ရှေ့နေနှင့် ဥပဒေ၊ နည်းဥပဒေများ

Type
၁

ဆောင်းပါး

======

 

ရှေ့နေနှင့် ဥပဒေ၊ နည်းဥပဒေများ

 

=================

 

ဦးဟန်ညွန့် (ဥပဒေ)

============

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် ဥပဒေ၊ နည်းဥပဒေများပါတဲ့”

“ဘာအဓိပ္ပာယ်လဲ ဆရာ”

“ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ဝေတဲ့ “၂၀၁၉ ခုနှစ် ဥပဒေများ၊ ၂၀၁၉ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်နှင့်ကြေညာချက်များ” စာအုပ် (၂)အုပ်အကြောင်း မိတ်ဆက်တင်ပြချင်တာပါ။”

“ ဥပဒေလေ့လာသူများနှင့်အတူ စိတ်ဝင်စားမိပါတယ် ဆရာ”

“ကိုင်း…. ဒါဖြင့် ဖတ်ကြည့်ကြစို့”

 

ဥပဒေများ

၂၀၁၉ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သော ဥပဒေများမှာ-

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ မြန်မာ့ ကျောက်မျက်ရတနာဥပဒေ၊ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေ၊ ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ၊ နယ်နိမိတ် တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ လောင်းကစားဥပဒေ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ၊ တံတားကြီးများဥပဒေ၊ အလုပ် သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကိုပြင်ဆင်သည့်ဥပဒေ၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကိုပြင်ဆင် သည့်ဥပဒေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ၊ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေ၊ မြေသိမ်း ဆည်းခြင်း ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည် ထူထောင်ခြင်းဆိုင်ရာဥပဒေ၊ ပြည်ထောင်စု တရားစီရင် ရေး ဥပဒေကိုစတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေ ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ၊ ပညာရေး သုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေ၊ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေ၊ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ၊ စကားရပ်ပြောင်းလဲသတ်မှတ်သည့်ဥပဒေ၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ မြန်မာနိုင်ငံဆေးပညာရပ်ဆိုင်ရာဘွဲ့ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေ၊ အခြေခံပညာရေးဥပဒေ၊ သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမ အကြိမ် ပြင်ဆင်သည့်ဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့်ဥပဒေ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေ၊ အမျိုးသားမှတ်တမ်းနှင့်မော်ကွန်း ဥပဒေတို့ဖြစ်သည်။ စုစုပေါင်း ဥပဒေ(၄၀) ဖြစ်ပါသည်။

နည်းဥပဒေများ

၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော နည်းဥပဒေများမှာ-

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများ၊ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ များကို ပြင်ဆင်သည့်နည်းဥပဒေများ၊ စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေ များ၊ အခကြေးငွေပေးချေရေးနည်းဥပဒေများ၊ မြန်မာနိုင်ငံ လေယာဉ်နည်းဥပဒေများ၊ မြန်မာနိုင်ငံ လေယာဉ် မတော်တဆ ထိခိုက်ပျက်စီးမှုနှင့် မတော်တဆ ဖြစ်ပွားမှု စုံစမ်းစစ်ဆေးရေးနည်းဥပဒေများ၊ အထူးကုန်စည်ခွန် နည်းဥပဒေများ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နည်းဥပဒေများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနည်းဥပဒေများ၊ ဗီဒီယို လုပ်ငန်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့်နည်း ဥပဒေများ၊ မြန်မာ့ပုလဲလုပ်ငန်း နည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများ၊ မြန်မာ့ သတ္တုတွင်း နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေ များ၊ ရေခွန်နှင့်တာတမံခွန်နည်းဥပဒေများ၊ ဆည်မြောင်း နည်းဥပဒေများ၊ အမှုတွဲ မိတ္တူကူးခြင်းဆိုင်ရာနည်းဥပဒေ များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများ၊ တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ စာချုပ်စာတမ်းများ မှတ်ပုံတင်နည်းဥပဒေ များ၊ အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင် သည့် နည်းဥပဒေများ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်း ဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ၊ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း နည်းဥပဒေများတို့ဖြစ်သည်။ စုစုပေါင်း (၂၅)ခု ဖြစ်ပါသည်။

 

လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ကြေညာချက်များ

၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော လုပ်ထုံးလုပ်နည်း များ(၉)ခု၊ အမိန့်များ(၄၈)ခုနှင့် ကြေညာချက်များ(၄)ခု ဖြစ်ပါသည်။ အကျယ်ကို မူရင်းစာအုပ်တွင် လေ့လာဖတ်ရှု နိုင်ပါသည်။

တစ်ဆင့်ခံဥပဒေများ ထုတ်ပြန်ပိုင်ခွင့်

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၃ တွင် နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ ကို လည်းကောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များကိုလည်းကောင်း၊ တစ်ဆင့်ခံဥပဒေများ ထုတ်ပြန်ပိုင်ခွင့်အပ်နှင်းခဲ့သည်။

