
ဆောင်းပါး
======
ရှေ့နေ နှင့် ပန်းသုံးပွင့်
=============
ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေ နှင့် ပန်းသုံးပွင့် ပါတဲ့”
“ဘာကိုဆိုလိုပါသလဲ ဆရာ”
“ခေတ်စမ်း၏ ပန်းသုံးပွင့်ရနံ့များ ခေါင်းစဉ်နဲ့ ဆရာကြီးများဖြစ်တဲ့ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် တို့ရဲ့ စာမူများပါတဲ့ စာအုပ်အကြောင်းကို ပြန်လည် တင်ပြရေးသားချင်လို့ပါ။ ဥပဒေစာအုပ်တွေအကြောင်း အလှည့်ပေးခဲ့ပြီးပြီမို့ ရသစာပေ၊ စာအုပ်တွေဘက် လှည့်ကြပါဦးစို့”
“ခေတ်စမ်းစာပေအကြောင်းမို့ ပိုပြီးစိတ်ဝင်စားပါ တယ်ဆရာ”
“ဒါဖြင့် ၊ ဖတ်ကြည့်ကြစို့”
ပန်းသုံးပွင့်ဆိုတာဘာလဲ
သုံးပွင့်ဆိုင် ခေတ်စမ်းစာပေဟူ၍ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့၏ စာမူပုဒ်ရေ (၃၀)ကို ရှုမဝ စာအုပ်တိုက်က ပင် ၁၉၅၅၊ ၁၉၆၁ နှင့် ၁၉၆၂ တို့၌ သုံးကြိမ်တိတိ ပုံနှိပ် ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်ကြောင်း၊ ယခုစာအုပ်တွင်မူ အဆို ပါ ‘သုံးပွင့်ဆိုင်ခေတ်စမ်းစာပေ’ စာအုပ်ကို အခြေပြု၍ သိပ္ပံမောင်ဝ၏ ရေးစာအသစ်များကို ဇော်ဂျီနှင့် မင်းသုဝဏ် တို့မှ စုပေါင်း၍ ဖော်ပြထားကြောင်း၊ ဤသည်မှာ ခေတ်စမ်းစာပေ၏ ပန်းသုံးပွင့်အမည်ရ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့၏ စာမူ (၂၁) ပုဒ်ကို ရွေးချယ်စီစဉ် ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း ရွှေစာပေကအမှာစာ ရေးသားထားသည်။ ထုတ်ဝေသည့်နှစ်မှာ ၁၉၉၉ ခုနှစ် ဖြစ်သည်။ မိုးမင်းစာပေ (ရန်ကုန်) မှ ထုတ်ဝေခြင်းဖြစ် သည်။ နှစ်ပေါင်း (၂၀) ကျော်က ထုတ်ဝေခဲ့သော စာအုပ် ပါ။ ကာလကြာသည့်တိုင်အောင် ဘယ်နှကြိမ် ပြန်ဖတ် ဖတ် မရိုးနိုင်သော စာအုပ်ပါ။ ခေတ်စမ်းစာပေ၏ အနှစ် သာရပါ။
မာတိကာ
သိပ္ပံမောင်ဝ ရေးသားသော အိုင်စီအက်၊ တောက်တဲ့၊ ဂေါက်သီး၊ ဘုရားစင်၊ နှုတ်ဆက်ပွဲ၊ အသံလွှင့်စက်နှင့် မှောင်ကြီးမည်းကြီး စာမူ (၇) ပုဒ် ပါရှိသည်။
ဇော်ဂျီ ရေးသားသော ပုဂံဈေး၊ အချစ်နှင့်စစ်ပွဲ၊ သော့တွဲ နှင့် နတ်ရုပ်၊ သူ့မယား၊ ဦးသောဘိတ နှင့်ကိုခင်၊ ကြင်မည့် သူနှင့် ဖိုးမာဒင် စာမူ (၇)ပုဒ် ပါရှိသည်။
