
ဗုဒ္ဓဘုရားရှင်က ရိုသေအပ်သူကို ရိုသေ ခြင်းသည် မင်္ဂလာမည်၏ဟု ဟောပါ သည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် အနန္တော၊ အနန္တငါးပါးကို ရိုသေကိုင်းရှိုင်း ရမည်ဆိုသည်ကို ငယ်စဉ်ကပင် သင်ကြား သိရှိကြပါသည်။ မိမိထက် အသက်အားဖြင့် ကြီးသူ၊ မိမိထက် ဂုဏ်အားဖြင့် ကြီးသူ၊ မိမိကို ဆိုဆုံးမ စကားပြောသူ၊ မိမိထက် အသိပညာ မြင့်မားသူ၊ မိမိထက် အကျင့်သိက္ခာ ကောင်းသူများသည်လည်း ရိုသေ လေးစားထိုက်သူများ ဖြစ်ပါသည်။
မြန်မာ့ယဉ်ကျေးမှုအရ မိမိထက် တစ်မိနစ်၊ တစ်နာရီ၊ တစ်နေ့ ကြီးလျှင်ပင် ရိုသေလေးစား ထိုက်ပါသည်။ သို့သော် လည်း မိမိထက် အသက်ကြီးသူက ကိုယ်ကျင့်တရား မကောင်းလျှင် ရိုသေ လေးစားမှုကို ဆောင်ရွက်ရန် ဝန်လေးကြ ပါသည်။ ယနေ့ သတင်းစာများ၊ လူမှု မီဒီယာများတွင် သက်ငယ်မုဒိမ်းမှုများကို မကြာခဏ ကြားသိနေရပါသည်။ သက်ငယ်မုဒိမ်းမှု အများဆုံးသည် ဆွေမျိုးတော်စပ်သူများ၊ ဆွေမျိုးကဲ့သို့ ရင်းနှီးသူများက ကြံစည်ကြခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ဆိုးရွားစွာ ရာဇဝတ်မှုကျူးလွန်သူများသည် အသက် ကြီးသော်လည်း အရိုသေခံရန် မသင့်သူ များဖြစ်ပါသည်။
အသက်ကြီးလာသည်နှင့် အမျှ ဉာဏ်ပညာ၊ အတွေ့အကြုံနှင့် ကိုယ်ကျင့် တရားကောင်းမှသာ ရိုသေလေးစား ထိုက်သူဖြစ်လာပါမည်။ အသက်ကြီးလာ သည်နှင့်အမျှ ပညာအတွေ့အကြုံ ကြီး ရင့်လာအောင် မိမိကိုယ်ကိုမိမိ ပြုစု ပျိုးထောင်ဖို့ လိုသလို ကိုယ်ကျင့်တရား များ ကောင်းအောင်လည်း မိမိကိုယ်မိမိ သတိနှင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသည်။ သို့မှသာ အသက်ကြီးလာ သည်နှင့်အမျှ လူအများ၏ ရိုသေ လေးစားမှုခံထိုက်သူ ဖြစ်လာပါမည်။ အသက်ကြီးသော်လည်း ဉာဏ်ပညာ၊ အသိဉာဏ်နည်းသူ၊ ကိုယ်ကျင့်တရား မကောင်းသူဖြစ်လျှင် အသက်ကြီးပြီး အချိန်မစီးသူဟု ဆိုကြပါမည်။
မိမိထက် ဂုဏ်အားဖြင့် ကြီးသူကို လည်း ရိုသေလေးစားရပါမည်။ လုပ်ငန်း ခွင်များတွင် အသက်ငယ်သော်လည်း မိမိထက် ရာထူးကြီးလျှင် မိမိထက် ဂုဏ်ကြီးသူဖြစ်၍ ရိုသေလေးစားရပါ မည်။ အကောင်ငယ်သော်လည်း ဂုဏ် အားဖြင့် ကြီးသူကို အရိုအသေပေးရ သည်နှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်က တိတ္တိရဇာတ်တော်ကို အောက်ပါအတိုင်း ဟောပါသည်။
တိတ္တိရဇာတ်တော်
