ရခိုင်ပြည်နယ်၏ ‌ရေချိုပုစွန်ထုပ်ကြီး စမ်းသပ်သားဖောက်အောင်မြင်မှုမှသည်...

Type
1

 

 မြင့်မြတ်သစ္စာ
 

ရခိုင်ပြည်နယ်သည် ရှည်လျားသည့်ပင်လယ်ကမ်းရိုးတန်းနှင့် မြင့်မားသည့်ရခိုင်ရိုးမတောင်စွယ်၊ တောင်တန်းတို့ကြောင့် ဒီရေရောက်တောများ၊ ဒီရေအတက် အကျရှိသည့် ရေငန်မြစ်နှင့်ချောင်းများ၊ ရေချို/ ရေငန်စပ်ဧရိယာများ၊ ရေချိုချောင်းများ ပေါများစွာ တည်ရှိရာဒေသတစ်ခုဖြစ်သည်။ ရေငန်မြစ်နှင့် ချောင်းများ၊ ရေချို/ ရေငန်စပ်ဧရိယာများစွာ တည်ရှိသောကြောင့် ရေချို/ ရေငန် ငါး၊ ပုစွန်မျိုးစိတ်ပေါင်းများစွာ နေရာဒေသအလိုက် ပေါများစွာ ရှင်သန်ပေါက်ပွားလျက်ရှိသည်။

 


ထို‌ဒေသ၌ ရှင်သန်ပေါက်ပွားလျက်ရှိသည့် ငါး၊ ပုစွန်၊ ကဏန်းမျိုးစိတ်ပေါင်းများစွာတို့တွင် ရေငန် ပုစွန်ကျား (Penaeus Monodon Tiger Shrimp)မျိုးစိတ်တစ်ခုတည်းကိုသာ အဓိကထား သားဖောက် မွေးမြူထုတ်လုပ်ခြင်းနှင့်   တစ်ပိုင်တစ်နိုင်  ရေချိုငါး မွေးမြူခြင်းလုပ်ငန်း   အနည်းငယ်ရှိသည်မှအပ ရေချို/ ရေငန်ငါးပုစွန်ထုတ်လုပ်ရာ၌ ပင်လယ်ပြင် နှင့်သဘာဝရေပြင်ကိုသာ အဓိကထား၍   ဖမ်းဆီး လုပ်ကိုင်ခဲ့ကြသည်။

 


ရလဒ်ကောင်းများ


ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနပိုင် စခန်း တို့တွင်    ရေငန်ပုစွန်ကျားတစ်မျိုးတည်းကိုသာ သားဖောက်ထုတ်လုပ်ခဲ့ပြီး    ရေချိုငါးသားပေါက်များ ကို   ဒေသတွင်း၌    ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့သည်။  ရခိုင်ပြည်နယ်တွင် ငါး၊ ပုစွန်၊ ကဏန်းတို့ကို  ဒေသခံ တို့ကနည်းမျိုးစုံဖြင့်   အလွန်အကျွံ   ဖမ်းဆီးခဲ့မှုတို့ ကြောင့်  ရေသတ္တဝါမျိုးစိတ်များ   မျိုးသုဉ်းရှားပါး လာမှုကို   ရင်ဆိုင်လာရလျက်ရှိရာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်မှုနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏အနီးကပ်ကြီးကြပ်မှုဖြင့် ငါး/ ပုစွန် မွေးမြူရေးလုပ်ငန်းဘက်စုံဖွံ့ဖြိုးရေးနှင့် ရေချို/ ရေငန်မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး ကို   အရှိန်အဟုန်ဖြင့်   ဆောင်ရွက်ခဲ့သည်။   ရခိုင် ပြည်နယ်၏ မြစ်၊   ချောင်းများအတွင်း၌    ပြည်ပ ဈေးကွက်ဝင်  ဒေသမျိုးရင်း   ရေချိုပုစွန်ထုပ်ကြီး များကို စမ်းသပ်သားဖောက်မွေးမြူခြင်းလုပ်ငန်း အောင်မြင်မှုရရှိခဲ့ရာ       မွေးမြူရေးကဏ္ဍအတွက် သာမက နိုင်ငံ၏ ရေထွက်ကုန်ပြည်ပတင်ပို့မှု ဖွံ့ဖြိုး ရေးအတွက် တန်ဖိုးဖြတ်၍မရသော ရလဒ်ကောင်း များကို ရရှိခဲ့သည်။