၂၀၀၈ ခုနှစ် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၇၊ ပုဒ်မခွဲ(က)တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေ တစ်ရပ်ပြဋ္ဌာန်းသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်း၊ ပြည်နယ် လွှတ်တော်က ဥပဒေတစ်ရပ်ပြဋ္ဌာန်းသည့်အခါ၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ် ကိုလည်းကောင်း တစ်ဆင့်ခံဥပဒေများအား ထုတ်ပြန်ခွင့် ကို အပ်နှင်းထားသည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၇၃ အရ လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်၊ လုပ်ထုံးလုပ်နည်းနှင့် လက်စွဲများကို ထုတ်ပြန်နိုင် သည်ဟူသော လုပ်ပိုင်ခွင့်အရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်မလိုဘဲ တရားစီရင်ရေးဆိုင်ရာ နည်းဥပဒေများ နှင့် စည်းမျဉ်း ဥပဒေများကို ထုတ်ပြန်ကြောင်းတွေ့ရှိရပါ သည်။ ထိုနည်းတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၃ အရ ကော်မရှင်က လိုအပ်သော နည်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်မှစ၍ပြဋ္ဌာန်းသည့် တည်ဆဲဥပဒေများတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများက လိုအပ်သော နည်းဥပဒေများ၊စည်းမျဉ်း နှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်ဟု ပြဋ္ဌာန်းခဲ့ပေ သည်။ ယင်းတစ်ဆင့်ခံဥပဒေများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။

 

နည်းဥပဒေဆိုသော စကားရပ်

နည်းဥပဒေဆိုသောစကားရပ်တွင် ဥပဒေတစ်ရပ်ရပ် ဖြင့် အပ်နှင်းသည့် လုပ်ပိုင်ခွင့်ကိုသုံးစွဲ၍ ပြုလုပ်သောနည်း ဥပဒေနှင့် ဥပဒေတစ်ရပ်ရပ်အရ နည်းဥပဒေအဖြစ်ဖြင့် ပြုသော စည်းမျဉ်းဥပဒေပါဝင်သည်ဟု ၁၉၇၃ ခုနှစ် စကားရပ် များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၅ (က) (၆) တွင် ပြဋ္ဌာန်းထားပါသည်။

နည်းဥပဒေများကို အုပ်ချုပ်ရေးယန္တရားများအတွက် လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းပေးရသည့် ကိစ္စများ၊ ဥပမာ- အသင်းအဖွဲ့များကို မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲလုပ်ထုံး လုပ်နည်း၊ ဥပဒေကို အကောင်အထည်ဖော်မည့်အရာရှိများ နှင့် ယင်းတို့၏ရုံးချုပ်၊ ရုံးအသီးသီးနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်း ပါသည်။

 

ဥပဒေအာဏာသက်ရောက်မှု

ဥပဒေအာဏာသက်ရောက်မှုတွင် ဥပဒေပြီးလျှင် နည်း ဥပဒေများကို ရှေ့၌တင်ထားသည်။ နည်းဥပဒေများမှာ ဥပဒေပါပြဋ္ဌာန်းချက်ကို မည်သို့မည်ပုံ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဆိုသော နည်းဥပဒေသနှင့် နည်းလမ်းများကို ဖော်ပြလေ့ရှိပါသည်။

 

အကြံပြုလေ့ရှိ

နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများနှင့် စည်းကမ်း ဥပဒေများသည် ဥပဒေကို ကျော်လွန်ခြင်း၊ ဆန့်ကျင်ခြင်း၊ ကွဲလွဲခြင်းမရှိစေရပါ။ ဥပဒေပြဋ္ဌာန်းရေးအတွက် ဥပဒေ ရေးဆွဲသည့် အချိန်တွင် နည်းဥပဒေများကို တစ်ပြိုင်နက် တည်း ရေးဆွဲသင့်ကြောင်း ဥပဒေပညာရှင်များက အကြံပြု လေ့ရှိပါသည်။ အလေးအနက် စဉ်းစားသင့်ပါသည်။

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နှစ်အလိုက် ဥပဒေ စာအုပ်၊ နည်းဥပဒေစာအုပ်များကို စနစ်တကျထုတ်ဝေ ဖြန့်ချိလျက်ရှိရာ ဥပဒေလေ့လာသူများအတွက် အကျိုး များလှပါသည်။ ဥပဒေပညာ ပြန့်ပွားရေးအတွက်လည်း အားတက်ဖွယ်ဖြစ်ပါသည်။ နည်းဥပဒေများသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဥပဒေ ပြဋ္ဌာန်းချက်အပေါ်လိုက်နာခြင်း၊ အကောင်အထည်ဖော် ခြင်းများ ဖြစ်သည်ကိုလည်း လေ့လာသိရှိနိုင်ပါသည်။ ဆက်နွှယ်ပတ်သက်ကြသော ပြည်သူများအတွက်လည်း ဌာနအလိုက် အကောင်အထည်ဖော်မှုများကို အလွယ် တကူ သိရှိဆက်သွယ်နိုင်ကြပါမည်။ ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်သော နည်းဥပဒေ များဖြစ်သောကြောင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ကိုပါ အထောက်အကူပြုနိုင်ပါသည်။ ခုနှစ်အလိုက် ပိုင်း ခြား ဖော်ပြထားသည့်အတွက်လည်း နည်းဥပဒေများ၏ သမိုင်းစဉ်ကို ပေါ်လွင်စေကာ အလွယ်တကူ ရှာဖွေဖတ်ရှု နိုင်ပါသည်။

 

နိဂုံး

(၁) ဥပဒေဘယ်မှာရှိသလဲ။ နည်းဥပဒေဘယ်မှာ ဖတ်ရမလဲ။

(၂) ဥပဒေဗဟုသုတ တိုးပွားလေ့လာနိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ရှာဖွေတွေ့ရှိနိုင်ကြပြီဖြစ်ပါ ကြောင်း . . . ။ ။