
မြိတ် ဇူလိုင် ၁၃
နယ်စပ်ဒေသ တစ်လျှောက်ရှိ နယ်စပ်ဂိတ်အားလုံးမှ တင်သွင်း လာမည့် ရေထွက်ကုန်ပစ္စည်းများ နှင့် ဆက်စပ်ကုန်ပစ္စည်းများကိုအနည်းဆုံးတစ်ရက် ကြိုတင်ခွင့်ပြု ချက်ရှိမှသာ တင်သွင်းခွင့်ရတော့ မည်ဟု ထိုင်းနိုင်ငံမှ ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ကြိုတင်အကြောင်းကြားမှ ဝယ်မည်
ထိုင်းနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံမှ ရေထွက်ပစ္စည်းများ ဝယ်ယူတင်သွင်းရာ၌ သက်သာ ဆိုင်ရာ အေးဂျင့်များမှတစ်ဆင့် တင်ပို့မည့်ကုန်ပစ္စည်းအမည်နှင့်အရေအတွက်များကို ကြိုတင် အကြောင်းကြားထားမှသာလျှင်ဝယ်ယူမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ရေးသားထား သည်။ ထိုင်းနိုင်ငံအနေဖြင့် ကြေညာချက် ထုတ်ပြန်ခြင်းကို ဇူလိုင်လ ဒုတိယအပတ်တွင် ထုတ်ပြန်လာခြင်းဖြစ်ပြီး ထိုင်း နိုင်ငံတစ်ဝန်းရှိ နယ်စပ်ဂိတ် အားလုံးနှင့်သက်ဆိုင်မည် ဖြစ် ကြောင်း သိရသည်။
“အခုလက်ရှိ ပြန်လည် ဖြေလျှော့ပေးထားတဲ့ ရေထွက် ကုန်ပစ္စည်း ၁၀မျိုးကိုလည်း ပုံမှန် အတိုင်း တင်ပို့နိုင်မယ်။ အခု ကြေညာချက်က ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ရုံးချုပ်က ထုတ်ပြန်တာဖြစ်ပြီး မြန်မာနိုင်ငံ နဲ့ကုန်သွယ်မှုပြုလုပ်နေတဲ့ နယ်စပ် ဂိတ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း က ထွက်ရှိတဲ့ ရေထွက်ပစ္စည်းတွေ ကို တင်ပို့တဲ့အခါမှာလည်း အဲဒီ အကြောင်းကြားစာမှာ ပါတဲ့ အတိုင်း လိုက်နာရမယ်” ဟု မြိတ်မြို့မှ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ဥပဒေပြဋ္ဌာန်းချက်အရ
ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုး ရေးနှင့် သမဝါယမဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန လက်အောက် ရှိငါးဖမ်းသင်္ဘောများ၊ ရေထွက် ပစ္စည်းများနှင့် ဆက်စပ်ကုန် ပစ္စည်းများ စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးက ၂၀၁၇ ခုနှစ် ရေထွက်ပစ္စည်းများနှင့်ဆက်စပ် ထုတ်ကုန်ပစ္စည်းများနှင့် သက်ဆိုင် သည့် ဥပဒေပြဋ္ဌာန်းချက်ပုဒ်မ (၉၂)၊ အပိုဒ် (၄)ပါ ပြဋ္ဌာန်းချက် အရ အပ်နှင်းထားသည့် အခွင့် အာဏာကို အသုံးပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ဥပဒေ၌ ပါဝင်သည့် ရေထွက်ပစ္စည်းများနှင့် ဆက်စပ် ထုတ်ကုန်ပစ္စည်းများ၏ နောက် ကြောင်းပြန်စစ်ဆေးနိုင်မည့်စနစ် အရ ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက် လာသည့် ကုန်ပစ္စည်းများမှာ ဥပဒေနှင့်အညီ ဟုတ်၊ မဟုတ် တရားမဝင် ငါးဖမ်းဆီးမှုတားဆီး ရေး၊ ရေထွက်ပစ္စည်း ရရှိလာမှု လမ်းကြောင်းနှင့် ဖမ်းဆီးရရှိမှု တည်နေရာများကို တိကျစွာ ဖော်ပြထားရန်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း စည်းကမ်း သတ်မှတ်ချက်များအတိုင်း တိကျ စွာ လိုက်နာရန် ထိုင်းနိုင်ငံနယ် စပ်စစ်ဆေးရေးဂိတ်များအားလုံးကိုလည်း ညွှန်ကြားချက်ထုတ်ပြန် ထားကြောင်း သိရသည်။
ကျန်းမာရေးထောက်ခံချက်
အဆိုပါ ထုတ်ပြန်ချက်ကြောင့် မောတောင် - ဆင်းခွန်နယ်စပ်ဂိတ် မှ ရေထွက်ပစ္စည်းများ အဓိက တင်ပို့နေသည့် မြန်မာကုန်သည် များအနေဖြင့် မိမိတို့ တင်ပို့မည် ကုန်ပစ္စည်းများ၏ အမည်များနှင့် အရေအတွက်များကို ကြိုတင် အကြောင်းကြားပြီးမှ သာလျှင် တင်ပို့ရမည်ဖြစ်ကြောင်း သိရ သည်။ ပြုပြင်ထုတ်လုပ်ထား သည် ကုန်ပစ္စည်းများ၊ (ဥပမာ- ငါးဆားထိုး၊ ကဏန်းချေးပုံး၊ ဆားစိမ်) တွင် ကျန်းမာရေး ထောက်ခံချက်ပါရမည် ဖြစ်ပြီး ကြိုတင်ပေးပို့ရမည့် စာရင်းတွင် ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အထက်ပါ ကြေညာချက် ထုတ်ပြန်လိုက်သည့်အတွက် ရေ လုပ်ငန်းရှင်များအနေဖြင့် အခက် အခဲတချို့ ကြုံတွေ့နိုင်သည့် အတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စု အင်းလေးမြိုင်စက်မှုဇုန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က တည်ရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးတွင် ငါး စျေးကွက်ကြီး ပြန်လည်အကောင် အထည် ဖော်ဆောင်နိုင်ပါက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ငါးများကို ကြိုက်စျေးခေါ်ယူ ရောင်းချနိုင်ခြင်း၊ အချိန်ကုန် သက်သာခြင်း၊ စရိတ်စက သက်သာခြင်း၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည့်အပြင် တရားမဝင် ကုန်သွယ်မှုများကိုလည်း ထိန်းချုပ် နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်အခများ တိုးပွားရရှိလာမည် ဖြစ်ကြောင်းသိရသည်။
မြင့်ဦး(မြိတ်)