 


  အားရဂုဏ်ယူဖွယ်


ရေချိုပုစွန်ထုပ်ကြီး (Macrobrachium rosen bergii)(Giant Tiger Prawn)မွေးမြူမှုအားကောင်း သော ဧရာဝတီတိုင်းဒေသကြီး၊    ရန်ကုန်တိုင်းဒေသ ကြီးနှင့်   မွန်ပြည်နယ်တို့တွင်    ပြည်တွင်းမျိုးစိတ် ရှားပါးလာမှုကြောင့်   ပြည်ပနိုင်ငံတို့မှ   မျိုးစိတ်များ တင်သွင်း၍   သားဖောက်မွေးမြူခဲ့ရာ    ပြည်တွင်း မျိုးစိတ်နှင့် ပြည်ပမျိုးစိတ် ရောနှောသွားသည့်အတွက် မျိုးမှန်သောဒေသမျိုးစိတ် ဖြစ်တည်မှုလျော့နည်း၍ ကြီးထွားမှုနှုန်း   ကျဆင်းလာခြင်းဖြင့်  ပြည်တွင်း မျိုးစိတ်များရှားပါးလာမှုကို ရင်ဆိုင်ခဲ့ရသည်။ ရခိုင် ပြည်နယ်သည်    ရေထွက်ကုန်အများဆုံး    ရှင်သန် ပေါက်ပွားရာဒေသတစ်ခုအဖြစ်      ပိုင်ဆိုင်ထားရာ မြန်မာနိုင်ငံ၏     သားငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။   သို့ရာတွင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊    ပင်လယ်ပြင်နှင့် ထိစပ်နေသည့်   မြစ်၊   ချောင်းများ၌ ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေသယံဇာတထွက်ရှိမှု ကျဆင်းလာမှု ကြောင့်  နိုင်ငံ၏  အခြေခံစားသောက်ကုန်ဖြစ်သော ငါး၊ ပုစွန်များ   ဆက်လက်မွေးမြူထုတ်လုပ်နိုင်ရန် ရေချိုပုစွန်သားဖောက်ခြင်းလုပ်ငန်းကို    ငါးလုပ်ငန်း ဦးစီးဌာနမှ    ပညာရှင်တို့၏     စွမ်းဆောင်မှုဖြင့် စမ်းသပ်သားဖောက်ခဲ့ခြင်းဖြစ်သည်။  

 

  
ဒေသမျိုးရင်းဖြစ်သော     ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်  ကုလားတန်မြစ်အတွင်း ရှင်သန်ကျက်စားလျက်ရှိသည့်     အရောင်အဆင်း လှပပြီး   အရသာကောင်းမွန်သော  အရွယ်အစား ကြီးသည့် ‌   ရေချိုပုစွန်ထုပ်သည်    ပြည်ပဈေးကွက် ဝင်သည့်အတွက်   ရခိုင်ပြည်နယ်     ငါးလုပ်ငန်းဦးစီး ဌာနအနေဖြင့်   ကန်များတူးဖော်ကာ   သားဖောက် စခန်းမှ        ပုစွန်သားပေါက်များကို      ထုတ်လုပ် မွေးမြူလျက်ရှိသည်မှာ       အနာဂတ်ရေချိုပုစွန် ထွက်ကုန်ဖွံ့ဖြိုးရေးအတွက်  အားရဂုဏ်ယူဖွယ် ပင်ဖြစ်သည်။

 