မင်းသုဝဏ် ရေးသားသော ဘကြီးအောင်ညာတယ်၊ ဥဩ၊ ဝါသနာ၊ နားသမင်္ဂလာ၊ သင်္ကြန်တုန်းက၊ ပေါ်တော်မူ နှင့် ရန်ရှင်း စာမူ(၇)ပုဒ် ပါရှိသည်။
သိပ္ပံမောင်ဝရေးသားခဲ့သော စာစုများထဲက ကျွန်တော် ကြိုက်နှစ်သက်သော စာစုအချို့ကို ကောက်နုတ် တင်ပြပါရစေ။
အိုင် စီ အက်
“ကောလိပ်ကျောင်းပြန်၍ဖွင့်သောအခါ မောင်သာဝ သည် အမ်အေနှင့် အိုင်စီအက် အတန်းများကို တက်ရန် နာမည်သွင်းထား၏။ သို့သော် စာအုပ်တစ်အုပ်ကိုမျှလည်း မဝယ်။ စာသင်ခန်းသို့လည်း တစ်ခါတစ်ခါ လမ်းမှား၍သာ ရောက်လာလေသည်။ မိမိ၏နေရပ်သို့ မကြာမကြာ ပြန်ပြီးလျှင် မိမိ အိုင်စီအက် စာမေးပွဲဝင်မည့်အကြောင်း ယင်းစာမေးပွဲတွင် အနည်းဆုံး ဒုတိယရမည့်အကြောင်း၊ မကြာမီ အရေးပိုင်ဖြစ်တော့မည့်အကြောင်းတို့ကို သတင်း လွှင့်လေ၏။ သူဌေးကြီး ကြားလောက်အောင်လည်း မိမိအရေးပိုင်လောင်းဖြစ်ကြောင်း ခပ်ကျယ်ကျယ် ပြော ကြားလျက် နေလေသတည်း။”
“ဤသတင်းကို ကြားရသောအခါ သူဌေးကြီးမှာ မောင်သာဝအား သမက်ဖမ်းလိုသောဆန္ဒ ပေါ်၍လာ၏။ မောင်သာဝ မိမိ၏သမက်ဖြစ်လျှင် မိမိမှာ အရေးပိုင် ယောက္ခမဘဝသို့ မပင်ပန်းဘဲ ရောက်ရပေမည်။ ဤ သမက်မျိုးကိုရလျှင် ကြွားလိုက်မည်၊ မော်လိုက်မည် ဟူ၍လည်း စိတ်ကူး၏။ မိမိအိမ်နားတွင်နေသော ဦးဖိုးထောင်သည် သမက်မြို့အုပ်ဖြစ်ရုံနှင့် အလွန် ဝါကြွား၏။ မောက်မာ၏။ ရိုင်းစိုင်း၏။ အရေးပိုင်ယောက္ခမ သည် မြို့အုပ်ယောက္ခမထက် ပို၍ ဂုဏ်ရှိ၏။ ဦးဖိုးထောင် မာန်စွယ်ကို ချိုးဖဲ့မည်ဟူ၍လည်း ကြိမ်းဝါး၏။ “အရေးပိုင် ယောက္ခမ၊ အရေးပိုင် ယောက္ခမ” ဟု မိမိအား သူတကာက ခေါ်နေပြီဟူ၍ပင် မကြာမကြာ အိပ်မက်လေသည်။” (စာ-၅)
တောက်တဲ့
“ပွဲစားအား “ကိုင်း၊ ခင်ဗျား ပြောတာကို သဘောကျပါ ပြီ၊ အသက်အာမခံလုပ်တော့မယ်။ အခုတော့ မလုပ်နိုင် သေးဘူး။ နောင်နှစ်လ သုံးလလောက်ကြာမှ လုပ်မယ်။ နောင်မှ တစ်ခါ လာပါ”ဟူ၍ တစ်ပတ်ရိုက်ကာလွှတ်၏။ ဤပွဲစားကား ဤသို့ တစ်ပတ်ရိုက်လွှတ်၍ရမည့် ပွဲစား မဟုတ်။ ပွဲစားအရင့်စားထဲက ဖြစ်လေသည်။ သတ္တဝါတို့ မည်သည် သင်္ခါရကို မလွန်ဆန်နိုင်။ ယခုကောင်းနေသော် လည်း မနက်ဖြန် သေချင်သေတတ်၏။ သို့ဖြစ်လေရာကား နေ့ရက်များကို အဘယ်ကြောင့်ဆိုင်းငံ့၍ နေမည်နည်း။ ယခုလုပ်ရမည့်အလုပ်ကို ယခုလုပ်မှကောင်းသည်။ မနက် ဖြန်သို့ ရွှေ့ဆိုင်းလိုက်လျှင် အကျိုးယုတ်တတ်၏။ သေခြင်းတရားသည် အလွန်တရာမှပင် မြန်လှပေ၏…. စသဖြင့် ပွဲစားက သေခြင်းတရား အကြောင်းကို မိုးညှင်းဆရာတော်တို့ထက်ပင် သာအောင် ဟောနေပြန် ၏။” (စာ-၁၄)
