ကမ္ဘာ့ရေနေ့ (World Water Day) ကို ၁၉၉၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် မတ်လ ၂၂ ရက်နေ့တိုင်းတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခဲ့ကြသည်။ ရေသယံဇာတထိန်းသိမ်းရေး၊ ရေအခက် အခဲ မကျရောက်စေရေး၊ ရေကို စနစ်တကျသုံးစွဲကြစေရေး၊ သန့်ရှင်းသည့် သောက်သုံးရေနှင့် မိလ္လာစနစ်တို့ မရရှိသူများ အတွက် အလေးထားဖြေရှင်းပေးရေးနှင့် ရေ၏ အရေးပါမှုကို လူသားတို့ ဂရုပြုလာကြစေရေးဟူသည့် ရည်ရွယ်ချက်များ ဖြင့် ကျင်းပသည့် ကမ္ဘာ့ရေနေ့သည် မြန်မာနိုင်ငံအဖို့ လည်း ပူပြင်းခြောက်သွေ့သည့် ရာသီတွင် ကျရောက်နေပြီး မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန်များတွင် ရေနည်းပါး သည့်ကာလ၊ ရေခန်းခြောက်သည့်ကာလဖြစ်သည်။
မိမိတို့နိုင်ငံသည် ရေအရင်းအမြစ် ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး အဓိကမြစ်ကြီးလေးစင်းနှင့် မြစ်ချောင်းများစွာ တို့ ဒေသအနှံ့အပြားတွင် စီးဆင်းနေကြသော်လည်း ‘ရွှေကို မလို၊ ငွေကို မလို၊ ရေကိုသာလိုသည်’ ဆိုသည့် ဒေသများစွာ လည်း ရှိနေကြသည်။ မိုးရာသီလအနည်းငယ်မှလွဲ၍ ကျန်သည့် ရာသီများအားလုံးတွင် ပရဟိတရေလှူနေကြ ရသည့် နေရာများကိုလည်း တွေ့ရသည်။ သန့်ရှင်းသော သောက်သုံးရေသည် လူတို့၏ကျန်းမာရေးနှင့် သန့်ရှင်းရေး အတွက် မရှိမဖြစ်အရေးကြီးသည့်အလျောက် လူတိုင်း သန့်ရှင်းသော သောက်သုံးရေကို လက်လှမ်းတမီလွယ်ကူစွာ သုံးစွဲခွင့်ရရှိနိုင်ဖို့ လိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှု နိမ့်ကျသည့် နိုင်ငံများအတွက် ကုလသမဂ္ဂက ချမှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင် ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သော “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ” တွင်လည်း “လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက်မပြတ် သော စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး” ကို ပန်းတိုင် (၆) အဖြစ် ချမှတ်ထားသည်။
ကမ္ဘာတစ်ခွင်ကို ကြည့်မည်ဆိုလျှင် သန်းထောင်ပေါင်း များစွာသော ပြည်သူများ၊ မရေတွက်နိုင်လောက်အောင် များပြားလှသည့် စာသင်ကျောင်းများ၊ စီးပွားရေးလုပ်ငန်းခွင် များ၊ ဆေးကုသရာနေရာ ဆေးရုံ ဆေးခန်းများ၊ စိုက်ပျိုး မွေးမြူ လယ်ယာများ၊ ကုန်ထုတ်လုပ်သည့် အလုပ်ရုံများ စသည့်နေရာများတွင် သန့်ရှင်းသော သောက်သုံးရေနှင့် သန့်စင်ခန်းများ၊ မိလ္လာစနစ်များ လိုအပ်နေကြသည်။ ယင်းသို့ သော အခြေအနေကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ရန် အတွက် လက်ရှိကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်အဟုန် မြှင့်တင်သွားရန် လိုအပ်သည့်အားလျော်စွာ ယခုနှစ် ကမ္ဘာ့ ရေနေ့၏ ဆောင်ပုဒ်ကို ‘‘ ရေနှင့် ကျန်းမာသန့်ရှင်းမှု တိုးတက် ကောင်းမွန်ရေး၊ အားလုံးအရှိန်အဟုန်မြှင့် ရှေ့သို့ကြိုးပမ်း ပါဝင်ဆောင်ရွက်ပေး ’’ ဟူ၍ ချမှတ်ထားသည်။
ကမ္ဘာ့မျက်နှာပြင်အများစုကို ပင်လယ်သမုဒ္ဒရာများက ဖုံးလွှမ်းထားသော်လည်း လူသားတို့ အသက်ရှင်သန်ရေး အတွက် လိုအပ်သည့် ရေချိုမှာမူ အဖိုးတန်သယံဇာတ တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေချိုအရင်းအမြစ်များ ကြွယ်ဝသည်ဆိုစေကာမူ လူတို့၏ ပယောဂများစွာတို့ကြောင့် ရေချိုအရင်းအမြစ်များစွာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေ သည်ကို အလေးအနက်ထားရန် လိုအပ်နေပြီဖြစ်သည်။ နိုင်ငံ့ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကစီးပွားရေး အဖြစ် အားထားနေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရေအရင်း အမြစ်များ မပျက်စီး မဆုံးရှုံးစေရေး၊ စိုက်ပျိုးရေနှင့် သောက်သုံး ရေများကို အလဟဿ လေလွင့်ပြုန်းတီးမှုမဖြစ်စေရေးနှင့် စနစ်တကျသုံးစွဲရေး၊ ရေသယံဇာတများကို စနစ်တကျ စီမံ ခန့်ခွဲရေးတို့တွင် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါကြောင်း။ ။