အကျိုးဖြစ်ထွန်း


ရခိုင်ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်းတို့တွင် ပြည်ပမျိုးစိတ်    ရောနှောမှုမရှိသေးဘဲ    မျိုးစိတ် မှန်သော ဒေသမျိုးရင်း ရေချိုပုစွန်ထုပ်ကြီးများကို လွန်ကျွံစွာဖမ်းဆီးမှုကြောင့်       မျိုးသုဉ်းရှားပါးလာ သည့် အန္တရာယ်မှကာကွယ်ရန်၊   မျိုးရောနှောမှုများ မဖြစ်ပေါ်စေရန်       ဒေသရင်းမျိုးစိတ်တစ်ခုကို    ချဲ့ထွင်မွေးမြူထုတ်လုပ်ခြင်းဖြင့်     ရခိုင်ပြည်နယ်၏    ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍ        ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေလျက်ရှိသည်။      ထို့အပြင် ရေချိုပုစွန်ထုပ်ကို    ဒေသခံမွေးမြူရေးတောင်သူတို့ တိုးချဲ့မွေးမြူခြင်းသည် ယင်းတို့၏ လူမှုစီးပွားများဖွံ့ဖြိုးတိုးတက်စေပြီး    မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မှုသည်  ဒေသခံတို့၏    အလုပ်အကိုင် အခွင့်အလမ်းကို အကျိုးဖြစ်ထွန်းစေလျက်ရှိသည်။

 


အောင်မြင်မှုရရှိခဲ့


ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်၊ ချောင်းပေါများ သော   ရခိုင်ပြည်နယ်တွင်   ဒေသမျိုးရင်း    ရေချို ပုစွန်ထုပ်များ သားဖောက်စမ်းသပ်မွေးမြူခြင်းဖြင့် ထိုဒေသတွင်  ရေချိုပုစွန်ထုပ်ကြီးမျိုးစိတ်    ရှားပါး လာမှုနှင့် မျိုးစိတ်များရောနှောလာမှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်၊    ရခိုင်ပြည်နယ်၏    ရေငန်ပုစွန် မွေးမြူမှုနှင့်အတူ    ရေချိုပုစွန်ကို     မွေးမြူထုတ် လုပ်ခြင်းဖြင့် ထိုဒေသ၏ ရေထွက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့်   ဒေသခံတို့၏  လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်ရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် ဒေသမျိုးစိတ်ဖြစ်သော ရေချိုပုစွန်ထုပ်ကို   စမ်းသပ် သားဖောက်ခဲ့ခြင်းဖြစ်သည်။      ရခိုင်ပြည်နယ်တွင် ရေချိုပုစွန်ထုပ်ကြီးမျိုးကို        စမ်းသပ်မွေးမြူ သားဖောက်ရာတွင်        ရေချိုပုစွန်သားပေါက်များ ထုတ်လုပ်နိုင်ရန်     ပဏာမရည်မှန်းချက်ထားရှိပြီး ကျောက်ဖြူမြို့   ရေငန်ပုစွန်သားပေါက်စခန်းတွင် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်မှ ဩဂုတ် ၁၀ ရက်အထိ စမ်းသပ်မွေးမြူသားဖောက် ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီဖြစ်သည်။ 

 