“ဪ - ဒုက္ခ ဒုက္ခ၊ သည်လိုလူ့တောက်တဲ့မျိုးနှင့်ဘဝ အဆက်ဆက် မတွေ့ပါရစေနှင့်” ဟူ၍ သိပ္ပံမောင်ဝက ပွဲစားကို တောက်တဲ့နှင့်နှိုင်း၍ နိဂုံးချုပ်ထားသည်။
ဂေါက်သီး
“ဂေါက်သီးကား ဂေါက်ပင်က သီးသောအသီး မဟုတ် ပါ။ လက်ကိုင်တုတ်ကဲ့သို့သော အဖျားကောက်ကောက် တုတ်မျိုးဖြင့် ရိုက်ကာ တွင်းစိမ်ကစားရသည့် ကွမ်းသီးလုံး ခန့်ရှိ ဘောလုံးကလေးကို ဆိုသည်” (စာ- ၁၈) ဟူ၍ ဂေါက်သီးအကြောင်းကို သိပ္ပံမောင်ဝက မိတ်ဆက်ထား သည်။
မောင်လူအေး (သိပ္ပံမောင်ဝ) သည် ဂေါက်သီးကိုလည်း မစွန့်နိုင်၊ ဇနီးခင်သန်းမြင့်၏ ဆူပူခြင်းကိုလည်း မခံချင်၊ သို့ဖြစ်၍ ခင်သန်းမြင့်အား ဂေါက်သီးကစားရန် ဆွယ် တရားဟောပုံ၊ ထို့နောက် မောင်လူအေးနှင့် ခင်သန်းမြင့်တို့ မနက်တိုင်း ညနေတိုင်း ဂေါက်ကွင်းမှာတွေ့ရပုံ၊ စသည် ဖြင့် ရေးသားထားပြီး နှစ်ဦးသဘောတူ အလုပ်ကိုလုပ် ရခြင်းကား အဟောသုခံ၊ ဪ ချမ်းသာစွဟူ၍ နိဂုံးချုပ် ထားသည်။ ကြည်နူးဖွယ်----- ။ (စာ ၂၇)
ဘုရားစင်
“အစိုးရအိမ်များတွင် ဘုရားဆောင်၊ ဘုရားခန်းများကို တသီးတခြား စီမံပေးထားမည် ဆိုလျှင် အစိုးရအမှုထမ်းတို့ သည် ယခုထက် ပိုမိုပြီးလျှင် ဘုရားတရားကို ကြည်ညို လေးစား၍လာရန် အကြောင်းရှိပါသည်။ ထိုအခါ ဘုရား မကြိုက်သော လာဘ်စားခြင်း အမှုများသည်လည်း တစ်စ တစ်စ ပပျောက်သွားရန် အကြောင်းရှိပါသည်။ အစိုးရ အမှုထမ်းများ အ,ဂတိလေးပါး လိုက်စားခြင်းများလည်း တစ်နေ့တခြား ပျောက်ကွယ်သွားပါလိမ့်မည်။ အမှုအခင်း များတွင်လည်း မှန်မှန်ကန်ကန် ဖြစ်လာပါလိမ့်မည်။ အစိုးရအမှုထမ်းများအပေါ်၌လည်း တိုင်းသူ ပြည်သား တို့က အကြည်ညိုတိုး လာပါလိမ့်မည်။ ထိုအခါ တိုင်းပြည် တွင် ဆူပူရေးများပပျောက်သွားပြီးလျှင် သာယာအေးချမ်း ဝပြောခြင်းများ ရောက်လာပါလိမ့်မည်။ ထိုအခါ မြန်မာပြည်ကြီးမှာ နတ်ဘုံနတ်နန်းကြီးသဖွယ် ဖြစ်သွား ပါလိမ့်မည်ဟု ဘုရားစင် အမြန်ဆုံးစီမံပေးပါရန် ယခုလက်ရှိဝန်ကြီးချုပ်အား တိုက်တွန်းပေးရန် တောင်း ပန်လိုက်ရပါတော့သည်”ဟု နိဂုံးချုပ်ရေးသားထားသည် မှာ ချစ်ခင်လေးစားဖွယ်----- ။ (စာ-၃၇)