ရှေးလွန်လေပြီးသောအခါ ဟိမဝန္တာ အရပ်ရှိ ညောင်ပင်ကြီးတစ်ပင်တွင် ခါ၊ မျောက်၊ ဆင်တိရစ္ဆာန် သုံးကောင်တို့ အတူနေထိုင်ကြပါသည်။ တစ်နေ့သော အခါ သူတို့ သုံးကောင်သည် ငါတို့အထဲ တွင် အကြီးအမှူးတစ်ယောက် ရှိသင့် သည်။ ထိုသူကို ရိုသေလေးစား၍ နေထိုင်ကြရလျှင် ကောင်းမည်ဟု တိုင်ပင်ကာ သူတို့ သုံးယောက်တွင် မည်သူ အသက်အကြီးဆုံးဖြစ်မည်ကို စိစစ်ကြသည်။ ခါနှင့်မျောက်က “အဆွေ ဆင်၊ သင်သည် ဤညောင်ပင်ကို အဘယ်ကာလက စ၍ သိသနည်း” ဟု မေးကြသည်။ “ငါငယ်စဉ် ကာလက ဤညောင်ပင်ကို ငါ၏ ပေါင်ကြား အောက်တွင် ထား၍ သွားလာဖူးသည်” ဟု ဆင်က ဆိုသည်။ တစ်ဖန် ခါနှင့် ဆင်က မျောက်ကို စိစစ်ကြရာ မျောက် က “အဆွေတို့ ငါသည် ငယ်စဉ်ကာလက ဤမြေပြင်တွင် ထိုင်၍ ဤ ညောင်ပင်၏ အညွန့်အဖူးတို့ကို စားလာ ခဲ့သည်” ဟု ပြောသည်။ ဆင်နှင့်မျောက်က ခါကို မေးကြပြန်ရာ ခါက “အဆွေတို့ ငါ ငယ်စဉ်က ဤနေရာတွင် ညောင်ပင် မရှိသေး၊ ငါသည် အခြားနေရာမှ ညောင် သီးကို စားခဲ့ပြီး ဤနေရာတွင်ကျင်ကြီး စွန့်သဖြင့် ဤညောင်ပင်ပေါက်လာခြင်း ဖြစ်သည်”ဟု ဆိုသည်။ ထိုအခါ သူတို့ သုံးဦးတွင် အသက်အကြီးဆုံးမှာ ခါဖြစ် ကြောင်း သိရသဖြင့် ထိုနေ့မှစကာ ဆင် နှင့် မျောက်တို့သည် ခါကို အရိုအသေ ပေးကြသည်။ ခါ၏ အဆုံးအမကို နာယူ ကြသည်။ ခါသည် မိတ်ဆွေနှစ်ဦးကို သီလမြဲစေသည်။ မိမိလည်း သီလမြဲ အောင် စောင့်ထိန်းသည်။ အလွန် မှတ်သားအတုယူသင့်သော ငါးရာ့ငါး ဆယ် နိပါတ်တော်လာဇာတ် ဖြစ်ပါ သည်။ ခါသည် အကောင်ငယ်သော်လည်း အသက်ကြီးသူဖြစ်၍ ဆင်နှင့်မျောက်က အရိုအသေပေးရသည်။ အရိုအသေပေးခံ ရသူ ခါက သီလစောင့်ထိန်းသည့်အပြင် ဆင်နှင့် မျောက်ကိုလည်း သီလမြဲစေ သည်။
ယနေ့ခေတ်တွင် သာရေးနာရေး အသင်း၊ လူမှုရေးအသင်း၊ နိုင်ငံရေးပါတီ စသဖြင့် အသင်းအဖွဲ့များ အလွန်များပါ သည်။ တစ်ခါတစ်ရံ ဥက္ကဋ္ဌလုပ်သူ၊ အသင်းကို ဦးဆောင်ဦးရွက်ပြုရသူအချို့ မှာ အသင်းသားများထက် အသက်ငယ် သူ ဖြစ်နိုင်ပါသည်။ အသက်ငယ်သော် လည်း ဥက္ကဋ္ဌဖြစ်လျှင် သို့မဟုတ် ဦးဆောင် နေသည့်ခေါင်းဆောင်ဖြစ်လျှင် ဂုဏ်အား ဖြင့် ကြီးသူဖြစ်၍ အသင်းဝင်များက ရိုသေလေးစားရပါမည်။ ခေါင်းဆောင် ဖြစ်သူကလည်း နာယကဂုဏ် ၆ ပါးနှင့် အညီ ကျင့်ကြံနေထိုင်ရပါမည်။
နာယကဂုဏ် ၆ ပါး
“ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု” သည် နာယကဂုဏ် ၆ ပါး ဖြစ်ပါသည်။
ထကြွ - ခေါင်းဆောင်သည် တက်
တက်ကြွကြွနှင့် အများ ထက် ဝီရိယထားကာ
အလုပ်ပိုလုပ်ရပါမည်။
နိုးကြား - ခေါင်းဆောင်သည် သတိရှိ
ရပါမည်။ အန္တရာယ်ကို
ကြိုမြင်ရပါမည်။
သနား - မိမိလက်အောက် ငယ်သား များအပေါ် ကိုယ်ချင်းစာ