သားဖောက်ခြင်းအဆင့်ဆင့်


ရေချိုပုစွန်ထုပ်သားဖောက်ရာတွင်      အပူချိန် ကွာခြားချက်  ၁   ဒီဂရီစင်တီဂရိတ်ထက်   မပိုရန် နေ့စဉ်အပူချိန်တိုင်းတာခြင်း၊       ရေ၏အရောင် ကြည်လင်မှု   ရှိ  မရှိနှင့်  အနံ့အသက်   ရှိ မရှိ စစ်ဆေးခြင်း၊ ရေ၏ ရူပ/ဓာတု  အရည်အသွေးတို့ ကိုစစ်ဆေးခြင်း(PH, Salinity, NH3, NO3, D. O)၊ ပြုစုကန်အတွင်းကျွေးမွေးထားသော     ဖြည့်စွက် အစာနှင့် Artemia များ လက်ကျန် ရှိ မရှိ စစ်ဆေး ခြင်း၊    သားလောင်း၏အစာစားမှု၊    လှုပ်ရှားမှု၊ အရောင်အဆင်း၊  အစာလမ်းကြောင်း (Get)တွင် အစာ ရှိ မရှိ စစ်ဆေးခြင်း၊ သားလောင်းများ  အရေ လဲခြင်း(Molting) ရှိ မရှိနှင့် ကန်ရေမျက်နှာပြင်၌ အရေခွံများ  ရှိ မရှိ  စစ်‌ဆေးခြင်း၊ အစာကျွေးစဉ် သားလောင်းများ  အစာစား/   မစားကို တစ်ကောင် ချင်း  ဂရုစိုက်ကြည့်ရှုစစ်ဆေးခြင်း၊ အစာကျွေးရာ တွင်  လေပိတ်၍ကျွေးရာ၌   ၅ မိနစ်ခန့်အကြာ လေကိုဖြည်းညင်းစွာပြန်ဖွင့်ခြင်း၊  သား‌လောင်းကို နှစ်ရက်သားမှစတင်၍ Artemia Live ကို   စတင် ကျွေးမွေးပြီး ထိုသို့ကျွေးမွေးနိုင်ရန် တစ်ရက်ကြိုတင်၍ သားဖောက်ထားခြင်း၊    သားလောင်းကို   ၄-  ၅ ရက်သားမှစတင်၍ ဖြည့်စွက်အစာ(Egg Custard) ကိုတစ်ရက်လျှင်  လေးကြိမ်မှ  ခြောက်ကြိမ်အထိ ကျွေးခြင်း၊ အစာကျွေးရာ၌  အစာထည့်သွင်းမှုမများ စေရန်    ချင့်ချိန်၍  ကျွေးရခြင်း၊   ကန်အတွင်း၌ ဖြည့်စွက်အစာများ ကျန်ရှိခြင်း  ရှိ မရှိ ပုံမှန်စစ်ဆေး ရမည်ဖြစ်ပြီး    ကျန်ရှိပါက     အစာကျန်များကို  Siphon နည်းဖြင့်  မနက်တစ်ကြိမ်၊  ညတစ်ကြိမ် စုပ်ထုတ်ခြင်း၊ ကန်ရေအခြေအနေနှင့်  သားလောင်း များ၏    ကျန်းမာရေးအခြေအနေပေါ်   မူတည်၍     ကန်ရေလဲလှယ်မှုကို  ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း အထိ    လဲလှယ်ပြီး လိုအပ်ပါက အားဆေး၊‌‌ ရောဂါ ကာကွယ်ဆေးနှင့် ပိုးသတ်ဆေးများ ထည့်သွင်းခြင်း ဖြင့် ရေချိုပုစွန်ထုပ်သားဖောက်ခြင်းလုပ်ငန်းကို အဆင့်ဆင့်    လုပ်ကိုင်လျက်ရှိသည်။

 