ဆရာကြီး သိပ္ပံမောင်ဝ၏ နှုတ်ဆက်ပွဲ၊ အသံလွှင့်စက် နှင့် မှောင်ကြီးမည်းကြီး စာစုများကိုလည်း ဆက်လက်၍ ဖတ်ရှုသင့်ပါသည်။
ပုဂံဈေး
ဆရာကြီး ဇော်ဂျီက ပုဂံဈေးခေါင်းစဉ်ဖြင့် တစ်ရံရော အခါက ပုဂံပြည်အကြောင်း ရေးသားထားသည်။ နန်းတွင်း ညီလာခံ၌ တရုတ်သံအမတ်သည် တရုတ်ပြည့်ရှင်၏ လက်ဆောင်ပဏ္ဍာများကို ဆက်သပုံ၊ တရုတ်သံအမတ်နှင့် အပြန်အလှန် စကားပြောဆိုပုံ၊ လေ့လာသော ပေထုပ် သည်ကား အခြားမဟုတ် နေ့စဉ်အမတ်ကြီး၏ ထမ်းစင် ဖြတ်သွားရာဖြစ်သော ပုဂံဈေးပင်ဖြစ်ပုံ၊ ပုဂံဈေးသည် ခါတိုင်းကဲ့သို့ပင် စည်ကားလှ၏။ လူအမျိုးမျိုး၊ လူ အစားစား ကျက်စားလျက်ရှိ၏။ ရယ်သံ၊ ငိုသံ၊ ရန်ဖြစ်သံ၊ ညည်းညူသံတို့ဖြင့် အုတ်အုတ်ကျက်ကျက် အော်မြည် လျက်ရှိ၏။ အသွားအလာ အပြေးအလွှားတို့ဖြင့်လည်း လှုပ်ရှားလျက်နေလေသည် စသည်ဖြင့်ရေးသည်။
သံအမတ်က “လုလင်၊ သင်လေ့လာသော ပေထုပ်ကို ငါကြည့်ချင်သည်” ဟုဆို၏။ ထိုအခါ လုလင်က “အမတ် မင်း၊ ကျွန်တော်လေ့လာသောပေထုပ်ကား အခြားမဟုတ်၊ နေ့စဉ် အမတ်ကြီး၏ ထမ်းစင်ဖြတ်သွားရာဖြစ်သော ပုဂံဈေးပင် ဖြစ်တော့သည်”ဟု ပြန်ပြောလေသည်။
(စာ-၉၂)
အချစ်နှင့်စစ်ပွဲ
ဤစာစုတွင် ဆရာကြီးဇော်ဂျီက “မောင်မောင်၊ စေတီတော်မြတ်မှာ ခင်ခင် တိုင်တည် ဆုတောင်းပြီးပြီ။ မောင်မောင့်ဆီကလဲ ဆုတော်လာဘ်တော်များ တောင်းရ လိမ့်ဦးမယ်”
“လိုသည်ကို မိန့်ပါ။ ခင်ခင်ကျေနပ်လောက်အောင် မောင်မောင်အသက်ကို စွန့်စရာရှိရင် စွန့်ပြီး ပေးပါမယ်။”
“မောင်မောင်ဟာ စစ်ရေးအတွက်နှင့်ပင် အသက်ကို စွန့်လိုတဲ့ မောင်မောင်ပဲ။ ခင်ခင် ဒါလောက်နဲ့ ဘယ်ကျေနပ် နိုင်ပါ့မလဲ၊ ခင်ခင်တောင်းမယ့်ဆုက အသက်ကိုစွန့်ပြီး ပေးရတာထက် ခက်လိမ့်မယ်”
“ဘယ်လို ဆုလာဘ်မျိုးပါလိမ့်….ခင်ခင်”
“ဇမ္ဗူဒီပါ မြေအပြင်ဝယ် သခင်ကြီး တစ်ပါးတည်းကို သာ ချစ်မြတ်နိုးတော်မူစေချင်ပါတယ် မောင်မောင်” ဟု ရေးသားထားသည်မှာ အချစ်နှင့်စစ်ပွဲ၏ သရုပ်ပီပြင် လှပါပေသည်။(စာ-၁၀၁၊ ၁၀၂)
သော့တွဲနှင့်နတ်ရုပ်
