
ရွှေတိဂုံစေတီတော်၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပ
===========================================
ရန်ကုန် အောက်တိုဘာ ၃၁
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ငါးပါးသီလဆောက်တည်
အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော်ဩဝါဒါစရိယ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင် တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တိလောကာဘိဝံသ ဆရာတော်ကြီးထံမှ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်ဌေးနှင့် ဦးညွန့်သင်းတို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများက ဩဝါဒကထာများ မြွက်ကြားတော်မူကြ သည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါ စရိယ ဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသထံမှ အနု မောဒနာတရားနာယူကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယနေ့ကျင်းပသည့် ရွှေတိဂုံစေတီတော်၏ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်မင်းလတ်
ဓာတ်ပုံ-ထွန်းထွန်းခိုင်