  အနည်စုပ်ထုတ်ခြင်းနှင့် ရေလဲလှယ်ခြင်း


သားလောင်းပြုစုကန်အတွင်း၌  သားလောင်း များမှစွန့်ပစ်သော  အညစ်အကြေးနှင့်    အစာကြွင်း အစာကျန်များ၊ အရေခွံလဲထားသော အခွံများကို အနည်စုပ်ပိုက်ဖြင့်    နေ့စဉ်အနည်းဆုံး   တစ်ကြိမ် ‌ရေစုပ်လဲလှယ်‌လေ့ရှိသည်။ ရေထုတ်စဉ်အချိန်၌ လေကိုပိတ်ထားစဉ်သားလောင်းများ ရေမျက်နှာပြင် ပေါ်သို့  တက်လာလေ့ရှိရာ  ထိုအခါ Siphon Pipe ဖြင့်အောက်ခြေကြမ်းပြင်အနှံ့  အနည်စုပ်၍ သန့်စင် ပေးသည်။ ထိုသို့  အနည်စုပ်စဉ်   ပုစွန်သားလောင်း များမလာနိုင်သဖြင့် ရေလျော့သွားသော နေရာနှင့် ကန်နံရံများကို KMNo4   (သို့မဟုတ်)    Formalin စိမ်ထားသော အဝတ်စနှင့်ပွတ်၍ ဆေးကြောသည်။ ယင်းသို့ဆေးကြောရာ၌ ဆေးကြောထားသောရေ များ   ကန်အတွင်းသို့မကျရန်     ဂရုစိုက်လျက် လျော့သွားသောရေကို   ပြန်လည်ဖြည့်ပေးသည်။ ညနေပိုင်းတွင် သား‌လောင်းများကို  အစာကျွေးပြီး အစာကျန်များမရှိစေရန် Siphon ဖြင့် ထိုးပေးသည်။ ကန်အတွင်းမှအနည်များစုပ်ထုတ်ရာတွင် လေကို မိနစ် ၃၀ ထက်ပို၍ ပိတ်ထားခြင်းမရှိဘဲ လုပ်ဆောင် လေ့ရှိရာ ကန်ရေတွင် Ammonia, Nitrite မြင့်တက် လာပါက နံနက်ပိုင်း၌ အရေးပေါ်  ရေလဲပေးလေ့ ရှိသည်။ ထိုသို့လုပ်ဆောင်မှုဖြင့်  ကန်အခြေအနေ ပြောင်းလဲမှုမရှိပါက  နေ့လယ်ပိုင်းတွင်   ရေကို  ၂၀   ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ ထပ်မံလဲလှယ်ပေးလေ့ ရှိသည်။

 


ရေချိုပုစွန်အဖြစ်ကျင့်ယူ


သားလောင်းပြုစုကန်၌ ၂၁ ရက်တွင်ဖြစ်စေ၊ ၂၃ ရက်ခန့်တွင်ဖြစ်စေ သား‌ပေါက်အနည်းငယ်ကို စတင်တွေ့ရှိရတတ်ပြီး ရက်ပေါင်း ၂၀ မှ ၃၅ ရက် အတွင်း သားပေါက် ၉၀ ရာခိုင်နှုန်းခန့်အထိ‌  တွေ့ရှိ ရတတ်သည်။    သားပေါက်များကို‌   တွေ့ရှိပါက ၁၀၀၀၀ မိုက်ခရွန်ဆန်ခါဖြင့် ဖမ်းယူ၍  သားပေါက် နှင့် သား‌လောင်းကို ခွဲခြားလေ့ရှိသည်။  ထိုသို့ မခွဲ ပါက အကောင်များသောအုပ်စုက     အကောင်နည်း သောအုပ်စုကို         ပြန်စားတတ်သည့်အတွက်  သား‌ပေါက်ထွက်နှုန်း   ကျဆင်းတတ်သောကြောင့် ဖြစ်သည်။ သားပေါက်ကန်အတွင်း‌ရေငန်ကို ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချ၍ ရေချိုကို အဆိုပါ ရာခိုင်နှုန်းအတိုင်း  ပြန်ထည့်ကာ ရေငန်နှုန်း ကို   လျှော့ချပေးသည်။ ထိုသို့‌ နေ့စဉ်လုပ်ဆောင်မှုဖြင့်  ရေငန်နှုန်း        သုညအဆင့်မှ    ရေချိုအဆင့်သို့ ရောက်ရှိသည်အထိ ရေချိုပုစွန်အဖြစ် ကျင့်သားရရန် ကျင့်ယူလေ့ရှိသည်။

 


