်ခံရမှာ ပဲဆိုတာ ခင်ဗျားတို့ရိပ်မိအောင် တည့်တည့်ပဲပြောလိုက် မယ်။

 

၇၃ နှစ်ကျော်ကစကား ဗိုလ်ချုပ် ယခုပြောနေပါသလား

လွန်ခဲ့သော ၇၃ နှစ် ကျော်က ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ပြောခဲ့သည့် အခြေအနေအရပ်ရပ် တို့မှာ ယနေ့မျက်မှောက်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အခြေအနေများနှင့် ထပ်တူကျနေသည်ဟု တစ်ထစ်ချမဆိုနိုင်လင့်ကစား အထောက်အထားများများ တူညီနေသည့် ဖြစ်ရပ်များကြောင့် ယခု ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဝင်ရောက်သတိပေးနေသည့်အသွင်မျိုး ကျွန်တော်၏စိတ်တွင် ခံစားနေမိပါသည်။

စာရှုသူ မိတ်ဆွေအများကိုလည်း ကျွန်တော်ကဲ့သို့ ခံစားနားလည်ကြမည်ဟု ယုံကြည်မိ၍ ဤဆောင်းပါး ဖြင့် ပြည်သူတို့ စေ့ငုနှလုံးသွင်း ဆင်ခြင်နိုင်ကြစေရန် ရေးသားတင်ပြရခြင်းဖြစ်ပါကြောင်း အစီရင်ခံလျက် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပါသည်။ ။