တရား၊ မေတ္တာတရားနှင့်
အကြင်နာတရားများ ထား ရပါမည်။
သည်းခံ - သည်းခံစိတ်၊ ခွင့်လွှတ်စိတ်
မွေးရပါမည်။
ဝေဖန် - မိမိလက်အောက်ငယ်သား များ၏ အမှားကို အပြု
သဘောဖြင့် ဝေဖန်ပြုပြင် ပေးရပါမည်။
ထောက်ရှု - မိမိလက်အောက် ငယ်သား များအပေါ် ကိုယ်ချင်းစာနာ စိတ်ဖြင့် အထောက်အပံ့ ပေးရပါမည်။ ကြည့်ရှု၊
စောင့်ရှောက်ရပါမည်။
ဝမ်းနည်းစရာ ကောင်းသည်က ယနေ့ခေတ်တွင် အသင်းအဖွဲ့များ၊ အစိုးရဌာနများ၊ ပြင်ပ ပုဂ္ဂလိကလုပ်ငန်း များတွင် နာယကဂုဏ် ၆ ပါးနှင့် ပြည့်စုံသည့် ခေါင်းဆောင်ကောင်းများ ရှားလာခြင်းဖြစ်သည်။ ရိုသေလေးစားမှု ကို လိုချင်၍ ရာထူးကြီးသူ အများစု က မိမိလက်အောက်ငယ်သားများကို အကြောက်တရားဖြင့် အုပ်ချုပ်ကြပါ သည်။ လက်အောက်ငယ်သားက စိတ်ထဲကမပါသော်လည်း အကြောက် တရားကြောင့် အရိုအသေ ပေးနေရပါ သည်။ အလုပ်ပြုတ်မှာ ကြောက်၍ ဟန်ဆောင်ကာ အရိုအသေပေးနေသော် လည်း မျက်ကွယ်သည်နှင့် အလုပ်ကို တော်ရုံတန်ရုံသာ လုပ်ကြပါမည်။ ရိုသေ လေးစားမှုကို အကြောက်တရားဖြင့် တောင်းယူ၍ မရပါ။ လေးစားမှုကို ရချင် လျှင် ရိုသေလေးစားထိုက်သည့်သူ ဖြစ်အောင် မိမိကိုယ်မိမိ ပြုမူနေထိုင်ရ ပါမည်။
ရိုသေလေးစားထိုက်သည့်သူဖြစ် အောင် နာယကဂုဏ် ၆ ပါး ပြည့်စုံရမည့် အပြင် အပြောနှင့်အလုပ်ညီရန် လိုပါ သည်။ မိမိမလုပ်နိုင်သည့် စည်းကမ်းကို မိမိလက်အောက်ငယ်သားများ လိုက်နာ ရန် တင်းကျပ်၍ မရပါ။ ကတိတည်ရန် လိုပါသည်။ “ဆိုခဲစေ၊ မြဲစေ” ဆိုသကဲ့သို့ ခေါင်းဆောင်သည် စကားနည်းနည်း ပြောပြီး ပြောသည့်အတိုင်းလည်း ကတိ တည်ရန်လိုပါသည်။ များများ နားထောင် ရပါမည်။ မြန်မာနိုင်ငံရှိ ရာထူးကြီးသူ အများစုသည် နားထောင်မှုနှင့် ပတ်သက် လျှင် အားနည်းပါသည်။ အစည်းအဝေး လုပ်လျှင် ရာထူးအကြီးဆုံးပုဂ္ဂိုလ်ကစ၍ အဖွင့်မိန့်ခွန်း ပြောပါသည်။ ထို့နောက် အစည်းအဝေးတက်သူများက ဆွေးနွေး ပါသည်။ နောက်ဆုံးတွင် ရာထူးအကြီး ဆုံးပုဂ္ဂိုလ်က နိဂုံးချုပ် မိန့်ခွန်းပြောပါ သည်။ ခေါင်းဆောင်းလုပ်သူက စကား များများပြောနေသည်ကို တွေ့ရပါသည်။ ခေါင်းဆောင်မှု စာအုပ်ပေါင်းများစွာ ရေးခဲ့ပြီး တစ်ကမ္ဘာလုံးက ခေါင်းဆောင်မှု ပညာတွင် နံပါတ် ၁ အဖြစ် သတ်မှတ်ခံ ရသူ စာရေးဆရာကြီး ဂျွန်ဆီမက်စ်ဝဲက “စကားပြောခြင်းဖြင့် ဘာကိုမှ သင်ယူ မရပါ။ နားထောင်ခြင်းကသာ သင်ယူ၍ ရပါသည်” ဟု ပြောခဲ့ပါသည်။