 ဖမ်းဆီး၊ ထုပ်ပိုး၊ ဖြန့်ဖြူးခြင်း


ပုစွန်သားပေါက်များ  ရေချိုတွင်ကျင့်သားရသော အချိန်၌ မွေးကန်များသို့ ဖြန့်ဖြူးခြင်း၊ သဘာဝ ရေပြင်တို့တွင်   မျိုးစိုက်ထည့်ခြင်းကို    ဆောင်ရွက် နိုင်ပြီဖြစ်သည်။    သားပေါက်များကို   ဖမ်းဆီးရန် ပြုစုကန်အတွင်းရှိရေများကို ၈၀ မှ ၉၀   ရာခိုင်နှုန်း အထိလျှော့ချ၍  ၁၀၀၀  မိုက်ခရွန်ဆန်ခါ (Scoop Net) ဖြင့် ကန်အတွင်းဆင်းကာ     ဖြည်းညင်းစွာ    ခပ်ယူသည်။ ဖမ်းဆီးရမိသော သားပေါက်များကို ၅၀၀  လီတာဆံ့   ကန်တစ်ခုအတွင်း  ထည့်ပြီး ပို့ဆောင်ရမည့်ခရီးအကွာအဝေးပေါ်   မူတည်၍ ရေချိုပုစွန်သားပေါက်များကို  ထုပ်ပိုးလေ့ရှိသည်။

 


     ထိုသို့ ထုပ်ပိုးရာ၌ ၁၈ လက်မ၊ ၃၀ လက်မအရွယ် ပလတ်စတစ်အိတ်အတွင်း   ရေကို   သုံးပုံတစ်ပုံခန့် ဖြည့်၍ အောက်ဆီဂျင်ဖြည့်သွင်းကာ သားပေါက်များ ကို  ထုပ်ပိုးလေ့ရှိသည်။  သားပေါက်များ  ဖြန့်ဖြူး မည့် ခရီးအကွာအဝေးပေါ် မူတည်၍ ဖော့ဘူးအတွင်း ရှိ   သားပေါက်အိတ်နံဘေး၌   ရေခဲထုပ်ငယ်များ ထည့်သွင်း၍ အပူချိန်(၂၂-၂၅)ဒီဂရီစင်တီဂရိတ်ထိ လျှော့ချကာ သယ်ယူလေ့ရှိသည်။ ထိုသို့ လုပ်ဆောင် ခြင်းသည် ဒဏ်ပိခြင်း(Stress)နည်းပြီး ရှင်သန်နှုန်း ကောင်းမွန်သောကြောင့် ဖြစ်သည်။

 


သားပေါက်များလွှတ်မည့် မွေးမြူကန်ဖြစ်စေ၊ သဘာဝရေပြင်တွင်ဖြစ်စေ  အဆိုပါသားပေါက်အိတ် များကို ရေပြင်၌ နာရီဝက်ခန့် စိမ်ထားပြီးနောက် အိတ်ကိုဖွင့်ကာ    ကန်ရေကို     ဖြည်းဖြည်းချင်း ဖြည့်သွင်း၍ ရေကျင့်ပေးပြီးနောက် သားပေါက်အိတ် အတွင်း ရေပြည့်သွားပါက ပုစွန်သားပေါက်များကို ဖြည်းညင်းစွာရေပြင်အတွင်း လွှတ်ပေးလေ့ရှိသည်။
နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိ
ရခိုင်ပြည်နယ်တွင် ရေချိုပုစွန်ထုပ်ကြီး စမ်းသပ် သားဖောက်ရာ၌ ‌ရေချိုပုစွန်သားပေါက်ကောင်ရေ ၁ ဒသမ ၂ သိန်း ထွက်ရှိခဲ့ပြီး သား‌ပေါက်ငါးသောင်း ကိုရောင်းချ၍  ကျန်သားပေါက် ခုနစ်သောင်းအား ရေချိုကန်နှင့် ပုစွန်ကန်အချို့တွင်  လွှတ်ပေးခဲ့ကြ သည်။  ကနဦး   စမ်းသပ်သားဖောက်ခြင်းဖြစ်သည့် အတွက် အခက်အခဲများရှိသော်လည်း အတွေ့အကြုံ များကို သင်ခန်းစာယူကာ  ရေချိုပုစွန် သားဖောက် မွေးမြူခြင်းလုပ်ငန်း         ပိုမိုအောင်မြင်မှုရရှိရန်    ကြိုးပမ်းဆောင်ရွက်မှုသည်    ရေထွက်ကုန်ဖွံ့ဖြိုး တိုးတက်မှုဖြင့် နိုင်ငံခြားဝင်ငွေကို တိုးမြှင့်ရရှိစေမည် ဖြစ်သည်။    

