ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 
 
 
နေပြည်တော် ဇန်နဝါရီ ၃
 
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
 
တက်ရောက်
 
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီ တွဲဖက်အတွင်းရေးမှူး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကော်မတီဝင်ဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
အစီရင်ခံတင်ပြ
 
လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ရေး ကော်မတီအနေဖြင့် အကြံပြုချက်များ အကောင်အထည်ဖော်ရေးလုပ်ငန်း များကို သက်ဆိုင်ရာဌာနအလိုက် တာဝန်ယူလျက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် လုပ်ငန်းများ အဆင်ပြေအောင်မြင် ထိရောက်စေရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက် ခဲ့ရာ ယခု(၂၁)ကြိမ်မြောက် အစည်း အဝေးအထိ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ကော်မတီအနေဖြင့် လုပ်ငန်း ဆောင်ရွက်မှုများကို ပွင့်လင်း မြင်သာစွာ ပြည်သူသို့ အစီရင်ခံတင်ပြ လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၏ အရင်းခံသည် ဖွံ့ဖြိုးမှုနိမ့်ကျခြင်းနှင့် လူ့အဖွဲ့အစည်းများအကြား ကာလ ရှည်ကြာ စွဲမြဲနေသည့်နာကြည်းမှုများ၊ သံသယစိတ်များ၊ အမြင်လွဲမှားမှုများ ဖြစ်ကြောင်း။
 
ရရှိခံစားနေ
 
အဆိုပါပြဿနာများကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများနှင့် ကော်မတီအသီးသီးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများ အကောင် အထည် ဖော်ဆောင်ရွက်နေကြသည့် အတွက် တိုးတက်မှုများရရှိခဲ့ပါ ကြောင်း၊ ပြီးခဲ့သည့် အကြိမ်(၂၀)မြောက် အစည်းဝေးတွင် အကြံပြုချက်များ ထဲက ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများကို ဖော်ထုတ်ပြီး လုပ်ငန်း စီမံချက်များ ရေးဆွဲခဲ့ကြပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆိုပါ လုပ်ငန်း၏ကောင်းကျိုးကို ပြည်သူများက ရရှိခံစားနေကြရ ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိပါ က အောင်မြင်သည်ဟု မဆိုနိုင် ကြောင်း၊ ထို့ကြောင့် ကော်မတီဝင် ဝန်ကြီးဌာနများအနေဖြင့် အကြံပြု ချက် ကဏ္ဍအလိုက် စီမံချက်များရေးဆွဲဆောင်ရွက်ရာတွင် မြေပြင်တွင် အမှန်တကယ် ပြောင်းလဲတိုးတက်လာ ရေးအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိစွာဖြင့် ဆောင်ရွက်ပေးကြရန်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လည်း လက်တွေ့ဆောင်ရွက်နေကြ သော ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပိုမို အားစိုက်ဆောင်ရွက်ပေးရန် တိုက်တွန်း လိုပါကြောင်း။
 
ပိုမိုသဟဇာတဖြစ်
 
အကြံပြုချက်များ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်တိုးတက်မှုနှင့် အခက်အခဲစိန်ခေါ်မှုများ စသည့် မြေပြင်အခြေအနေမှန်များကို အချိန် နှင့် တစ်ပြေးညီ သိရှိဖြေရှင်းဆောင်ရွက် နိုင်စေရေးအတွက် ဌာနအလိုက် စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည် ခြုံငုံသုံးသပ်ခြင်း အဖွဲ့များဖွဲ့စည်းလျက် ဆောင်ရွက်သွားကြရန်နှင့် ကော်မတီ သို့ ဆောင်ရွက်မှုအခြေအနေများကို စဉ်ဆက်မပြတ်ပေးပို့ကြရန်လိုအပ်ပါကြောင်း၊ ပဋိပက္ခများကြောင့် လုပ်ငန်း များဆောင်ရွက်မှုများ နှောင့်နှေးခဲ့ရ သော်လည်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက် သွားကြရန် လိုပါကြောင်း၊ လူမှုအသိုင်း အဝိုင်းအကြား ညီညွတ်မှုရှိသည့်နေရာ များတွင် Friendly Bazar များ တည်ထောင်ပေးခြင်းကဲ့သို့သော လူမှု အသိုင်းအဝိုင်းအကြား ပိုမိုသဟဇာတ ဖြစ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြ ရမည်ဖြစ် ပါကြောင်း။
 
ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်ရသူများကိုလည်း လူဦးရေ စာရင်းအလိုက် ထောက်ပံ့ဆောင် ရွက်ပေးနေပါကြောင်း၊ ဆောင်ရွက်ဆဲ အရှိန်အဟုန် ရစပြုနေပြီဖြစ်သည့် မွေးစာရင်းထုတ်ပေးသည့် လုပ်ငန်း နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးနေမှု များကို ပိုမိုထိရောက်စွာဆောင်ရွက်ပေးကြရန် လိုပါကြောင်းနှင့် ဆောင်ရွက် ပေးနိုင်မှုများကို မှတ်တမ်းများ ပြုစု ထားရှိရန်ဖြစ်ကြောင်း၊ လူမှုသဟဇာတ ဖြစ်ရေးအတွက် စီမံချက်ဖြင့် လုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက် ရန် လိုအပ်ပါကြောင်း။
 
တိုက်တွန်းလို
 
လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူလက်တွဲ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ များကို ပါဝင်ဆောင်ရွက်လာရေး စည်းရုံးဆောင်ရွက်ကြရန် လိုပါ ကြောင်း၊ ကော်မတီ၏လုပ်ငန်း ဆောင်ရွက်မှုများကို ပြည်တွင်းမှာ သာမက ကမ္ဘာက သိရှိနိုင်စေရေး သတင်းများကို တိုတိုနှင့် ထိထိမိမိ ဖြန့်ဝေဆောင်ရွက်နိုင်စေရေးအတွက် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထိထိရောက်ရောက်သတင်း ဖြန့်ဝေနိုင်ရေးနည်းလမ်းများကို ရှာဖွေ ဖော်ထုတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက် ဆောင်ရွက်နိုင်ရေးအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ပေးသွားကြရန်တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
 
ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကော်မတီ၏ ဆောင်ရွက်မှု တိုးတက်မှုများကို ဆွေးနွေးရာတွင် နိုင်ငံသားစိစစ်ရေး နှင့် မွေးစာရင်းထုတ်ပေးရေးအတွက် ရွေ့လျားအဖွဲ့(Mobile Team)ဖြင့် စေလွှတ်ဆောင်ရွက် အောင်မြင်မှုများ၊ ပညာရေးကဏ္ဍတွင် ပညာသင်ဆုများ ပေးအပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေ အနေများနှင့် Medium Term Projects များနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(TWG)တွင် ဆွေးနွေး ဆောင်ရွက်ရေး စီစဉ်ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ သည်။
ထို့နောက် ကော်မတီတွဲဖက်အတွင်း ရေးမှူးနှင့် တက်ရောက်လာကြသော ကော်မတီဝင်များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ ကြပြီး တင်ပြချက်များအပေါ်ကော်မတီ ဥက္ကဋ္ဌက ညှိနှိုင်းဆွေးနွေးပြီးအစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
 
 
သတင်းစဉ်