ရိုသေလေးစားထိုက်သည့်သူဖြစ် ရန် အပြောနှင့်အလုပ်ညီရန် အလွန် အရေးကြီးပါသည်။ ဤအချက်နှင့် ပတ်သက်၍ ယနေ့တိုင် ကမ္ဘာက လေးစားရသော အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ဖြစ်သူ မဟတ္တမဂန္ဒီ ကြီး၏အပြုအမူသည် အလွန်လေးစား အတုယူသင့်ပါသည်။ အဖြစ်အပျက်မှာ-
ကလေးမိခင် တစ်ဦးသည် ငါးနှစ် သားကလေးကို ဂန္ဒီကြီးထံ ခေါ်လာပြီး သူမ၏ သားငယ်သည် သကြားလုံးကို အလွန်အမင်းစား၍ ဆုံးမစကားပြော ပေးရန် မေတ္တာရပ်ခံပါသည်။ ဂန္ဒီကြီးက နှစ်ပတ်နေမှ ပြန်လာရန် ကလေးမိခင်ကို ပြောပါသည်။ နှစ်ပတ်နေသောအခါ ကလေးမိခင်သည် ကလေးနှင့်အတူ ပြန်ရောက်လာပါသည်။ ဂန္ဒီကြီးက “သကြားလုံး အလွန်အကျွံ စားလျှင် သွားပျက်စီးနိုင်ကြောင်း” ကလေးကို ပြောပါသည်။ ထိုအခါ ကလေးမိခင်က “ဒါလေးပြောဖို့ ကျွန်မကို နှစ်ပတ်ချိန်းဖို့ လိုသလား” ဟု မေးပါသည်။ ထိုအခါ ဂန္ဒီကြီးက “ငါကိုယ်တိုင်က သကြားလုံး ကြိုက်တယ်။ မင်းသားကို ဆုံးမဖို့ ငါ သကြားလုံးမစားဘဲ နှစ်ပတ်နေခဲ့ရ တယ်” ဟု ပြောပါသည်။
အလွန်လေးစားအတုယူသင့်သည့် အပြောနှင့်အလုပ်ညီသည့် အပြုအမူ ဖြစ် ပါသည်။ အပြောနှင့်အလုပ် ညီသည့် ခေါင်းဆောင်ကို လက်အောက်ငယ်သား များက ယုံကြည်ကြပြီး ရိုသေလေးစား ပါသည်။ ရိုသေလေးစားခြင်း ဆိုသည်မှာ လည်း ထိုင်ကန်တော့ခြင်းထက် ပိုပါ သည်။ မိမိထက် အသက်အားဖြင့် ကြီးသူ၊ ဂုဏ်အားဖြင့်ကြီးသူ၊ ကိုယ်ကျင့်တရား ပိုကောင်းသူများကို ရိုသေလေးစားခြင်း ဆိုသည်မှာ ကောင်းမွန်သည့် နေရာ ထိုင်ခင်းကို ပေးခြင်း၊ ကောင်းမွန်သည့် အစားအသောက်များကို လှူခြင်း၊ ကျွေး ခြင်း၊ ပြောဆိုဆက်ဆံသည့်အခါ လေးလေးစားစား ချိုချိုသာသာနှင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်း၊ ဂုဏ်ပုဒ်နှင့်အညီ ခေါ်ဝေါ်ပြောဆို ဆက်ဆံခြင်းတို့ ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ရိုသေလေးစား ထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာ တရားတော်နှင့်ကိုက်ညီပါသည်။ မင်္ဂလာ တရားတော်နှင့်အညီ ပြုမူနေထိုင်သူ သည် ချမ်းသာအောင်မြင်ခြင်း သုခကို ရပါမည်။
“မှတ်သားစရာ”
ဇာတ်တော်လာ ခါ၊ ဆင်၊ မျောက်ဥပမာ အတိုင်း အကောင်ငယ်သော်လည်း အသက်အရွယ်ကြီးသူ၊ ဂုဏ်အားဖြင့် ကြီးသူကို ရိုသေလေးစားရပါမည်။
ကိုးကား
၁။ ဇာတ်တော် ငါးရာ့ငါးဆယ်။
မာဏ၀ ပြုစုသည်။
၂။ သုတေသန သရုပ်ပြ
အဘိဓာန်။
အရှင်သြဘာသာဘိဝံသ။
၃။ ခေါင်းဆောင်တစ်ယောက်
အတွက် မရှိမဖြစ် လိုအပ်
သော အရည်အသွေး ၂၁ ခု။
ကျော်ကျော်လှိုင်။
- Log in to post comments