                   
အရှိန်မပြတ်


ရခိုင်ပြည်နယ်ရှိ  ရေငန်ပုစွန်သားဖောက်စခန်း များအနေဖြင့် အဓိကသားဖောက်ထုတ်လုပ်သည့် ရေငန်ပုစွန်    သားဖောက်ရာသီကာလပြီးဆုံးသည့် ဧပြီလတွင်   ရေချိုပုစွန်ထုပ်ကြီးကို   သားဖောက် ထုတ်လုပ်ခြင်းဖြင့် ကြားကာလ၌ အလုပ်ပြတ်လပ်မှု မရှိဘဲ နည်းပညာစွမ်းဆောင်မှုကို    မြှင့်တင်ပေးနိုင် ပြီး  သားဖောက်ထုတ်လုပ်မှု ပိုမိုအောင်မြင်ခြင်းဖြင့် ဌာနအနေဖြင့် ဝင်ငွေကို ပိုမိုရှာဖွေနိုင်မည်ဖြစ်သည်။ ပြည်တွင်းမျိုးနှင့်    ပြည်ပမျိုး    ရောနှောနေချိန်၌ ရခိုင်ပြည်နယ်၏  သဘာဝမြစ်၊  ချောင်းမှ ရရှိသည့် ရေချိုပုစွန်များ မျိုးရောနှောမှုနှင့် မျိုးသုဉ်းရှားပါးမှု မရှိစေရန် ထိန်းသိမ်းနိုင်သည်။ သားပေါက် များအား ‌ သီးသန့်ကန်ဖြင့်   မွေးမြူသောအဆင့်သို့ မလုပ်ဆောင်မီကြားကာလ၌  ရေချိုရရှိသည့်ကန် အချို့နှင့်  စပါးကွင်းများတွင်   ထည့်သွင်းမွေးမြူ စေခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးတောင်သူတို့၏ လူမှု စီးပွားတိုးတက်မှုကို ရရှိစေမည်ဖြစ်သည်။  ရခိုင် ပြည်နယ်တွင် ရေငန်ပုစွန် သားဖောက်လုပ်ငန်းအပြင် ရေချိုပုစွန်ထုပ်သားဖောက်လုပ်ငန်းကို   လာမည့် သားဖောက်ရာသီကာလ၌ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည်   ရခိုင်ပြည်နယ်၏  ရေချို/ ရေငန်ပုစွန်     မွေးမြူသားဖောက်ခြင်းလုပ်ငန်း အတွက် အရှိန်မပြတ်အောင်မြင်မှုကို   ဆက်လက် ရရှိနေမည်ဖြစ်သည်။

 