ဆရာကြီးဇော်ဂျီက ရှင်ဘုရင်နှင့်ဝန်မင်းများကို ပုံပမာ ထားလျက် “သာဓု-သာဓု-သာဓု၊ မင်းကြီးတို့စကား ကိုယ်တော်မြတ်ကြားရလို့ အားရရွှင်မွေ့ နှလုံးတော် လေခွေ့၊ သဘောတော် တွေ့တယ်၊ မင်းကြီးများ။” “ထိုအခါ ဆိုင်းဝိုင်းထဲမှ ပတ်မကြီးက ‘ဗေ-ထီ-ထီ-ထိ’ဟု ခပ်လေးလေး ဆွဲ၍ ဆိုင်းခွံ့လိုက်လေသတည်း” ဟူ၍ ရေးချယ်ထားသည်မှာ သရုပ်ပီပြင်လွန်းလှပေသည်။ ကျန်ရှိစာစုများကိုလည်း ရှာဖွေ ဖတ်ကြည့်စေချင်ပါသည်။
ဘကြီးအောင် ညာတယ်
ကျော်ကြားထင်ရှားသော ဆရာကြီးမင်းသုဝဏ်၏ စာစုဖြစ်ပါသည်။ ရှုပါ။ “ဘကြီးအောင်၊ ဒီမင်းသမီးရုပ် ကလေးကို ဘယ်သူ့ပေးဖို့ထုနေတာလဲဟင်” ဟု မျက်စိ ကလေး ပေကလပ်လုပ်၍ မောင်ချစ်ကမေးလေ၏။ ဦးအောင်ချာက “ငါ့တူလိုချင်လို့လား၊ ငွေတစ်ကျပ်ယူခဲ့ရင် ဘကြီးပေးမယ်၊ သိလား” ဟု အမှတ်မဲ့ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်း ခေါင်းကုတ်လျက် “၆၄ ပြား ပေးရင် ကျွန်တော် ဒီအရုပ်ကလေးကို တကယ်ပဲရမလား၊ နောက်တော့မညာနဲ့နော်၊ ဘကြီးအောင်” ဟု ပြောရင်း ယောင်ဆံမြိတ်ကလေးကို ချာချာလည်အောင်ပတ်ရစ် လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက် ပြေးလွှားသွားလေ၏ ဟူ၍ ရေးသားထားသည်။ ထို့နောက်၊ အရုပ်ကလေးကို ဝန်ထောက်မင်းလက်သို့ ပါသွားမည်စိုး၍ မောင်ချစ်ခမျာ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်းရပုံ၊ တမှိုင်မှိုင်တတွေတွေ ထမင်းမစား၊ ဟင်းမစားဖြစ်ရပုံ၊ စုထားသော ငါးမူးနှစ်ပြားကို ဆရာတော်အား လှူလိုက်ပါဟုမှာခဲ့ပုံ၊ ဘာမှမပြောဘဲမော နေပြီး ဘကြီးအောင်ညာတယ်ဟုပြောရင်း မောင်ချစ် အသက်ပျောက်သွားပုံ၊ ယခုအခါတွင်ကား ရွာကလေး အနောက်ဘက် နွားစားကျက်အနီး ထိန်ပင်ကြီးတောင် ယွန်းယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးတည်းသော အုတ်ဂူကလေးတစ်ခုကို တွေ့နိုင်ကြောင်း၊ အချစ်ဂူဟူ၍ လည်းကောင်း၊ မောင်ချစ်ဂူဟူ၍လည်းကောင်း အမည် နှစ်မျိုးဖြင့်ခေါ်ကြရာ မည်သည်ကို အမှန်ဟူ၍ မပြောနိုင်ပါ စသည်ဖြင့် ဘကြီးအောင်ညာခဲ့ပုံကို သရုပ်ပေါ်အောင် ဆရာကြီး မင်းသုဝဏ်က ရေးသားထားသည်ကို ရင်ဝယ် သိမ့်သိမ့် ဖတ်ရှုခံစားရပါသည်။ (စာ-၁၆၈)
စွဲမက်ဖွယ်ကျန်စာစုများကိုမူ ကြေးမုံစာချစ်သူများ ဆက်လက်လေ့လာ ဖတ်ရှုစေချင်ပါသည်။
နိဂုံး
ခေတ်စမ်းစာပေ၏ ရှေ့ဆောင် ပန်းသုံးပွင့်၏ဂုဏ်ရောင် မွှေးရနံ့သည်ကား ယနေ့တိုင်ကြိုင်လှိုင် သင်းပျံ့ဆဲပါ တကား. . . ။
- Log in to post comments