အလားအလာကောင်းများ


မြန်မာနိုင်ငံသည်  တောင်ပေါ်ဒေသ၊   မြေပြန့် ဒေသနှင့် ရှည်လျားသော ကမ်းရိုးတန်းကို   ပိုင်ဆိုင် ထားသော    နိုင်ငံဖြစ်သောကြောင့်      သယံဇာတ ပေါကြွယ်ဝသည့်အပြင် ရေသယံဇာတကို ထုတ်ယူ သုံးစွဲနိုင်သော   နိုင်ငံလည်းဖြစ်သည်။    ပြည်တွင်း စားသုံးမှုဖူလုံရုံသာမက       ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရှာဖွေနိုင်သော တိုင်းပြည်ဖြစ်သည်။ ‌ရေထွက်ကုန်ဈေးကွက်ရရှိထား‌သော    ဒေသတွင်း နိုင်ငံတို့ထက်  အားသာချက်များစွာ  ရရှိထားသည့် အတွက်  နည်းပညာဖြည့်စွက်မှုဖြင့်  ထုပ်ပိုးခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်း      ဆောင်ရွက်နိုင်မှုသည် တစ်ချိန်တွင် အရှေ့တောင်အာရှ၌ မြန်မာနိုင်ငံသည် ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ စံချိန်တင်ရရှိသောနိုင်ငံတစ်ခုအဖြစ်   အလားအလာကောင်း များစွာ စောင့်ကြိုလျက်ရှိသည်။   မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အပါအဝင်  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ ရေချိုငါး၊   ပုစွန်မွေးမြူရေးကန် များမှ   ရေထွက်ကုန်များ   နှစ်စဉ်ထွက်ရှိလျက် ရှိသည်။ 

 


လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေ


မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ သောတိုင်းပြည်ဖြစ်သည်နှင့်အညီ   စပါးနှင့်   သား ငါးရိက္ခာကဏ္ဍသည် နိုင်ငံ၏အဓိက အခြေခံအစား အစာပင်ဖြစ်သည်။ သန်း ၅၀ ကျော် ပြည်သူတို့၏ အာဟာရပြည့်ဝရေးနှင့် စားနပ်ရိက္ခာ   ဖူလုံရေး အတွက် ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ရေးသည် အဓိက အခန်းကဏ္ဍတွင်    ရပ်တည်လျက်ရှိသည်။   ရခိုင် ပြည်နယ်တွင် ဒေသမျိုးရင်း ရေချိုပုစွန်ထုပ်ကြီး စမ်းသပ်သားဖောက်အောင်မြင်ခဲ့မှုသည်    လာမည့် သားဖောက်ရာသီ၌ သားပေါက်များ  ပိုမိုထုတ်လုပ် နိုင်ခြင်းဖြင့်   မွေးမြူရေးကဏ္ဍအတွက်  အထောက် အပံ့ကောင်းများရရှိစေမည်   ဖြစ်သည်။   ထို့အပြင် ရခိုင်ပြည်နယ်မွေးမြူရေးတောင်သူတို့ လိုအပ်သော ရေငန်ကကတစ်(ငါးသားတစ်)   သားဖောက်ထုတ် လုပ်ခြင်းနှင့် ရွှံ့ကဏန်းသားဖောက်ထုတ်လုပ်ခြင်း တို့သည် ရခိုင်ပြည်နယ်၏‌ ရေသယံဇာတ လျော့နည်း လာမှုကို ကာကွယ်နိုင်မည့်အပြင် ဒေသခံတို့၏ လူမှု စီးပွားများ   ဖွံ့ဖြိုးတိုးတက်မှုကို  အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။ 

 


အောင်မြင်မှု အသီးအပွင့်များ


ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ရေချိုပုစွန်ထုပ် စမ်းသပ်သားဖောက်အောင်မြင်မှုသည်  ထိုဒေသ၏ ရေထွက်ကုန်ထုတ်လုပ်မှုအတွက်  တွန်းအားတစ်ရပ် ဖြစ်ပေါ်စေသည့်အပြင်   ဈေးကွက်ဝင် ရေချိုပုစွန် တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ နှစ်စဉ်ရရှိစေသောကြောင့် အဆိုပါ    ရေချိုပုစွန်ထုပ်ကြီး   စမ်းသပ်သားဖောက် အောင်မြင်မှုသည် နိုင်ငံ၏မွေးမြူရေးကဏ္ဍအတွက် တန်ဖိုးဖြတ်၍မရသော   အောင်မြင်မှုအသီးအပွင့် များကို ရရှိပိုင်ဆိုင်ခြင်းသာဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။      ။